ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော ● ရွှေတိဂုံဘုရားနဲ့ ဖေဖေ

လှကျော်ဇော ● ရွှေတိဂုံဘုရားနဲ့ ဖေဖေ
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၈


ဒီလို ဖေဖေ အသည်းအသန်ဖြစ်နေစဉ်မှာပဲလူအများအကြားပြောရဆိုရ ဝိဝါဒကွဲရနှင့်အငြင်းပွားဖွယ် ကိစ္စတခု ပေါ်ပေါက် ခဲ့ပါတယ်။ အဲဒါကတော့ ဖေဖေဟာ နောက်ဆုံးဆန္ဒအနေနဲ့ ရွှေတိဂုံဘုရားကြီး ဖူးမျှော်ချင်တယ်ဆိုတဲ့ကိစ္စပါပဲ။ ဒါ့ကြောင့် ဒီကိစ္စအကြောင်းကိုလည်း ရှင်းလင်းပြောပြရပါဦးမယ်။ ကျွန်မတို့ပါတီ ၁၉၈၉ ခုနှစ် ဖရိုဖရဲဖြစ်ပြီးနောက် ပါတီဟာ မြေ အောက်ပါတီ ဖြစ်သွားပါတော့တယ်။ ဒါ့ကြောင့် မြေအောက်ဘဝနဲ့မကိုက်ညီသူများ (အသက်အရွယ်ကြီးရင့်သူ၊ မကျန်းမာသူ၊ ကျော်ကြားပြီးသားသူများ စသဖြင့်) အားလုံးအနားယူပြီး တဖက်နိုင်ငံမှာ နေထိုင်လိုက်ကြရပါတော့တယ်။ ဒါ့ကြောင့် ကျွန်မ တို့ တမိသားစုလုံး တရုတ်ပြည်ကို ရောက်ရှိလာပါတော့တယ်။ ကိုယ့်တိုင်းကိုယ့်ပြည် မနေရသူတွေအားလုံးဟာ ပျော်ရာမှာ မနေရ၊ တော်ရာနေရတဲ့ဘဝမို့ ကိုယ့်ပြည်ကိုယ့်ရွာကိုလွမ်းတာဟာ သဘာဝကျပါတယ်။ ကျွန်မတို့တတွေလည်း အားအားရှိ အိမ်ပဲ လွမ်းမိနေကြပါတော့တယ်။ ဘယ်သူကမေးမေး “အိမ်ပြန်ချင်သလား” မေးလို့ကတော့ “ပြန်ချင်လိုက်တာ” ဆိုတာကို မဆိုင်းမတွ ဖြေမိတာချည်းပါပဲ။ ကျွန်မတို့ ပြန်ချင်တဲ့အိမ်ဟာ ရန်ကုန်အိမ်တခုတည်းကိုသာ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်မ တို့ တော်လှန်ရေးဆင်နွှဲခဲ့တဲ့ တကြိမ်တခါက ကျွန်မတို့ရဲ့လွတ်မြောက်ဒေသကြီးကိုလည်း ဆိုလိုပါတယ်။ ဗမာပြည်ထဲက ဘယ်နေရာမဆို ပြန်ချင်တာပါ။ ဗမာပြည်ကြီးဟာ ကျွန်မတို့ “အိမ်” ပါပဲ။

ဒါကြောင့်ပဲ အစောပိုင်း ဖေဖေ့အင်တာဗျူးတွေ (ဥပမာ-၂၀ဝ၃၊ ဧရာဝတီမဂ္ဂဇင်းနဲ့ အင်တာဗျူး) မှာလည်း ဗမာပြည်ပြန်ချင်တဲ့ အကြောင်း၊ တနေ့ပြန်ရောက်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိကြောင်း စတာတွေ ပါဖူးပါတယ်။ ဆိုလိုတာက အခု ဦးသိန်းစိန် အစိုးရက နိုင်ငံခြားရောက်ဗမာလူမျိုးများပြန်လာဖို့ ဖိတ်ကြားလို့ပြည်တော်ပြန်ရောဂါများတက်လာမှ ကျွန်မတို့ ဒီရောဂါရတာ မဟုတ်ပါဘူး။ အစောကြီးကတည်းက ကျွန်မတို့က ဒီရောဂါ စွဲထားပြီးသားပါ။

၂၀၁၁ ဒီဇင်ဘာ ၃ ရက် ဖေဖေ့ အသက် ၉၂ နှစ် ပြည့်မွေးနေ့မှာက ကျွန်မကို အင်တာဗျူးရာမှာ “ဗမာပြည် ပြန်ချင်သလား” လို့ မေးပါတယ်။ ကျွန်မက “သိပ်ပြန်ချင်ပါတယ်” လို့ ဖြေခဲ့ပါတယ်။ အဲဒီနေ့အစီအစဉ်မှာပဲ ဒီချုပ်က ဦးတင်ဦးရဲ့ ဖေဖေ့မွေး နေ့ဆုတောင်းကိုထုတ်လွှင့်ရာမှာ နိဂုံးချုပ်အနေနဲ့ ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကို တိုင်းပြည်ပြန်လာပြီး ခေါင်းချခွင့်ပေးသင့်ပါတယ်လို့ တောင်းဆိုသွားပါတယ်။

အဲဒီကစလို့ သတင်းကွန်ရက်တွေမှာ ဖေဖေ့ကို အိမ်ပြန်ခွင့်ပြုသင့်ကြောင်း တောင်းဆိုချက်တွေ အတော်များများ ထွက်ပေါ် လာ ပါတယ်။ ဒီအထဲက ပြည်သူရဲဘော်ခေါင်းဆောင်ဟောင်းတဦး (ကိုကိုးကျွန်းပြန်-ဗိုလ်မျိုးထွဋ်) ရဲ့ သမ္မတထံ အိတ်ဖွင့်ပေး စာဆိုတာလည်း ပါဝင်လာပါတယ်။ အဲဒါတွေကို မီဒီယာတွေက ပြန်ထုတ်လွှင့်ပေးတာတွေ ရှိလာပါတယ်။ အဲဒါတွေ ကြား ပြီးနောက် ဖေဖေ့ကိုလည်း တချို့မိတ်ဆွေတွေက လာရောက်ပြောပြတာတွေ မေးမြန်းတာတွေ လုပ်ပါတယ်။ ကျွန်မက ဖေ ဖေ့ကို “ဖေဖေ ရန်ကုန်ပြန်ရောက်ရင် အရင်ဆုံးဘာလုပ်ချင်သလဲ” လို့မေးတော့ ဖေဖေက မဆိုင်းမတွပဲ “ရွှေတိဂုံဘုရား တက်ဖူးမယ်” လို့ ပြောလိုက်ပါတယ်။

ဖေဖေက စကားပြောရင် အလွန်ဆင်ဆင်ခြင်ခြင် ပြောပါတယ်။ သူကောင်းကောင်း ကျန်းမာနေတုန်းကတောင် အင်တာဗျူး တွေကိုဖြေကြားရာမှာ မေးခွန်းတွေ အရင်တောင်းပါတယ်။ အဲဒီမေးခွန်းတွေကို သူကဖြေရာမှာ စာနဲ့အရင်ချရေးပြီးမှ ဖတ်ပြ တာပါ။ သမိုင်းဆိုင်ရာကိစ္စတွေမှာ အမှားပါမှာ သိပ်ကြောက်ပါတယ်။ “နောင်တနေ့ ဖေဖေ့စကားတွေကို အမှန်ဆိုပြီး လူ တွေက ကိုးကားကြမှာ။ ဒါကြောင့် ဖေဖေက သိပ်သတိရှိစွာပြောရဆိုရတာ” လို့လည်း ကျွန်မကို သင်ကြားပေးပါတယ်။ သူ အသက်နည်းနည်းရလာတော့ ဘာစကားမှ သိပ်မပြောတော့ဘဲ (အထူးသဖြင့် သူသိပ်မရင်းနှီးသူများ) သူ့ကို မေးကြ မြန်းကြ ရင်လည်း ကျွန်မကိုပဲ လှမ်းကြည့်တတ်ပါတယ်။ ကျွန်မက ဖေဖေ ဘယ်တုန်းက ဘယ်လို ပြောထားတယ်လေလို့ အစ ဖော်ပေးမှ သူက နည်းနည်းပါးပါးပဲ ပြောတတ်ပါတယ်။ (အဲဒီနည်းနဲ့ ဖေဖေ့မြေး သူရိန်ကျော်ဇောတို့ဇနီးမောင်နှံ ဖေဖေရဲ့ ပြောကြားချက်ဗွီဒီယိုခွေတွေ ရိုက်နိုင်သွားခဲ့တာပါ)။ အသက်ကြီးလာတော့ တုံ့ပြန်မှုတွေ နှေးလာလို့ ရိုးရိုးသာမာန်ကိစ္စတွေ တောင် သူက သိပ်မပြောတော့ပါဘူး။ အလွန်ကို စကားနည်းသွားပါတော့တယ်။ အမှားပါမှာ စိုးရိမ်တာလည်း ပါပါလိမ့်မယ်။ ဖေဖေက သိပ်သတိကြီးသူဖြစ်တာကိုး။

ဒါကြောင့် ဒီတခါ ကျွန်မရဲ့အမေးကို သူက မဆိုင်းမတွ “ရွှေတိဂုံဘုရား တက်ဖူးမယ်” လို့ဖြေလိုက်တော့ သူ့ရင်ထဲကစိတ်ဆန္ဒ အာသီသကို ကျွန်မသိလိုက်ရပြီး စိတ်ထဲလည်း အတော်မကောင်း ဖြစ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၉၉ ခုနှစ် ကကွယ်လွန်သွားတဲ့ မေမေကလည်း “မသေခင် ရွှေတိဂုံဘုရားကို ဖူးချင်တယ်” လို့ ပြောခဲ့ဖူးလို့ပါ။ မေမေလိုပဲ နောက်ဆုံးဆန္ဒ မပြည့် ဖြစ်သွားရလေမလားဆိုပြီး စိတ်ထဲထင့်သွားမိခဲ့တာပါပဲ။

ဖေဖေက ရွှေတိဂုံဘုရားကို အတော်စွဲလမ်းပါတယ်။ ငယ်စဉ်က ရန်ကုန်မှာကျောင်းနေစဉ်က မနက်အစောကြီး ရွှေတိဂုံဘုရား တက် ဂုဏ်တော် ၁၀ဝ၀ ပြည့်အောင် ပုတီးစိတ်တတ်ကြောင်း ကျွန်မတို့ကို ပြောပြဖူးပါတယ်။ ဘယ်က ပြန်လာ ပြန်လာ ရွှေ တိဂုံဘုရားကြီးကိုဖူးလိုက်ရရင် ရင်ကိုအေးသွားတာပဲလို့လည်း ပြောတတ်ပါတယ်။ ရွှေတိဂုံဘုရားကို ဘယ်ထောင့်က ကြည့်ကြည့် အပြစ်ဆိုစရာ မရှိအောင်ကို ဗိသုကာပညာမြောက်ပြီး သပ္ပါယ်တာ၊ တို့ဗမာလူမျိုးတွေအတွက်တော့ အမျိုးမာန ဂုဏ်တက်စရာ ကျက်သရေဆောင် ဘုရားကြီးပဲလို့လည်း ပြောတတ်ပါတယ်။ ဒီလို ဖေဖေရော မေမေရော ရွှေတိဂုံဘုရားကြီး ကိုစွဲလမ်းကြလွန်းလို့ ကျွန်မတို့အိမ်မှာ ရွှေတိဂုံဘုရားပန်းချီကားတွေ ဓာတ်ပုံမှန် ဘောင်သွင်းတွေ ချိတ်ထားရပါတယ်။

လူတွေအသက်အရွယ် ကြီးရင့်လာရင် ဒီနေ့ထမင်းစားပြီး မပြီး မသိတော့ပေမယ့် ငယ်ငယ်က အဖြစ်အပျက်တွေကိုပြန်မြင် ယောင် ထင်ယောင်တွေ ရှိလာတတ်ပါတယ်။ ငယ်ငယ်ကအဖြစ်အပျက်တွေကိုလည်း သတိတရပြောတတ်ဆိုတတ် လာပါ တယ်။ ဖေဖေလည်း ဒီလိုပဲ ဖြစ်လာဟန်ရှိပါတယ်။ သူ့နောက်ဆုံးနှစ်များမှာ ကျွန်မကို သူငယ်ငယ်တုန်းကအကြောင်းတွေ၊ သူ့အဖေရဲ့ချစ်တီးကြွေးကို သူဆပ်ပေးခဲ့ပုံတွေ၊ ငယ်ငယ်က သူ့နှမကို သူထိန်းရပုံတွေ၊ သူ့အမေက သူ့ဆရာအတွက် ကောက်ညှင်းဆန်ပို့ခိုင်းလို့ပို့ရတဲ့အကြောင်းတွေကို စီကာပတ်ကုံး ပြောပြတတ်ပါတယ်။ အဲသလိုဖြစ်စဉ်တွေအတွင်း သူငယ်ငယ် တုန်းကည်းက အာရုံစွဲခဲ့ဟန်ရှိတဲ့ ရွှေတိဂုံဘုရားကြီး စိတ်အစဉ်မှာ ပေါ်လာဟန်ရှိပါတယ်။ အလွန်သဘာဝကျတဲ့ ဖြစ်စဉ်တခု ပါ။

ကျွန်မက ဖေဖေ ရွှေတိဂုံဘုရားဖူးချင်ကြောင်း ကျွန်မမောင် အောင်ကျော်ဇောရောက်လာစဉ်မှာ ပြောပြမိပါတယ်။ အဲဒီကာလ အတွင်းမှာပဲ ဦးသိန်းစိန်အစိုးရအတွင်း ဒုဝန်ကြီးအပြောင်းအလဲတွေ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ကိုအောင်ကျော်ဇောဆီကို သတင်းမီဒီယာတွေက ဖုန်းဆက်ပြီး အင်တာဗျူးကြပါတယ်။ ဒီမှာတင် ကိုအောင်ကျော်ဇော ကျွန်မတို့ဆီရောက်နေတာသိသွားကြပြီး ဖေဖေနာမကျန်းဖြစ်တဲ့ကိစ္စ လူသိရှင်ကြား ဖြစ်သွား တာပါ။ ဖေဖေ ကျန်းမာရေးအခြေအနေတွေကို သူတို့က မေးကြ မြန်းကြ ပြောကြရင်းနဲ့ ရွှေတိဂုံဘုရားကိစ္စ ပါသွား တာပါပဲ။ ဒီမှာတင် ဖေဖေ အသည်းအသန် မကျန်းမမာဖြစ်နေကြောင်း၊ နောက်ဆုံးဆန္ဒအနေနဲ့ ရွှေတိဂုံဘုရားဖူးချင်ကြောင်း စတဲ့ သတင်းတွေ ကွန်ရက်တွေမှာပြန့်သွားပြီး မှတ်ချက်ရေးသူ အများအပြားကလည်း ဒီမျိုးချစ် ပြည်ချစ်ပုဂ္ဂိုလ်ကြီးမျိုးကို အစိုးရ အနေနဲ့ ပြန်လာခွင့်ပြုသင့်တယ်ဆိုတဲ့အရေးအသားတွေ တကျော့ပြန်ပေါ်လာပါတော့တယ်။ ဒါနဲ့တဆက်တည်း သမ္မတခွင့် ပြုချက်နဲ့ ဖေဖေ့ကို ဗမာပြည် ပြန်လာဖိတ်ခေါ်တယ်ဆိုတဲ့ကိစ္စ ပေါ်ပေါက်လတာပါပဲ။ ကျန်ဖြစ်ရပ်များကတော့ အားလုံးသိပြီး သားပါ။

ဖြစ်စဉ်ကတော့ ဒီအတိုင်းပါပဲ။ အသက်အရွယ်ကြီးရင့်သူတဦးရဲ့ အာရုံစွဲလမ်းမှုတခုသာဖြစ်ကြောင်း သိရှိအောင် ရေးသား လိုက်ရတာပါ။

လှကျော်ဇော


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts