>Burmese Tatmadaw published Myawaddy Newspaprt on April Fool Day

>

စစ်တပ်ပိုင် မြ၀တီ နေ့စဉ် သတင်းစာ စတင်ထုတ်ဝေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၃၊ ၂၀၁၁
စစ်တပ်မှ စီစဉ် တုတ်ဝေသည့် မြ၀တီ နေ့စဉ်သတင်းစာကို မြန်မာနိုင်ငံတွင် ဆဋ္ဌမမြောက် နေ့စဉ်ထုတ် သတင်းစာအဖြစ်  ဧပြီလ ၁ ရက်နေ့မှစတင်ထုတ်ဝေသည်ကို တွေ့ရသည်။ ဧပြီလ ၁ ရက်နေ့တွင် ပထမဆုံးထုတ်ဝေသည့် မြ၀တီ နေ့စဉ် သတင်းစာမျက်နှာဖုံး သတင်းအဖြစ် ၃၁ရက်နေ့တွင်  သမ္မတသစ် ဦးသိန်းစိန်နှင့် ဒုသမ္မတများ၊ ၀န်ကြီးအဖွဲ့များအား မိန့်ခွန်းပြောသည့် သတင်းကိုဖေါ်ပြပြီး ထွက်ရှိလာသည်ကိုတွေ့ရသည်။
မြ၀တီ နေ့စဉ် သတင်းစာ အရွယ်အစားမှာ ယခုလက်ရှိ အစိုးရသတင်းစာ ဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ အရွယ်အစား အတိုင်းပင် တွေ့ရပြီး အစိုးရပိုင် သတင်းစာတို့ထက် စာမျက်နှာ ၄ မျက်နှာလျော့နည်းကာ ထွက်ရှိလာပြီး ဈေးကွက်တွင် တစ်စောင်ချင်း ကျပ် ၁၀၀ ဖြင့်ရောင်းချလျက်ရှိသည်။
လမ်းဘေးတွင် သတင်းစာနှင့် ဂျာနယ် လက်လီရောင်းသူတဦးက
“လောလောဆယ် ကျွန်တော်တို့ မရသေးဘူး။ ကိုယ်စားလှယ်တွေ အနေနဲ့ အောင်မင်္ဂလာအဝေးပြေးမှာသွားယူရတယ် ပြောတယ်။ ကျွန်တော်တို့ ယူတဲ့ ကိုယ်စားလှယ်မှာ မရှိတော့ မရောင်းဖြစ်သေးတာ” ဟုပြောသည်။
ရန်ကုန်မြို့ရှိ အချို့သော လမ်းဘေးဂျာနယ်ဆိုင်များတွင်သာ ၀ယ်ယူရရှိနိုင်ပြီး ယခုလောလောဆယ်အနေအထား အရ ပြန့်နှံ့မှု သိပ်မရှိသေးသည်ကို တွေ့ရသည်။ ဖေါ်ပြသည့် သတင်းများအနေဖြင့် ပြည်တွင်း အစိုးရနှင့် စစ်တိုင်းမှူးများ၏ လှုပ်ရှားမှုများ၊ နယ်မြို့များမှ အစိုးရဋ္ဌာနဆိုင်ရာ သတင်းများ ၊ ပြန်ကြားရေးဋ္ဌာန သတင်းများ၊ အစိုးရ သတင်းစာတွင်ပါရှိသည့် သတင်းဆောင်းပါးများကဲ့သို့သော ဆောင်းပါးများ၊  အင်တာနက်မှ ကူးယူဘာသာပြန်ဖေါ်ပြသည့် နိုင်ငံတကာသတင်းများ၊ အားကစားသတင်းများနှင့် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ၏ အရောင်းမြှင့်တင်ရေးနှင့် ဖွင့်ပွဲသတင်းများ ကိုဖေါ်ပြထားသည် ကိုတွေ့ရသည်။ ပြင်ပစာမူရှင်များကိုလည်း သတင်းစာမှ ဖိတ်ခေါ်ထားသည်ကိုဖတ်ရှုရပြီး စီးပွားရေးကြော်ငြာများလည်း ဖိတ်ခေါ်ထားသည်ကိုတွေ့ရသည်။ 
မြ၀တီနေ့စဉ် သတင်းစာ ထုတ်ဝေရန် ယမန်နှစ်ကတည်းက ၀န်ထမ်းများ ခန့်အပ်ခြင်း၊ လေ့ကျင်သင်တန်းပေးခြင်းတို့ ပြုလုပ်လျက်ရှိသည်ဟု ကြားသိရပြီး ရန်ကုန်ရုံးခွဲအနေဖြင့် မိုးကောင်းဘုရားလမ်းရှိ ယခင်တပ်မတော် မှတ်တမ်းရုံးနေရာကို မြ၀တီ ရုပ်သံနှင့် သတင်းစာတို့၏ ရုံးခွဲအဖြစ် အသုံးပြုလျက်ရှိသည်ဟု မီဒီယာအသိုင်းအ၀ိုင်းမှ ပြောဆိုချက်အရ သိရသည်။
မြ၀တီ နေ့စဉ် သတင်းစာကို နေပြည်တော် ပုဗ္ဗသီရီမြို့နယ်တွင် ရိုက်နှိပ်သည်ဟု ယူဆရပြီး ရန်ကုန်နှင့် မန္တလေးမြို့အပါအ၀င် အခြားမြို့ကြီးများသို့ ကုန်းလမ်းမှ အဓိကထား ဖြန့်ဖြူးသည်ဟု သတင်းစာရောင်းချသူ တစ်ဦးကပြောသည်။
သတင်းဂျာနယ်များအား နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပြုမည်ဟု လွန်ခဲ့သည့် ၃ နှစ်ဝန်းကျင်မှ စပြီး မကြာခဏ သတင်းထွက်ပေါ်ခဲ့သည်။  ထိုသို့သတင်းထွက်ပေါ်ရာတွင် မြန်မာတိုင်းမ်၊ ဆဲဗင်းဒေးစ်၊ ရန်ကုန်မီဒီယာ ဂရုပ်၊ အလဲဗင်းမီဒီယာ ၊ သည်ဗွိုက်စ် ဂျာနယ်တိုက်တို့လို အစိုးရက ယုံကြည်စိတ်ချရသည့် သတင်းဂျာနယ်တိုက်များသို့ ခွင့်ပြုမည့် အလားအလာရှိသည်ဟု သတင်းထွက်ပေါ်လေ့ရှိသော်လည်း ယခုအချိန်ထိ မည်သည့် ပုဂ္ဂလိက သတင်းဂျာနယ်ထုတ်ဝေသူမှ နေ့စဉ် သတင်းစာထုတ်ဝေခွင့်မရသေးပေ။
ဧပြီလ ၃၁ ရက်နေ့ နေပြည်တော် သမ္မတရုံး၌ ကျင်းပခဲ့သည့် အစိုးရအဖွဲ့ဝင်များအား သမ္မတသစ် ဦးသိန်းစိန်က မိန့်ကြားသည့် မိန့်ခွန်းတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ အခန်းကဏ္ဍကို အလေးထားဖို့ လိုသည်ဟု ဖေါ်ပြခဲ့ပြီး အစိုးရအဖွဲ့ဝင်များ အနေဖြင့် စာနယ်ဇင်းများမှ ပြည်သူသို့ အသိပေးသင့်သည့် အချက်များကို အသိပေးသွားဖို့၊ စာနယ်ဇင်းများရဲ့ အပြုသဘောဆောင်သည့် အကြံပြုချက်တွေကိုလည်း အလေးထားဖို့ ပြောဆိုခဲ့သည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေ၌ သတင်းစာလွတ်လပ်ခွင့် ၊ မီဒီယာလွတ်လပ်ခွင့်ကို ရှင်းလင်းစွာ ဥပဒေဖြင့် အာမခံထားခြင်းမတွေ့ရသလို ယခုအချိန်ထိ ပုံနှိပ်သတင်းမီဒီယာများ အနေဖြင့် စာပေစိစစ်ရေးဋ္ဌာနသို့ ကြိုတင်ပြသပြီး ခွင့်ပြုသည်တို့ကိုသာ ထုတ်ဝေနေရဆဲဖြစ်သည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts