>Questions for Aung San Suu Kyi – RFA Program – April 8th 2011

>

 လူထုနှင့်ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ
ဧပြီလ ၈၊ ၂၀၁၁နေ့ RFA ညပိုင်း အစီအစဉ်
မေးသူ။           ။ မစောသီတာလင်း (ရခိုင်တိုင်းရင်းသူ)
မေးခွန်း။          ။ မင်္ဂလာပါအန်တီစု။ အန်တီစုနေကောင်းပါစေလို့ဆုတောင်းပါတယ်။ သမီးကတော့ စောသီတာလင်းပါ အန်တီစု။ လွတ်မြောက်ရေးအတွက် အမြဲတမ်းဆန္ဒပြတောင်းဆိုနေတဲ့ ရခိုင်အမျိုးသမီးများထဲက တယောက်ပါ။ သမီးထင်တာ ကတော့ နိုင်ငံတခုက ဧရာမကြီးမားတဲ့ အိမ်ကြီးတခုနဲ့တူတယ်လို့ ထင်ပါတယ်။ ဒီအိမ်ကြီးငြိမ်းချမ်းဖို့ ထမင်းရှင်တွေဖြစ်တဲ့ အမျိုးသမီးတွေ က ပိုပြီးအရေးကြီးတယ်လို့ သမီးခံယူထားပါတယ်။ ဒါကြောင့် သမီးတခုမေးချင်တာက လက်ရှိမြန်မာနိုင်ငံမှာ ဆုံးဖြတ်ချက်ချတဲ့ အဆင့် တိုင်းမှာ အမျိုးသမီးတွေ မရှိသလောက်နဲနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအခွင့်အရေးတွေ လုံးဝဆုံးရှုံးနေပါတယ်။ ဒါ့ ကြောင့် အနာဂတ် မြန်မာနိုင်ငံတော်ကြီးမှာ အမျိုးသမီးကောင်းများစွာ ပါလာတဲ့ နိုင်ငံတော်ဖြစ်ဖို့နဲ့ တိုင်းရင်းသားတရပ်လုံး ကိုယ့် ကံကြမ္မာ ကို ဖန်တီးခွင့်ရှိဖို့ ဘယ်လိုကြိုးစားသင့်ပါသလဲလို့ အန်တီစု စဉ်းစားထားပါသလဲလို့ သမီးသိချင်ပါတယ်ရှင့်။
ဖြေ။              ။ အန်တီတို့ အနေနဲ့ တိုင်းရင်းသားတွေအားလုံး တိုးတက်ဖွံ့ဖြိုးဖို့ရာ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ရှင်သန်ခိုင်မြဲရေးကို ဦးတည်ပြီး  ၂၁ ရာစုနှစ်ပင်လုံခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ စစ်မှန်တဲ့ ပြည်ထောင်စုအတွင်းမှာမှ အားလုံးလုံလုံ ခြုံခြုံ အေးအေးချမ်းချမ်း နေနိုင်ကြမှာပါ။ အမျိုးသမီးတွေ တန်းတူညီတူ အခွင့်အရေးတွေရဖို့ကတော့ ဥပဒေအရ အာမခံချက်ပေးရုံ အပြင် လူမှုအသိုင်းအ၀ိုင်းထဲမှာ ကျား/မ တန်းတူညီမျှရေးကို အပြောအရသာမက အလေ့အကျင့်အရပါ လက်ခံလာအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 
မေးသူ။           ။ မချယ်ရီဇာဟောင်း
မေးခွန်း။          ။ ကျွန်မတို့ အင်မတန်မှ လေးစားရတဲ့ လူထုခေါင်းဆောင် ဒေါ်စုနဲ့ ဒီလိုမျိုးအမေးအဖြေတွေ လုပ်ခွင့်ရတာ အင်မတန်မှ ၀မ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ ကျွန်မ ပထမဆုံးမေးချင်တဲ့မေးခွန်းက ဘာလဲဆိုလို့ရှိရင် ကျွန်မတို့ချင်းပြည်နယ်မှာ ကလေးတွေရဲ့ ပညာရေးဟာဆိုလို့ရှိရင် အခုတော်တော်လေးကို ဆိုးရွားနေပြီ ကျောင်းမတက်နိုင်တဲ့ ကလေးတွေက တနှစ်ပြီး တနှစ်တိုးလာတယ်။ ကျောင်းဆရာ/ ဆရာမတွေကလည်း လစာလုံလုံလောက်လောက် မရှိနေတဲ့ အတွက်ကြောင့်မို့ သူတို့ လယ်တွေထဲ မှာသွားပြီး အလုပ်လုပ်နေရတယ် ဆိုတော့ ကျောင်းစာသင်မှုပိုင်းဆိုင်ရာမှာ စိတ်ဝင်စားမှုတွေက လျှော့နဲသွားပါတယ်။ နောက်ပြီးတော့ မူလ တန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းတွေကလည်း လုံလုံလောက်လောက် ရွာတိုင်းမှာ မရှိနေတဲ့အခါကျတော့ က လေးတွေက ဆယ်ကျော်သက် ရောက်လာပြီဆိုလို့ရှိရင် ကျောင်းသွားမတက်ဘဲနဲ့ မိဘတွေကို လယ်တွေထဲမှာ လိုက်ကူတာတွေ တနှစ်ပြီး တနှစ်တိုးလာတာ ကျွန်မတို့ တွေ့ရတယ်ဆိုတော့ ဒီလိုမျိုးပြဿနာတွေ အတွက် ဒေါ်စုအနေနဲ့လေ ဘယ်လိုမျိုး ဖြေရှင်းရင်ကောင်းမလဲ။ ဘယ်လိုမျိုး အိုင်ဒီယာတွေရှိလဲလို့ ကျွန်မမေးချင်ပါတယ်ရှင့်။
ဖြေ။              ။ ချင်းပြည်နယ်မှာ တင်မက တနိုင်ငံလုံးမှာ ဆင်းရဲမွဲတေမှုကြောင့် စာမသင်နိုင်တဲ့ကလေးတွေ ပိုမိုများပြား လာနေတယ်လို့ ကြားရပါတယ်။ ဆရာ/ဆရာမတွေကလည်း သူတို့ရဲ့ စား၊၀တ်၊နေရေးနဲ့ လုံးပန်းနေရလို့ ကျောင်းသားတွေ အတွက် သိပ်မစဉ်းစားနိုင်ကြတဲ့ အနေအထားမှာ ရှိနေကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ တတ်နိုင်သမျှ ပညာရေးနဲ့ပတ် သက်တဲ့ ပရဟိတလုပ်ငန်းတွေကို ထမ်းဆောင်နေပါတယ်။ အလှူရှင်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပညာရေးဖွံ့ဖြိုးမှု အစီအစဉ်တွေ အားပေးဖို့ အမြဲတောင်းဆိုခဲ့ပါတယ်။ ထပ်မံပြီးလည်း တောင်းဆိုနေမှာပါ။ 
မေးသူ။           ။ ဦးအောင်ဝါ (ကချင်)
မေးခွန်း။          ။ ကျွန်တော့နာမည်တော့ ဦးအောင်ဝါပါ။ ကျွန်တော် ကချင်လူမှုအုပ်ချုပ်ရေးတွေ လုပ်နေတဲ့ တယောက်ဖြစ်တယ်။ ကျွန်တော်မေးချင်တာကတော့ ဒီကျွန်တော်တို့ နယ်စပ်တလျှောက်မှာရှိတဲ့ ပြည်နယ်တွေကနေ မိန်းကလေးတွေကို တရုတ်ပြည်ဘက်ကို လူကုန်ကူးခံရတယ်။ အဓိကကတော့ မိန်းကလေးတွေက သူတို့တရုတ်ပြည်ဘက်ကိုလည်း မသွားချင်ဘူး။ စီးပွားရေး အခြေအနေအရ သူတို့ ရောင်းစားခြင်းခံရတယ်။ လိမ်လည်ပြီးမှ ရောင်းစားခြင်းခံရတယ်။ သူတို့အခက်အခဲတွေနဲ့ ကြုံနေရတယ် ဟိုမှာ။ ဆိုတော့ ဒါကိုဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမျိုး ကူညီပေးနိုင်မလဲ။ ဘယ်လိုမျိုး အနာဂတ်ကို ဖြေရှင်းပေးနိုင်မလဲဆိုတာ သိချင်ပါ တယ်ခင်ဗျား။
ဖြေ။              ။ ဦးအောင်ဝါရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်လို့ အသံလွှင့်ဌာနတွေကတဆင့် သိနေရတာကြာပါပြီ။ နှစ်ပေါင်းများစွာ ဒီလိုကြားသိနေရတဲ့ ပုဂ္ဂိုလ်တွေနဲ့ အမေးအဖြေ အစီအစဉ်တွေကျမှ တိုက်ရိုက်ဆက်သွယ်ဖြစ်တာကို သိပ်ဝမ်း သာပါတယ်။ နယ်စပ်က အမျိုးသမီးကလေးတွေ လူကုန်ကူးခံရခြင်းရဲ့ အခြေခံအကြောင်းတရားတွေကတော့ စီးပွားရေးအဆင်မပြေမှု၊ သတင်းအချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့်မသိရှိမှု၊ ၀ိသမလောဘသားတွေနဲ့ လာဘ်ပေးလာဘ်ယူမကင်းတဲ့ ၀န်ထမ်းတွေ ဖြစ်တယ် လို့ထင်ပါတယ်။ ဒါတွေအားလုံး ပျောက်ကင်းဖို့ဆိုရင် စနစ်ကြီးတခုလုံးကို ပြန်ပြင်ရမှာပါ။ လောလောဆယ်မှာတော့ လူကုန်ကူးမှု အန္တရာယ် တွေကို နယ်စပ်တလျှောက်ရှိ လူထုတွေ ကျယ်ကျယ်ပြန့်ပြန့်သိဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ လူကုန်ကူးခံရတဲ့ အမျိုးသမီးကလေး တွေ အိမ်ပြန်လာနိုင်ဖို့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်လို့ရမလား ဆိုတာကိုလည်း ကျွန်မတို့ စုံစမ်းပြီး ကြိုးစားကြည့်ပါ့မယ်။
မေးသူ။           ။ အစိုင်း
မေးခွန်း။          ။ ကျွန်တော့နာမည် အစိုင်းပါ။ အခု ထိုင်းမြန်မာနယ်စပ်မှာပေါ့။ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေက ပိုပြီးတော့ ပြင်းထန်လာတာကို ကျွန်တော်တို့ တွေ့ရတယ်။ နောက်တခုက ဒီ ဇန်န၀ါရီလတုန်းကလည်း နအဖအစိုးရရဲ့ လေးလ ပတ်အစည်းအဝေးမှာ သူတို့က ဖြတ်လေးဖြတ်ပုံစံနဲ့ တိုင်းရင်းသားဒေသ အသီးသီးကို တိုက်ပွဲ ထိုးစစ်ဆင်ဖို့ အစီအစဉ်ရှိတယ်။ အဲဒါ ကြောင့်မို့လို့  နယ်စပ်မှာဖြစ်နေတဲ့ ဒီစစ်ရေးပဋိပက္ခ အခြေအနေက ရှုပ်ထွေးလာနိုင်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စကို ဘယ်လိုပြေ လည်အောင် လုပ်နိုင်မလဲပေါ့နော်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်သာ အာဏာရှိတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်မယ်ဆိုရင် ဒီကိစ္စကို ဘယ်လိုစဉ်းစားမလဲဆိုတာ ကျွန်တော်သိချင်ပါတယ်ခင်ဗျ။
ဖြေ။              ။ အခုတလော နယ်စပ်မှာစစ်ရေးတိုက်ခိုက်မှုတွေ ပြန်ပေါ်လာနေတယ်ဆိုတာ သိရလို့ အလွန်ပဲ စိုးရိမ်ပူပန်နေကြရပါတယ်။ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ရေရှည်ငြိမ်းချမ်းမှု ရနိုင်မှာပါ။ ဖြတ်လေးဖြတ်အစား၊ မေတ္တာ၊ ဂရု ဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ် တရားလေးပါးကိုသာ အဓိက ကျင့်သုံးရင်တော့ အားလုံးအတွက် အကျိုးရှိမှာပါ။ အနာဂတ်ငြိမ်းချမ်း ရေးအတွက် အခုပစ္စုပ္ပန်မှာ အမျိုးသားရင်ကြားစေ့ရေး ဖြစ်အောင်ကြိုးစားနေကြရမှာပါ။
မေးသူ။           ။ ကိုနိုင်နိုင် (လပွတ္တာ)
မေးခွန်း။          ။ အမေစုခင်ဗျား။ ကျွန်တော်တို့ရဲ့ ဒီနာဂစ်ဒေသမှာ အခုအနေအထားက သိပ်ပြီးတော့ လုပ်ငန်းကြီးတို့ ဘာတို့ မရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းကြီးတွေ ဖွံ့ဖြိုးဖို့အတွက် လိုအပ်ချက်တွေ ရှိနေပါတယ်။ ငါးလုပ်ငန်း၊ လယ်လုပ်ငန်း အဲလိုပေါ့လေ။ အဲဒီနေရာတွေမှာ လိုအပ်ချက်တွေက နဲနဲလိုအပ်နေပါတယ်ခင်ဗျား။ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အမေစုအနေနဲ့ ဘယ်လိုများ စဉ်းစားပေးနိုင်မလဲခင်ဗျာ့။
ဖြေ။              ။ ဒေသမှာ လိုအပ်နေတဲ့ကိစ္စတွေကို အမေတို့အဖွဲ့ချုပ်နဲ့ ဆက်သွယ်ပြီး အသေးစိတ် ပြောပြပေးစေလိုပါတယ်။ အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိပြီးတတ်နိုင်သမျှ အဆင်ပြေအောင်လုပ်ပေးပါ့မယ်။
မေးသူ။           ။ မသင်းသင်းဌေး (မလေးရှား)
မေးခွန်း။          ။ ဟုတ်ကဲ့ ကျွန်မကတော့ မသင်းသင်းဌေးပါ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ခေတ္တခနနေနေပါတယ်။ ကျွန်မက အမေစုကို မေးချင်တဲ့ မေးခွန်းတခွန်းကတော့ အမေစုမလွတ်ခင်ကလည်း၊ ကျွန်မတို့က အမေစုလွတ်လို့ရှိရင် မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သတ်ပြီး အများကြီးလုပ်ဆောင်ချက်တွေ လုပ်ကြမယ်။ မျှော်လင့်ချက်တွေ အများကြီးရတော့မယ်။ အကောင်အထည် တွေပေါ်တော့မယ်ဆိုပြီးတော့ ကျွန်မတို့ထင်ခဲ့ပါတယ်။ မျှော်လင့်ချက်တွေလည်း အများကြီးရှိခဲ့တယ်။ နောက်ပြီးတော့ တကယ့်တကယ် လွတ်လာတော့လည်း ပထမအစပိုင်းမှာပေါ့ အင်တိုက်အားတိုက်နဲ့ တကယ်လည်းရှိကြတယ်။ အားလုံးပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ နဲ နဲလေး သွေးအေးသွားသလိုမျိုး ဖြစ်နေတယ်။ လူတွေက အမေစုအပေါ်မှာ မူတည်တယ်လေ။ လူတွေက အေးသွားတဲ့ အပေါ်မှာ ဘယ်လို များ ဆက်ပြီးတော့ လုပ်ကြမလဲ။ လုပ်အုံးမလဲ ဆိုတာကို အမေစုရဲ့ လုပ်ဆောင်ချက်ကလေးတွေကို သိချင်ပါတယ်….. လို့။ ကျေးဇူးတင်ပါ တယ်။
ဖြေ။              ။ အမေတို့ လုပ်ဆောင်ချက်တွေကို သိချင်ရင် ရေဒီယိုသတင်းဌာနတွေကို နားထောင်ပါ။ အဖွဲ့ချုပ်နဲ့ အတူ ဒီမိုကရေစီ ကွန်ယက်ထဲမှာ ပါနေတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ ဘာလုပ်နေသလဲဆိုတာကို သိရပါလိမ့်မယ်။ အကန့်အသတ် အမျိုးမျိုးကြားကနေ လူသားချင်းစာနာတဲ့ အထောက်အကူပေးခြင်း။ ပညာရေး ကျန်းမာရေးလုပ်ငန်းတွေကို ဖေါ်ဆောင်နေခြင်း … စတာတွေကို လုပ်နေတာပေါ့။ သမီးတို့ကလည်း ကိုယ်ဘာလုပ်နိုင်လဲဆိုတာ စဉ်းစားပြီးလုပ်စေချင်ပါတယ်။ စိတ်ဓာတ်ရှိရင် ဘယ်လိုအ ခက်အခဲတွေပဲရှိရှိ ထိရောက်နိုင်ပါတယ်။ ဘာမှမလုပ်တဲ့သူတွေက သွေးအေးနေတယ်ဆိုပေမယ့် လှုပ်ရှားနေတဲ့သူတွေက သွေးနွေးနေ လျက်ပါ။ တနေ့ထက် တနေ့လည်း လုပ်ရပ်တွေ ပိုပြီးတော့ အောင်မြင်လာတာ တွေ့ရပါတယ်။
မေးသူ။           ။ ကိုခင်မောင်ဝင်း (အမေရိကန်ပြည်ထောင်စု)
မေးခွန်း။          ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ ကျွန်တော် ကာလီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုက မောင်ခင်မောင်ဝင်းပါ။ ကျွန်တာ်  ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းနှစ်ခုမေးစရာရှိပါသည်ခင်ဗျာ။ NLD မူဝါဒသည် အကြမ်းမဖက်လမ်းစဉ် non – violence ဟု သိရှိရပါသည်။ သို့သော်လည်း နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာပြည်သည် ကျောင်းသားအရေးတော်ပုံ၊ လူထုအရေး တော်ပုံ၊ သံဃာ့အရေးတော်ပုံများ ပေါ်ပေါက်ခဲ့သော်လည်း NLD သည် ဘာ့ကြောင့် ဦးဆောင်ပါဝင်ခဲ့ခြင်း မရှိပါသလဲခင်ဗျား။ နောက်တခုက NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် သတ္တိရှိရှိ၊ အတွေးအခေါ်ကောင်းကောင်း ပညာတတ်လူ ငယ်များကို ယခုထက်ပိုပြီး တိုးချဲ့ တာဝန်ပေးဖို့ ရှိပါသလားခင်ဗျား။
ဖြေ။              ။ ကိုခင်မောင်ဝင်းပြောတဲ့ ကျောင်းသားအရေးတော်ပုံနဲ့ လူထုအရေးတော်ပုံဆိုတာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကို ပြောတာဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီတုန်းက NLD လည်း မဖွဲ့ရသေးပါဘူး။ ၂၀၀၇ သံဃာ့အရေးတော်ပုံကို အားပေး ထောက်ခံတဲ့အထဲမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ဝင်တွေ ပါခဲ့ပါတယ်။ သံဃာတော်များ ဦးဆောင်တဲ့ လှုပ်ရှားမှုကို NLD ၀င်ပြီး ဦးဆောင်သင့်မသင့် စဉ်းစားကြရတယ်လို့တော့ နားလည်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အကျယ်ချုပ်ကျနေတော့ အသံလွှင့်ဌာနက သတင်းတွေကိုပဲ ကြားရတာပါ။
NLD မှာ လူငယ်ပိုင်းတွေကို တာဝန်အမြောက်အများ ပေးထားပါတယ်။ လုပ်ရည်ကိုင်ရည် ရင့်ကျက်ဖို့က ရာထူး အမည်ခံဖို့ထက် ပိုပြီးတော့ အရေးကြီးတယ်ဆိုတာကို ကာယကံရှင်တွေကိုယ်တိုင်ကလည်း သိပါတယ်။ 
 (ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)
 (Graphic Design – ဂျစ်တူး (မုံရွာ))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts