Letter to MoeMaKa

Nay Myo Zin free again – on his own words


ကိုနေမျိုးဇင် မေလ ၁၇ က ထပ်မံလွတ်မြောက်ခဲ့ပုံ ကိုယ်တိုင်ရေးသားချက်
သူ့ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်။ မေ ၁၈၊ ၂၀၁၃

မတ်လ ၂ ရက်နေ့ ပန်းတနော် တရားရုံးက နေ ပုဒ်မ ၅၀၀ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကြည်ညို ပျက်စေမှု မှာ အပြစ်ရှိတယ် ဆိုပြီး ဒါဏ်ငွေ နှစ်သောင်း ဆောင်ရန် သို့မဟုတ်ပါက ထောင် ဒါဏ် သုံးလ ကျခံစေရန် ဆိုပြီး အမိန့်ချစဉ်က ကျနော် ဒါဏ်ငွေ နှစ်သောင်း ဆောင်လိုက်ရင် အေးဆေး ပြသနာ ပြေလည်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်က အခု ပြသနာကို ပေါ့ပေါ့ မဟုတ်ဘူး ၊ တစုံ တဦးက နောက်ကွယ်က နေ ထိန်းချုပ်စေခိုင်းတာ ရှိမယ်။ ပြီးတော့ ဧရာဝတီတိုင်းတွင်းမှာ ကျနော်တို့ အဖွဲ့ရဲ့ လုပ်ဆောင်ချက်အပေါ်ကို မြင်ပြင်းကတ် နေတဲ့ လုပ်ငန်းရှင်ကြီးတွေ အာဏာရှိသူတွေ ရှိနေတယ်။ ဒီအချိန်မှာ အခုလို တရားစွဲခံထိပြီး အမိန့်ချခြင်းရဲ့ နောက်ကွယ်မှာ တခုခုတော့ မြုပ်ကွက် ရှိရမယ်ဆိုပြီး ထောင်ဒါဏ်သုံးလ ကို တမင်တကာ ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။

ထင်တဲ့ အတိုင်းပါပဲ။  ထောင်ထဲ ရောက်ပြီး ငါးရက် အကြာမှာ အပြင်က ပန်းတနော် တောင်သူဦးကြီးတွေက ကျနော့် အတွက် ဒါဏ်ငွေ နှစ်သောင်းကျပ်ကို ကိုယ်စား သွားဆောင်ပေးပြီး ပြည်သူ့ ဘက်တော်သား ထောင်ကျ အကျဉ်းသားကြီးအတွက် ထောင်လွတ် ၀ါးရမ်းကို ပို့ပေးစေခဲ့တယ်။ ထောင်ရှေ့ ( မအူပင် ထောင်ရှေ့) မှာ လူတွေ ရာနဲ့ချီပြီး ကျနော့်ကို လာကြိုဆိုကြတယ်။ 
 
အဲဒီ အချိန်မှာပဲ ချိန်သားကိုက်စွာနဲ့ ကျနော့်ကို ထောင် နောက်ထယ် ခြောက်နှစ်နဲ့ ဆယ်လ ချမှတ်တဲ့ အမိန့်စာ ကို ခရိုင် အုပ်ချုပ်ရေးမှူးက လာဖတ်ပြပါတယ်။ ( အခုထိ အဲဒီ အမိန့်စာကို တောင်းယူ ရရှိခြင်း မရှိသေးပါဘူး။ ဖတ်ပြတာကိုပဲ နားထောင်ရတာပါ။ စာရွက်ကို မမြင်ဖူးလိုက်ပါဘူး၊ ရှေ့နေနဲ့ တရားဝင် တောင်းဆိုတော့လည်း ဟိုရုံးလိုလို ဒီရုံးလိုလိုနဲ့ အခုထိ အဲဒီ အမိန့်စာ ဘယ်သူ့ဆီ တောင်းရမယ်မှန်း မသိသေးပါဘူး )
 
ကျနော်က ကြိုတွက်ဆ ထားပြီးသားဖြစ်လို့ မတုန်လှုပ်ပါဘူး။ ဒီလိုမျိုးဖြစ်လာနိုင်တယ် ဆိုတာကို ပန်းတနော် တရားရုံး ကထဲက ကြိုတွေးထားပြီးသားဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်လက်ရှိ အခြေအနေနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် သက်ဆိုင်ရာ တာဝန် ရှိသူတွေ ဘယ်လို ဘယ်လောက် ဘာတွေ ကို တန်ဖိုးထား လုပ်ဆောင်နေသလဲ သိလိုတာလဲ ပါပါတယ်။

 
ပန်းတနော် ဒေသမှာ ရဲတပ်ဖွဲ့တွေ လာဘ်စား မစား ပြည်သူလူထုတွေ သိပါတယ်။ ဒေသ ခံ ရဲ အဖွဲ့တွေ ဘယ်လောက် လူထု ရဲ့ ယုံကြည်ကိုးစားမှု ရတယ် မရဘူး ဆိုတာလည်း လူထုက ကောင်းကောင်းသိပါတယ်။
ဒီလို အချိန်မှာ အကျင့်ပျက် ရဲဝန်ထမ်းတွေရဲ့ အနိုင်ကျင့် ဖိစီးနှီပ်စက်မှုကို ကြောက်ရွံ့စိုးထိတ်စရာ မလိုတော့ဘူး ခေတ်ပြောင်းသွားပြီလို့ လူထုကို ကျနော် ပြောခဲ့ပါတယ်။ ဒီပြောဆိုချက်ကို ရဲတပ်ဖွဲ့ က သူတို့ကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲပြီး အခုလို တရားစွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒါကိုလည်း တရားရုံးတော်က ဖြစ်နိုင်မဖြစ်နိုင် စုံစမ်း မေးမြန်းခြင်း မပြုပဲ ရဲဘက်က တင်သွင်းလာတဲ့ သက်သေ တွေ တပုံစံတည်း ထွက်ဆိုသမျှကို အတည်ယူပြီး အပြစ်ရှိကြောင်း အမိန့်ချ လိုက်ပါတယ်။ ဒါ ယနေ့ မြန်မာ့ တရားစီရင်ရေး စနစ်ရဲ့ ပြယုဂ်ဖြစ်ပါတယ်။
 
ဖြစ်ခဲ့ပြီးတာတွေကို ရေ မနူးတော့ပါဘူး။ လက်ရှိဖြစ်နေတာတွေ အတွက်ပဲ အကောင်းမြင်ချင်ပါတယ်။
ကျနော့်ကို ချွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့် ပေးခဲ့သော နိုင်ငံတော် သမ္မတကြီးနဲ့ တကွ အစိုးရအဇွဲ့ အတွင်းက ပြုပြင်ပြောင်းလဲရေး လိုလားသော ခေါင်းဆောင် အပေါင်းကို အထူးပင် ကျေးဇူးတင် နေမိပါတယ်။ 
 
နိုင်ငံ အတွက် ၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ နိုင်ငံတကာ အလယ်မှာ မျက်နှာပွင့် ဂုဏ်တင့် နေပြီဖြစ်တဲ့ အမိမြန်မာနိုင်ငံ အတွက် ယနေ့ ထုတ်ပြန်ကြေငြာတဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ အခုလို ကျနော် အပါအ၀င် အကျဉ်းသား နှစ်ဆယ်ကျော်ကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တာဟာ တိုင်းပြည် အတွက် အလွန်ကို အဖိုးတန်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ထင်မြင်ပါတယ်။ မှန်ကန်သော စိတ်နေစိတ်ထားနဲ့ ပြည်သူပေါ် ထားရှိတဲ့ အစိုးရသစ်ရဲ့ စေတနာမှန်ကို ပြသ သွားတယ်လို့ ယုံကြည်ပါတယ်။
 
နောက်နေ့များမှ စာများကို ဆက်ရေးပါအုံးမယ် 
 
ထောင်ထဲမှာ ကျနော် အကျဉ်းစံနေခိုက် ဆုတောင်းကြသော မိတ်ဆွေချစ်ဆွေ အားလုံး လွတ်မြောက်ရေး ကြိုးပမ်းကြသော မိတ်ဆွေ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်းနဲ့ ဦးတိုက် ကန်တော့ ကျေးဇူးတုန့်ပြန်လိုက်ပါတယ်။ တတ်နိုင်ရာ နေရာ အသီးသီးမှနေပြီး အကျဉ်းကျနေတဲ့ မိမိတို့ လွတ်မြောက်ရေး ကြိုးပမ်းပေးခဲ့ကြသူ အပေါင်းကို အထူးပင် ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ထောင်က အပြန် ဦးစွာ နှုတ်ခွန်းဆက် စကားလေး ပါးလိုက်ပါရစေ။


ဒီအကောင့်လေးကို ပြန်လည် ရယူပေးခဲ့တဲ့ မဟာ လူသားကိုလည်း ထပ်ဆင့်ကျေးဇူးတင် စကားလေး ဆိုပါရစေ


နေမျိုးဇင်
ဖုန်း 0949328559


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts