>Ye Yint Thet Zwe – Mothers in Tears

>

အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
ရဲရင့်သက်ဇွဲ
ဧပြီ ၁၅၊ ၂၀၁၁
၁။
“အဖွား ငိုတယ်
ဘုရားရှစ်ခိုးနေရင်း နဲ့ လဲ ငိုတယ်
သမီး ရုံးသွားဘို့ ထွက်လာတဲ့အထိ
ငိုနေတုန်းပဲ  …..
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
မေးလဲ မမေးရက်တော့ပါဘူး …”
တူမငယ်ရဲ့ 
အွန်လိုင်းကနေ စီးမြောလာတဲ့ အသံအဆုံးမှာ
ကော်နက်ရှင်အောက်သွားတဲ့အသံသာ
ဗုံးတလုံး ပေါက်ကွဲသံလို ငါ့ မှာ ကြေကွဲ …..။
၂။
အမေငိုတယ်
အမေငိုတယ်တဲ့
သားတယောက်က နရသိန်
သားတယောက်က အဝေးအိမ်
မြေးတွေက အတောင်အလက်စုံ
အဖွားရင်ကို ခြေစုန်မကန်ကြပေမယ့်
သူတို့  ယုံကြည်ရာ အရပ်ကို ခိုလှုံကြမယ့်ပုံ
အမေ့ဖြစ်ပုံများ
အဝေးကသားမှာ နှစ်သိမ့်စရာ
စကားရှာမရဘူးမေမေ…။
 သင်္ကြန်ပြီးရင်
အမေ့သားကြီး ပြန်လွတ်လာမှာပါ
မျှော်လင့်ချက် ထားခဲ့သမျှ
ထောင်ပြောင်းရမယ်ဆိုတဲ့ သတင်း
သည် မနက်ခင်းမှာ အမေ့ရင်ကို ရိုက်ချိုးသွားပြီ…။
 ၃။
ရှင်လျက်ကနေ
သေသွားသူတယောက်ရဲ့ 
နှုတ်ဖျားကထွက်လာတဲ့ အသံလိုမျိုး
တိုးတိုးဖွဖွ မပီမသ
မျက်ရည်စတွေနဲ့ ကျနော်လေ
အမေ …..အမေ……အမေ
 ၄။
အဖွား ငိုတယ်
ဘုရားရှစ်ခိုးနေရင်း နဲ့ လဲ ငိုတယ်
သမီး ရုံးသွားဘို့ ထွက်လာတဲ့အထိ
ငိုနေတုန်းပဲ  …..
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
မေးလဲ မမေးရက်တော့ပါဘူး …….

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts