ကဗျာ

မောင်စိုးချိန် – မင်းလောင်းဘယ်သူလဲ

မောင်စိုးချိန် – မင်းလောင်းဘယ်သူလဲ

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၄

လွန်ခဲ့တဲ့ နှစ်သုံးဆယ်

လေးဆယ်ကျော်က

မျှော်တ ခဲ့ဘူးရဲ ။့

အမှောင်ခေတ်ကို တွန်းဖွင့်

ထွန်းသစ်အာရုဏ်ဦး

မျှော်ဖူးကြိုလင့်ခဲ့။

အမှောင်ခေတ်ပျက်

မြို့ ဖျက်မဲ့သူ

ထိုသူ

သူရဲကောင်းကို မှန်းဆ

တမ်းတမိခဲ့

ဒါ  . . .အနာဂတ်အိပ်မက်တွေထဲ

သူရဲကောင်း မျှော်

ကယ်တင်မယ့်သူကိုမျှော်

မင်းလောင်းမျှော်သမားပဲ။

ယနေ့ ခေတ်

ခံယူချက်အသစ်ပြောင်းသွား

အနာဂတ်ဟာ ကိုယ်ပဲ

အရုဏ်ဦးဟာ ကိုယ်ပဲ

ပိတ်ဆို့ အမှောင်တိုက်

အားတိုက် အင်တိုက် လှဲကျင်း

ဖယ်ရှင်း

ကိုယ်ကျိုးစွန့် ရင်း

အားမာန်ခဲ ဇွဲ

သတ္တိခဲဟာ ကိုယ်ပဲ

သူရဲကောင်းဟာ ကိုယ်ပဲ။

သံမဏိ စိတ်ဓါတ် စွဲရစ်

ခေတ်သစ်ကို ထူထောင်မယ့်သူ

ကိုယ်ပဲ ဖြစ်တယ်

ဖြစ်ရမယ်။

အဲဒီ အချင်းအရာ

စိတ်ဓါတ်များစွာ

တိုင်းပြည်က ပိုင်ဆိုင်လာ

ကြွယ်ဝ လာပြီ ဆိုမှဖြင့်

လမ်းပွင့်သွားပြီ

လွတ်မြောက်ဖို့ 

တိုးတက်ဝေစည်ဖို့ 

ငြိမ်းချမ်းသာယာဖို့ 

တိုင်းပြည်ဖွံ့ ဖြိုးဖို့ ရာ

အသေအချာ။   ။

အောက်တိုဘာ ၄ ၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts