>Than Soe Hlaing – Gas Price and Burmese Politics

>

မဟာဗျူဟာ လောင်စာဆီနဲ့ မြန်မာ့နိုင်ငံရေး
သန်းစိုးလှိုင်၊ ရန်ကုန်
ဧပြီ ၁၅၊ ၂၀၁၁
လောင်စာဆီဟာ နိုင်ငံအတော်များများမှာ  အရေးပါတဲ့ ကုန်ပစ္စည်း တစ်ခုဖြစ်ပြီး တခါတရံမှာ နိုင်ငံရေးအရ မဟာဗျူဟာမြောက်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ရေနံလုံလောက်အောင် မထွက်ရှိတဲ့ မြန်မာနိုင်ငံမှာ အုပ်ချုပ်သူ နအဖ စစ်အစိုးရအတွက် လောင်စာဆီဟာ နိုင်ငံရေးအာဏာကို လှုပ်ခါနိုင်စွမ်းရှိတဲ့ အရာတစ်ခုဖြစ်နေပါတယ်။
ဒီအချက်ကို ၂၀၀၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကို ပြန်သုံးသပ်ကြည့်လျင် တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ လောင်စာဆီဈေးကို ရုတ်တရက် ၂ ဆမြှင့်တင်လိုက်ပြီး မကြာခင်မှာပဲ လူထုရဲ့ စားဝတ်နေရေးဘ၀ကို တိုက်ရိုက် အကျိုးသက်ရောက်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်တဲ့  ဘတ်စ်ကားမစီးပဲ လမ်းလျှောက်တဲ့ လှုပ်ရှားမှု စတင်ရာကနေ သံဃာ့အဓိက ပါဝင် ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားခဲ့ရပါတယ်။
အဲဒီမတိုင်ခင်တုန်းက စစ်အစိုးရအနေနဲ့ ဈေးနှုန်း တက်ချင်တဲ့အချိန်တက်လို့ရတယ်လို့ လူထုအနေနဲ့ ဘာမှ တုံ့ပြန်နိုင်စွမ်းမရှိဘူးလို့လည်း မှတ်ယူထားပုံရပါတယ်။ အဲဒီအချိန်က အစိုးရက ဖြန့်ဖြူးတဲ့ ဆိုင်တွေ ဈေးနှုန်းတက်မယ်ဆိုရင် ညသန်းခေါင်ကျမှ ဈေးတက်မယ့် အမိန့်စာကို ဆိုင်မန်နေဂျာတွေဆီ အသိပေးပြီး နောက်နေ့ နံနက်မှာချက်ခြင်း တိုးမြှင့်ထားတဲ့ဈေးနဲ့  ရောင်းချခဲ့တာတွေ့ရပါတယ်။
အခြားနိုင်ငံတွေမှာ လောင်စာဆီဈေးတက်မယ် ဆိုရင်အစိုးရ အနေနဲ့ ကြိုတင်အသိပေး၊ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကို နားထောင်ပြီးမှ တိုးမြှင့်လေ့ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ချက်ခြင်း လက်ငင်း ရုတ်တရက် မြှင့်တင်ရောင်းချခဲ့တာပါ။ အဲဒီလို လုပ်ပုံလုပ်နည်းကြောင့် လူထုမှာ အစဉ်အမြဲအငိုက်မိသလို ခံစားရပြီး ၂၀၀၇ ခုနှစ်မှာတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ သံဃာနဲ့ လူထုပူးပေါင်း ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ နအဖ စစ်အစိုးရအနေနဲ့ လောင်စာဆီ ဈေးနှုန်းမြင့်တက်မယ့် ကိစ္စဆိုရင် သတိထားကိုင်တွယ်လာတာ တွေ့ရပါတယ်။ တင်သွင်းမှုရော ဖြန့်ဖြူးရေးကိုပါ အစိုးရအနေနဲ့ ချုပ်ကိုင်ထားပြီး လုပ်ဆောင်တာ မအောင်မြင်တာကြောင့်ရော နအဖစစ်အစိုးရနဲ့ နီးစပ်ရာ လုပ်ငန်းရှင်ကြီးတွေက လောင်စာဆီ တင်သွင်းဖြန့်ဖြူးရေး ကို မျက်စေ့ကျနေတာကြောင့်ပါ ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ ၂၀၁၀ မှာဆုံးဖြတ်လိုက်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတာ၊ အစိုးရသစ်တက်လာမှာကိုတောင် မစောင့်တော့ပဲ စီးပွားရေးလုပ်ပိုင်ခွင့်ကို မြန်မြန်ဆန်ဆန်ပဲ ခွဲဝေယူလိုက်ကြတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ 

လက်ဝါးကြီးအုပ် လောင်စာဆီဈေးကွက်
ယခုလက်ရှိ ပြည်တွင်း လောင်စာဆီဖြန့်ဖြူးရေးကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုခဲ့ပါပြီ။ သို့ပေမယ့် တင်သွင်းခွင့် ဖြန့်ဖြူးခွင့် လိုင်စင်တွေတော့ သက်ဆိုင်တဲ့ အစိုးရဋ္ဌာနတွေမှ လျှောက်ထားရမှာပါ။ ရန်ကုန်မြို့အပါအ၀င် နယ်မြို့တွေမှာ ယခင်ကတည်းကရှိခဲ့တဲ့ အစိုးရစက်သုံးဆီဆိုင်တွေကို နိုင်ငံတော် သူဋ္ဌေးကြီးတွေလို့ခေါ်တဲ့ ထူး၊ ရွှေသံလွင်၊ ကမ္ဘောဇ၊ မက်စ်မြန်မာ၊ ယူအမ်အက်ဖ်စီစီအိုင်က  အမှုဆောင်လူကြီးအချို့၊ စီးပွားရေးဦးပိုင် နဲ့ ကြံ့ဖွံ့ပါတီတို့က အများဆုံး လက်ဦးပြီးလုပ်ခွင့်ရကြပါတယ်။ မြို့တွင်းမှာရှိတဲ့ စက်သုံးဆီဆိုင် အများစုကို စစ်အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီကြီးတွေပဲ ရပြီး နောက်ထပ်လျှောက်ထားတဲ့ သူတွေ အနေနဲ့ မြို့နဲ့ ခပ်လှမ်းလှမ်း မြို့ထွက်လမ်းဘေးတွေမှာသာ ဖွင့်လှစ်ခွင့်ရကြပါတယ်။
လွတ်လပ်စွာ တင်သွင်းခွင့်လည်း ရှိပြီး လွတ်လပ်စွာပြိုင်ဆိုင်မှု ရှိမယ်ဆိုရင်တော့ ၀ယ်ယူသူတွေအနေနဲ့ ဈေးနှုန်းသက်သာတဲ့ အကျိုးကျေးဇူးခံစားရမယ့် သဘောပါ။ ဒါပေမယ့် စပြီးလုပ်ပိုင်ခွင့်တွေ ချပေးစဉ်ကတည်းက လက်သင့်ရာ ချပေးခဲ့တာကြောင့် ပြိုင်ဆိုင်မှု အားကောင်းတဲ့ ဈေးကွက် မဖြစ်လာပါဘူး။
ရန်ကုန်မြို့ရဲ့ နေရာကောင်း၊ အချက်အခြာကျပြီး တန်ဖိုးကြီးနေရာတွေမှာ ရှိတဲ့စက်သုံးဆီဆိုင်တွေကို လေလံမှာဈေးဘယ်လောက် မြှင့်ပေးပေး ပေးနိုင်သူမရပဲ နကိုက သတ်မှတ်ပြီးသားသူတွေပဲ ရကြပါတယ်။
မြေအနေအထားအရ သိန်းထောင်နဲ့ သောင်းနဲ့ တန်တဲ့နေရာကတွေကို ဈေးသက်သက်သာသာနဲ့ ၀ယ်ယူခွင့်ရခဲ့ကြပါတယ်။ အဲဒီတော့မှ လေလံမှာ ၀င်ပြီးဈေးပိုပေးတဲ့သူတွေ အနေနဲ့ လေလံဆိုတာ ကြည့်ကောင်းအောင် စီစဉ်လုပ်ဆောင်ကြတဲ့ ဇတ်လမ်းတစ်ကွက်သာ ဖြစ်ခဲ့ပါတယ်။ 
လူထုအတွက် ဘာအမြတ်ထွက်
လောင်စာဆီကို ပုဂ္ဂလိကလုပ်ခွင့်ပေးလိုက်တာကြောင့် လူထုအတွက် ယခုအချိန်မှာ ဘာမှ အမြတ်မထွက်ပါဘူး။ လွတ်လွတ်လပ်လပ် တင်သွင်း လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်ရောင်းချတဲ့ အနေအထားမျိုး မဟုတ်တာကြောင့် ဓါတ်ဆီဈေးနှုန်းတွေ ကျဆင်းပြီး သုံးစွဲသူတွေအတွက် အကျိုးအမြတ်ရတဲ့ အနေအထား အခုအချိန်ထိ မရောက်သေးတာကို တွေ့ရပါတယ်။ ပြည်တွင်းက ရေနံတွင်းတွေကထွက်ရှိတဲ့ ဓါတ်ဆီကို တဂါလံ ၂၅၀၀ ကျပ်နဲ့ရောင်းချပေးဖို့ အစိုးရက ဈေးနှုန်းကန့်သတ်ထားတာပေမယ့် အဲဒီဈေးနှုန်းနဲ့ ၀ယ်ယူခွင့်ရဖို့ နာရီနဲ့ချီ တန်းစီရမယ့် အခြေအနေဖြစ်ပါတယ်။
တန်းစီပြီး ၀ယ်ယူနေကြတဲ့ တဂါလံ ၂၅၀၀ ကျပ်တန်ဓါတ်ဆီဟာ အရည်အသွေးအားဖြင့် ညံ့ပေမယ့် ပြည်တွင်းက ကားတွေနဲ့ ဆိုင်ကယ်တွေ အဖို့ သုံးနေကြဖြစ်နေတာကြောင့် အဆိုပါ ဓါတ်ဆီအဖြူကိုပဲ ဈေးပိုပေးပြီး ၀ယ်သုံးကြတာတွေ့ရပါတယ်။ နိုင်ငံအများအပြားမှာ သုံးစွဲနေကြတဲ့ ဓါတ်ဆီဟာ မြန်မာနိုင်ငံမှာ အော့တိန်းလို့ခေါ်ကြတဲ့ ၉၁ သို့မဟုတ် ၉၂ အဆင့်ရှိ ဓါတ်ဆီဖြစ်ပြီး ပြည်တွင်းမှ ထွက်ပြီးပြည်တွင်းမှာ ချက်တဲ့ ဓါတ်ဆီကတော့  အဆင့်အားဖြင့် ၈၇ သာရှိလို့ ပေါက်ကွဲအားနိမ့်ပြီး ကားအင်ဂျင် ဆွဲအား သိပ်မကောင်းပေမယ့် တဂါလံကို မိုင်များများ မောင်းရတဲ့ အားသာချက်ရှိပါတယ်။
ပုဂ္ဂလိကနဲ့ ဦးပိုင်လီမိတက်ပိုင် ဓါတ်ဆီဆိုင်တွေက စွမ်းအင်ဝန်ကြီးဋ္ဌာနမှ ၂၃၅၀ ကျပ်နဲ့ ၀ယ်ပြီး သုံးစွဲသူတွေထံ ၂၅၀၀ ကျပ်နဲ့ရောင်းပေးရမယ်လို့ လွန်ခဲ့တဲ့နှစ် ပုဂ္ဂလိကပိုင် ပြုလုပ်စဉ်ကတည်းက ကန့်သတ်ချက်ထုတ်ခဲ့ပါတယ်။ အဲဒီလို ဈေးနှုန်းကို ကန့်သတ်ပေမယ့် ၀ယ်လိုအားရှိသလောက် စွမ်းအင်ဝန်ကြီးဋ္ဌာနက ရောင်းမပေးနိုင်ပါဘူး။ အစိုးရရောင်းချပေးနိုင်တဲ့ ပမာဏဟာ တစ်နှစ်မှ ဂါလံ ၈သန်းသာရှိတယ်လို့ သတင်းဖေါ်ပြချက်တခုအရ သိရပါတယ်။
ဝယ်လိုအားနဲ့ ရောင်းနိုင်အားမမျှတဲ့အခါမှာ တန်းစီတိုးရောင်းတဲ့ ခေတ်တခေတ်ကို ပြန်ရောက်ခဲ့ပါတယ်။ ကားပိုင်ရှင်တွေ ကိုယ်တိုင် နာရီနဲ့ချီ တန်းမစီရင်တောင်မှ ကားဒရိုင်ဘာငှားပြီး တနေကုန် တနေခန်း တန်းစီဖို့ကို အလုပ်တစ်ခုအနေနဲ့ ခိုင်းနေကြတာတွေ့ရပါတယ်။ ကားပိုင်ရှင်နဲ့ ကားမောင်းသူတို့ တနေ့တာ တန်းစီလို့ရတဲ့ အမြတ်ကိုခွဲဝေယူကြတဲ့ အဖြစ်ဟာ မြန်မာနိုင်ငံမှာ ရိုးနေတဲ့ကိစ္စတစ်ရပ်လို ဖြစ်လာနေပါတယ်။
ရန်ကုန်မှာ ကားတွေသက်သက်ပဲ တန်းစီတာတွေ့မြင်ရမှာ ဖြစ်ပေမယ့် မန္တလေး၊ မော်လမြိုင်၊ ပဲခူး အစရှိတဲ့မြို့ကြီးတွေမှာတော့ ကားများသာမက ဆိုင်ကယ်တွေလည်း တန်းရှည်ကြီးစီနေကြတာ တွေ့ရပါလိမ့်မယ်။
လေးဘီးကားလို့ခေါ်တဲ့ မာဇဒါ ဘီ ၆၀၀ ကစလို့ သိန်း ၃၀၀/၄၀၀  ကျော်တန်၊ ဆလွန်းကားတွေပါ တန်းစီနေလိုက်ကြတာဟာ မြို့တိုင်းမြို့တိုင်းမှာ တွေ့နိုင်တဲ့မြင်ကွင်းတစ်ခုလို ဖြစ်လာနေပါတယ်။
အခုရက်ပိုင်းမှာ ဓါတ်ဆီဖြူ ဈေးတဖြည်းဖြည်း မြင့်တက်လာတာကြောင့် နယ်မြို့တွေသာမက ရန်ကုန်မြို့မှာရှိတဲ့ ၂၅၀၀ ကျပ်ဓါတ်ဆီဖြူ အရောင်းဆိုင်တွေရှေ့မှာ ညအိပ်တန်းစီတဲ့ ကားတန်းကိုတွေ့မြင်လာရပါပြီ။ ကားပိုင်ရှင်တွေ အနေနဲ့ နံနက် ဆိုင်ဖွင့်တာနဲ့ ထုတ်ခွင့်ရဖို့ ကားကို ဓါတ်ဆီဆိုင်ရှေ့မှာ တခါထည်း တန်းစီပြီး ကားမှာစောင့်အိပ်ကြတဲ့ မြင်ကွင်းဟာ လွန်ခဲ့တဲ့ နှစ်၂၀ ၊ ၃၀ အတွင်း တခါမှ မမြင်ဘူးတဲ့ မြင်ကွင်းလည်းဖြစ်နေပါတယ်။
အခုဆိုရင် ရန်ကုန်မြို့အပါအ၀င် အခြားသောမြို့ကြီးတွေမှာ ပြင်ပဓါတ်ဆီပေါက်ဈေးဟာ အနည်းဆုံး ကျပ်၄၅၀၀ ၀န်းကျင်မှ အများဆုံး ကျပ် ၅ ထောင်ကျော်ထိ ရောင်းချနေကြတာကိုလည်း တွေ့ရပါတယ်။   
 
စစ်အစိုးရ ဘာဖြစ်လို့ ဈေးနှုန်းရှင် မသတ်မှတ်ရတာလဲ
စစ်အစိုးရအနေနဲ့ တိုင်းပြည်က ထွက်တဲ့ ဓါတ်ဆီကို မလောက်မငှသာ ရောင်းပေးနိုင်တာကြောင့် ပြင်ပပေါက်ဈေး၊ နိုင်ငံတကာ ပေါက်ဈေးအတိုင်း သတ်မှတ်ပြီး လိုအပ်သလောက်ဝယ်ယူနိုင်အောင် ဘာလို့ မစီစဉ်သလဲဆိုတာ လူတိုင်း စဉ်းစားစောဒက တက်စရာ အချက်တချက်လည်း ဖြစ်ပါတယ်။ ယခုလို သုံးစွဲသူကိုယ်တိုင် နာရီနဲ့ချီ တန်းမစီနိုင်ရင် ပြင်ပပေါက်ဈေးနဲ့ ၀ယ်သုံးရတဲ့ အခြေအနေဟာ ဘယ်သူတွက်မှ အကျိုးမရှိတဲ့ အခြေအနေ တရပ်ဖြစ်နေပါတယ်။
နယ်မြို့တွေမှာ လိုင်းပြေးဆွဲတဲ့ ဓါတ်ဆီသုံးကားတွေ အနေနဲ့ တရက်မှာ ၂ နာရီ ၃နာရီ အချိန်ပေးပြီး တန်းစီဖို့ မဖြစ်တာကြောင့် လိုင်းမပြေးဆွဲတော့ပဲ၊ ဓါတ်ဆီဆိုင်ရှေ့မှာ တန်းစီပြီးပဲ ဓါတ်ဆီကို ထုတ်ရောင်းကြ ပါတော့တယ်။ လိုင်းပြေးဆွဲတာထက်ကို ဓါတ်ဆီ တန်းစီရောင်းစားတာက နေ့တွက်ပိုရတဲ့ အခြေအနေကိုလည်း လောလောဆယ် ရောက်နေပါတယ်။ ရန်ကုန်မြို့မှာလည်း ဓါတ်ဆီသုံး တက်စီကားတွေ အနေနဲ့ တန်းစီပြီး ၀ယ်ဖို့ရာအချိန် ၂/၃ နာရီသုံးရမှာကြောင့် ပြင်ပပေါက်ဈေးနဲ့ ၀ယ်ထည့်တာ၊ သို့မဟုတ် မြို့နဲ့ လှမ်းတဲ့ စက်သုံးဆီဆိုင်တွေဆီ တကူးတကသွားပြီး ၀ယ်ယူကြတဲ့ အခြေအနေလည်း ဖြစ်နေတာပါ။
စစ်အစိုးရက ဘယ်လိုသက်သာတဲ့ နှုန်းထားနဲ့ ရောင်းပေးတယ်ဆိုဆို သုံးစွဲသူတွေ အနေနဲ့ ဈေးပိုပေးရတာ၊ အချိန်တွေ အလဟဿဖြစ်ကုန်တာတွေ ကြုံနေကြရပါတယ်။ 
လောင်စာဆီဈေးအောက်မှာ စစ်အစိုးရ၊ ပြီးတော့မှ သူ့အောက်က အများပြည်သူ
စစ်အစိုးရ အနေနဲ့ အခုလို မနှစ်မြို့စရာ အခြေအနေကို မသိမဟုတ် သိရှိပြီးသား ဖြစ်ပါတယ်။ သိလျက်သားနဲ့ ဘာကြောင့် ၂၅၀၀ ကျပ်နဲ့ ရောင်းတဲ့ စနစ်ကို ဆက်ထိန်းသိမ်းထားသလဲ လို့မေးခွန်းထုတ်ရင် အစိုးရက အရှုံးခံပြီး ရောင်းပေးနေတယ်ဆိုတဲ့ ပုံရိပ်ကိုပေါ်လွင်စေချင်တာကြောင့်ပါပဲ။ ၂၅၀၀ နဲ့ရောင်းပေးတာကို အမှန်တကယ် သုံးသူ ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ၀ယ်ယူနိုင်ပြီး ကျန်တဲ့ ပမာဏကို တဆင့်ပြန်ရောင်းစားတဲ့ သူတွေသာ အချိန်ပေး၊ သည်းငြီးခံပြီး တန်းစီဝယ်ယူနေကြတာပါ။
လက်တွေ့ သုံးစွဲသူတွေ အဖို့ဒီအကျိုးကျေးဇူးကို မခံစားရပေမယ့်လည်း စစ်အစိုးရအနေနဲ့ လောင်စာဆီကြောင့် ကုန်ဈေးနှုန်းတွေမြင့်တက်လာတယ်လို့ မပြောဆိုနိုင်အောင် အခုအခြေအနေ အတိုင်းဆက်လက် စခန်းသွားနေခြင်းပဲ ဖြစ်ပါတော့တယ်။ လောင်စာဆီကြောင့် လူထုတွေ လမ်းမပေါ် တကြိမ်ထပ်ထွက်လာမယ့် အနေအထား၊ အတိုက်အခံ အင်အားစုတွေက လောင်စာဆီကြောင့် ကုန်ဈေးနှုန်းမြင့်တက်တဲ့ အပေါ် နိုင်ငံရေးအရ စည်းရုံးမှာကို စစ်အစိုးရ စိုးရိမ်နေတာလို့ နိုင်ငံရေး အကဲခတ်သူတဦးက ကောက်ချက်ချ ခဲ့ပါတယ်။
(ဓာတ်ပုံ – မော်လမြိုင်မြို့က ဓာတ်ဆီတန်းဆီနေသူ ကားများ၊ လူများ၊ ဆိုင်ကယ်များ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts