>Than Soe Hlaing – Thein Sein and his future Burma

>

 သမ္မတသစ် ဦးသိန်းစိန် မိန့်ခွန်းနဲ့ အနာဂတ် မြန်မာနိုင်ငံရေး
သန်းစိုးလှိုင်၊
ဧပြီ ၂၊ ၂၀၁၁
အစိုးရသစ်အဖွဲ့ဝင်တွေ ကတိသစ္စာပြု (ကျမ်းကျိန်တယ်လို့ သုံးနှုန်းခြင်းမရှိ) ပြီးနောက် သမ္မတသစ် က လွှတ်တော်ကို တစ်ကြိမ် မိန့်ခွန်းပြောကြားပြီးနောက် တစ်ရက်မှာ အစိုးရအဖွဲ့ဝင်တွေ ဖြစ်တဲ့ ၀န်ကြီး ဒုဝန်ကြီး ရှေ့နေချုပ်၊ ရဲချုပ်၊ စာရင်းစစ်ချုပ်စတဲ့ အဖွဲ့ဝင်တွေကို ထပ်ပြီး မိန့်ခွန်းခြွေခဲ့ပါသေးတယ်။ အဆိုပါမိန့်ခွန်းနှစ်ခုလုံးမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောဆိုတဲ့ မိန့်ခွန်းကို မူဝါဒမိန့်ခွန်းလို့ ဖေါ်ပြထားပါတယ်။ ထိုနေ့က နေပြည်တော်မှာ ကတိသစ္စာပြုတယ်ဆိုတဲ့ သတင်းနေ့ခင်းပိုင်းမှာကတည်းက  ထွက်ပေါ်လာပြီး နေ့လည်မွန်းတည့်လောက်ကတည်းက ရုပ်သံကနေ အမိန့်ကြေညာစာတွေကို ထုတ်လွှင့်ဖတ်ပြနေခဲ့တာပါ။  ည၈ နာရီသတင်းမှာတဖန် သမ္မတမိန့်ခွန်းအပြည့်အစုံနဲ့ အမိန့်ကြေညာချက်တွေကို ထပ်ပြီးကြေညာခဲ့ပါတယ်။
အဆိုပါမိန့်ခွန်းဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရည်ညွှန်းပြောကြားတဲ့မိန့်ခွန်းပါ။ ဦးသိန်းစိန်က သူ့ရဲ့မိန့်ခွန်းကို မူဝါဒ သဘောထားလမ်းစဉ်သစ်တွေ ပြောဆိုဖို့ တာဝန်ရှိတယ်လို့ မိန့်ခွန်းအစမှာ ဆိုထားပါတယ်။   စစ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ရဲ့ အာဏာအခြေစိုက်ရာ စစ်တပ်ကိုသာ ရည်ညွှန်းပြီး ပြောဆိုလေ့ရှိပါတယ်။ နိုင်ငံတကာမှာလို ပြည်သူလူထုကို တိုက်ရိုက်ရည်ညွှန်းပြီး ရုပ်သံနဲ့ ရေဒီယိုမှ မိန့်ခွန်းပြောဆိုတာ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ အခုမိန့်ခွန်းကတော့ လူထုကိုမပြောပေမယ့်  အရပ်ဖက်က ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်မှာ ပြောဆိုတာဖြစ်လို့ ဆယ်စုနှစ်ကာလတွေ ချီပြီးမတွေ့ရတဲ့ မြင်ကွင်းမျိုးလည်း ဖြစ်ပါတယ်။
ဒီမိန့်ခွန်းမှာ ဘာတွေပါဝင်ပြီး လူဟောင်းအများစုနဲ့ ဖွဲ့ထားတဲ့ အစိုးရသစ် အနေနဲ့ ၊ လက်ရှိအခြေအနေကို ဘယ်လို သုံးသပ်ပြီး ရှေ့ဆက် ဘာတွေလုပ်ဖို့ ရည်ရွယ်ထားသလဲ ဆိုတာကို လေ့လာကြည့်ဖို့ ရှိလာပါတယ်။
အစဉ်မပြောင်းလဲတဲ့ အရေးသုံးပါး
ပထမဆုံးအနေနဲ့တော့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်နဲ့လဲကာကွယ်ကြဖို့ လိုအပ်တယ်ဆိုပြီး ပြောသွားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ရွေးကောက်ပွဲ မ၀င်မီကတည်းက ၂၀၀၈ အခြေခံဥပဒေကိုယုံကြည် လေးစားလိုက်နာပါမယ် ဆိုတဲ့ ခံဝန်ချက်ကို လက်မှတ်ထိုးခဲ့ကြတာမို့ ဒီအချက်ကို ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။
ဒီနောက် တာဝန်ကြီး ၃ ရပ် (တို့တာဝန် အရေးသုံးပါး) ဆိုတာကို ဆောင်ရွက်ဖို့ နိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအင်အား ရှိရမယ်လို့ဆိုပါတယ်။ အခုလက်ရှိအနေအထားမှာတော့ စစ်ရေးအင်အားကလွဲရင် စီးပွားရေးနဲ့ နိုင်ငံရေးအင်အားမရှိတာ သေချာပါတယ်။ အတိုက်အခံ အဖွဲ့အစည်းတွေကို နိုင်ငံရေး လမ်းစဉ်ထဲပါဝင်လာအောင် စည်းရုံးပြောဆိုခြင်းမရှိသလို စီးပွားရေးဘက်မှာလည်း နီးစပ်ရာ ကုန်သည်လုပ်ငန်းရှင်ကြီးတွေကိုသာ လက်ဝါးကြီးအုပ်လုပ်ခွင့်ပေးထားတာ ကြောင့် သာမန်ပြည်သူတွေအနေနဲ့ ယှဉ်ပြိုင်မှု အကျိုးရလဒ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ သိသိသာသာ တိုးပွားလာတာမရှိတာဟာ စစ်တပ်အုပ်ချုပ်တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလရဲ့ လက်တွေ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
ဒီလိုအနေအထားကနေ အခု ၃ မတ်သား အရပ်သား အစိုးရလို့ခေါ်ဆိုရမယ့် ဦးသိန်းစိန် အစိုးရအဖွဲ့က လုပ်ဆောင်နိုင်မလားဆိုတာ မေးစရာရှိပါတယ်။

အပြောနဲ့ လက်တွေ့
ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ စီးပွားရေး အင်အားမတောင့်တင်းရင် သူတပါးရဲ့ အထင်မြင်သေးမှု နှိမ့်ချမှုတွေကို ခံရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သား ပြဿနာတွေ၊ မြန်မာနိုင်ငံသားတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းရော အဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံနိုင်ငံအချင်းချင်းအကြားမှာတောင် အခွင့်အရေးတန်းတူမရတဲ့ အဖြစ်ဟာ ၂၃ နှစ်တာ စစ်တပ်အုပ်ချုပ်မှုရဲ့ အကျိုးဆက်တွေပဲ ဆိုတာကိုတော့ မိန့်ခွန်းမှာ ဖေါ်ပြမသွားခဲ့ပါဘူး။
နိုင်ငံတော် ကာကွယ်ဖို့ ကမ္ဘာ့အဆင့်မီ တပ်မတော် လိုအပ်တယ်ဆိုတာကိုလည်း  မိန့်ခွန်းမှာ ဖေါ်ပြခဲ့ပြီး နိုင်ငံသားတိုင်းမှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ရှိတယ်လို့လည်း ဆိုသွားပါတယ်။ ဒီဇင်ဘာလက နိုင်ငံတော် ပြန်တမ်းမှာ ထုတ်ပြန်ခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ရည်ညွှန်းပြောဆိုတာလို့ ယူဆစရာရှိပါတယ်။
စီးပွားရေးနဲ့ ပတ်သက်တဲ့ အပိုင်းမှာတော့ ဈေးကွက်စီးပွားရေး စနစ် ပီပြင်စွာဖြစ်ထွန်းလာအောင် ဆောင်ရွက်သွားကြမယ်လို့ ပြောသွားပါတယ်။ တပ်မတော်အစိုးရရဲ့ မူဝါဒလမ်းစဉ်တွေထဲ ဈေးကွက်စီးပွားရေး စနစ် ပီပြင်စွာပေါ်ထွန်းလာရေး ဆိုတာကိုထည့်သွင်းထားပြီး စီးပွားရေး ဦးတည်ချက် ၄ ရပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ နေ့စဉ်လိုလို ကြေညာနေတာကြောင့် ဒီအချက်ဟာလည်း အဆန်းတော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။ လက်တွေ့ဆောင်ရွက်ရာမှာသာ၊ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ အကျိုးစီးပွားအတွက် ပြိုင်ဆိုင်လုပ်ကိုင်ခွင့် ပိတ်ထားတဲ့ အချက်၊ စစ်အစိုးရနဲ့ နီးစပ်သူတွေ သားသမီးတွေကိုယ်တိုင် ကုမ္ပဏီထောင်ပြီး လုပ်ကိုင်တဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးတာတွေဟာလည်း လွန်ခဲ့တဲ့ ၂၃ နှစ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။
ဒီအချက်တွေကို အခုသမ္မတဖြစ်လာတဲ့ ဦးသိန်းစိန် အစိုးရက ဆန့်ကျင်လုပ်ဆောင်နိုင်ပါ့မလား ဆိုတာ သံသယရှိစရာပါ။
သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြီး နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံပြီး စက်မှုနိုင်ငံဖြစ်အောင် လုပ်မယ်လို့ ဆိုသွားပါသေးတယ်။ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဟာ ခေတ်မမီတဲ့ မျိုးစေ့၊ နည်းစနစ်နဲ့ စိုက်စရိတ် ချေးငွေစနစ် ၊ လွတ်လပ်တဲ့ရောင်းချမှု ဈေးကွက်မရှိတာတွေကြောင့် လယ်သမားတွေလည်း အကြွေးတင်၊ မြန်မာ့ဆန်ဈေးလည်း အရှေ့တောင်အာရှ ဆန်တင်ပို့တဲ့နိုင်ငံတွေ အကြားအနိမ့်ဆုံးရတဲ့ အခြေအနေကိုရောက်နေရတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာ ထိုင်းဆန်က ဈေးအမြင့်ဆုံးရပြီး ဗီယက်နမ်ဆန်က ဒုတိယ၊ မြန်မာ့ဆန်က အနိမ့်ဆုံးဈေးရှိတာကို သတင်းမီဒီယာတွေမှာ ဖတ်ရကြားနေရတာပါ။
ပြည်တွင်းသာမက ပြည်ပမှာပါ လူ့အခွင့်အရေးဆုံးရှုးံနေရတဲ့ မြန်မာပြည်သားများ
ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ပြည်ပမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားများရဲ့ တရားဝင်အခွင့်အရေးများ အပြည့်အ၀ရရှိနိုင်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။
ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံခေါင်းဆောင် တယောက် အနေနဲ့ တကြိမ်တခါမျှ အသိအမှတ်ပြု ပြောဆိုခဲ့တာ မရှိလို့ ယခုလိုဖေါ်ပြ အသိအမှတ်ပြုတာ ပထမဆုံး ဖြစ်ကောင်းဖြစ်ပါမယ်။  ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်္ကာပူ၊ ကိုးရီးယား၊ ၊ အရှေ့အလယ်ပိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတွေမှာ မြန်မာအလုပ်သမားတွေ သိန်းနဲ့ သန်းနဲ့ချီအလုပ်လုပ်နေကြရပါတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ နေထိုင်တဲ့ မြန်မာအလုပ်သမားတွေ အဖို့တရားဝင်မဖြစ်တဲ့ အချက်အပြင် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖေါက်ခံရတာ မရှိပေမယ့် ထိုင်း၊ မလေးရှားလို နိုင်ငံတွေမှာ နေထိုင်ရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ဘ၀ဟာ မိခင်နိုင်ငံအစိုးရရဲ့ အကာအကွယ်ဘာမှ မရရှိကြပါဘူး။ ဒီအချက်တွေကို အခု တာဝန်စယူတဲ့ ဦးသိန်းစိန် အစိုးရက ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်မြန်မာနိုင်ငံသားတွေ အတွက် ဒုက္ခတွေ လျော့နည်းလာမယ့် သဘောရှိပါတယ်။ ဘယ်လို ဆောင်ရွက်ပေးမှာလည်း ဆိုတာကို စောင့်ကြည့်ကြရဦးမှာပါ။
ယခုလက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် မြန်မာသံရုံးက ဆောင်ရွက်ပေးတဲ့ အထဲ ၀င်ငွေခွန်ဆောင်လိုသူတွေ လက်ခံဆောင်ရွက်ပေးတာ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင်လည်း အခွန်အပြည့်အ၀ဆောင်မှ တိုးပေးတာပဲ ရှိတယ်လို့ ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ ပြောဆိုချက်အရ ကြားသိနေရပါတယ်။
စီးပွားရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာမူဝါဒ နဲ့ ပတ်သက်လို့  ယခင်က တစ်ကြိမ်တခါမျှ မပြောဖူးတဲ့ ပင်စင်လစာတွေကို သင့်တော်တဲ့အချိန်ကြရင် တိုးပေးမယ်ဆိုတဲ့ တချက်ထည့်ပြောသွားပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ လွှတ်တော် အမေးအဖြေတွေမှာ လွှတ်တော်ကိုယ်စားလှယ်တဦး မေးခဲ့လို့ ဒီကိစ္စဟာ သတိပြုစရာ ကိစ္စ တစ်ခုဖြစ်လာရတဲ့ သဘောဖြစ်ပါတယ်။ 
 
အစိုးရအကြိုက်လိုက်ကလွတ်လပ်စွာ ဖော်ထုတ်နိုင်သည်
စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ သတင်းမီဒီယာများနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ခေတ်နဲ့ မလျော်ညီတဲ့ စာပေစာနယ်ဇင်း ဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်းမယ်လို့ ပြောသွားပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ တိတိကျကျ ဖေါ်ပြထားခြင်း မရှိပဲ နိုင်ငံတော်ရဲ့ အကျိုးနဲ့ မဆန့်ကျင်လျင် နိုင်ငံသားတိုင်း လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်ရှိသည် ဆိုတဲ့သဘောသာ ဖေါ်ပြထားတာဖြစ်ပါတယ်။
ယခုလက်ရှိ ကျင့်သုံးနေတဲ့ စာပေစိစစ်ရေး ဆိုတာကို ဖျက်သိမ်းဖို့ အရိပ်လက္ခဏာ မမြင်ရသေးပဲ၊ အကြောင်းအရာတချို့ကိုသာ ထုတ်ဝေပြီးမှ စိစစ်ရေးတင်ပြဖို့ ခွင့်ပြုဖို့ အဆိုပြုချက် ရေးဆွဲထားတာ လွန်ခဲ့တဲ့ သတင်းပတ်အတွင်း စာပေစိစစ်ရေး ညွှန်မှူးဟောင်းက ပြောခဲ့ပါတယ်။
၃၁ ရက်နေ့ အစိုးရအဖွဲ့ဝင်တွေကို ပြောတဲ့မိန့်ခွန်းမှာတော့ အစိုးရအဖွဲ့ဟာ ပြည်သူလူထုသိသင့်တဲ့အချက်တွေကို  မီဒီယာတွေမှ တဆင့်အသိပေးဖို့နဲ့ မီဒီယာတွေကလည်း အပြုသဘောဆောင်တာတွေကို ဖေါ်ပြဖို့ ပြောသွားပါတယ်။ မီဒီယာရဲ့ ပင်ကိုယ်သဘောမှာ ဘက်မလိုက်ဖို့၊ မျှတဖို့ ၊ စာဖတ်သူ၊ လူထုအကျိုးအတွက် ရဲရဲဝံ့ဝံ့ ပြောဆိုဖို့ မူဝါဒရှိပြီးသားဖြစ်တာကြောင့် အပြုသဘောဆောင်တယ်ဆိုတာဟာ ဘာကိုဆိုလိုသလဲဆိုတာ သဲသဲကွဲကွဲမ ရှိပါဘူး။ အစိုးရကို မဝေဖန်ဖို့ ဆိုလိုချင်တဲ့သဘောလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
မတ်လ ၃၁ ရက်နေ့မှာ အစိုးရအဖွဲ့ဝင်တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက်လာအောင် ကြိုးစားကြဖို့ ပြောသွားပါတယ်။ ကောင်းမွန်တဲ့ အုပိချုပ်မှုနဲ့ သန့်ရှင်းသော အစိုးရဆိုတာ ပေါ်ထွက်ဖို့ စတုတ္ထမဏ္ဍိုင်ဟာ ဘယ်လောက်ထိ လွတ်လပ်ခွင့်ရှိသလဲ ဆိုတာလည်း အရေးကြီးပါတယ်။ ယခုလက်ရှိ အနေအထားလို လွှတ်တော်ထဲ ကိုတောင် သတင်းထောက် ၀င်ခွင့်မရှိတဲ့ အနေအထားမျိုးနဲ့ သွားမယ်ဆိုရင် စတုတ္ထမဏ္ဍိုင်အနေနဲ့ အစိုးရအဖွဲ့ရဲ့  လုပ်ဆောင်မှုတွေ အပေါ်ဘာမှ ဝေဖန်ပြောဆိုခွင့် ရရှိမယ် မထင်ပါ။
သိန်းစိန်၏ ဒီမိုကရေစီ ကျင့်စဉ်ဋီကာ
ဒုတိယနေ့ မိန့်ခွန်းမှာ အစိုးရအဇွဲ့ရဲ့ ဒုတိယ လုပ်ငန်းစဉ်ဟာ  ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေး လို့ဆိုသွားပါတယ်။ သို့ပေမယ့် ဒီမိုကရေစီ ကျင့်စဉ်ထွန်းကားအောင် ယခုလက်ရှိမူတွေနဲ့ ကွဲပြားပြီး ဘယ်လိုဖေါ်ဆောင်မလဲဆိုတာက ပိုစိတ်ဝင်စားစရာ ဖြစ်ပါတယ်။
ဦးသိန်းစိန်ရဲ့မိန့်ခွန်းထဲမှာ ပြည်သူတွေက စနစ်တစ်ခု ကောင်းမကောင်း ဆုံးဖြတ်ရာမှာ သူတို့ရဲ့ နေ့စဉ်လူနေမှုဘ၀ အပေါ်ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာနဲ့ တိုင်းတာမှာဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒီအချက်ဟာ လက်တွေကျတဲ့ စကားလုံးပါ။ 
အထက်ပါ အချက်ကို တိုင်းဖို့ရာ ယခုအစိုးရသစ်တာဝန်ယူပြီး နောက် ၆ လအကြာ၊ တစ်နှစ်အကြာမှာ ဓါတ်ဆီဆိုင်တွေရှေ့မှာ ကားတန်းရှည်ကြီးတွေနဲ့ တန်းစီထုတ်ရောင်းတာတွေ ရှိနေဦးမှာလား၊ ဈေးဝယ်တဲ့အခါ ဘတ်စကားစီးတဲ့အခါ အကြွေမရှိလို့ ဆိုပြီး ခရီးသည်နဲ့ ကားစပယ်ယာ အကြားအငြင်းပွားတာတွေ ကြုံနေရဦးမှာလား။ နယ်မြို့တွေမှာ ပိုက်ဆံအကြွေတွေကို ပလပ်စတစ်အိတ်ထဲ ထည့်သွင်းပြီး သုံးနေကြရဦးမှာလား ဆိုတာနဲ့ တိုင်းထွာကြည့်ကြ မယ်ဆိုရင် အစိုးရ ကောင်းမကောင်း သန့်မသန့် မှတ်ကျောက်တင်နိုင်မှာ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts