မှတ်စုမှတ်တမ်း

ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် – ၈၈ အရေးတော်ပုံကာလ ၊ ဒေါက်တာမောင်မောင်ထံ ပေးစာ

ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် – ၈၈ အရေးတော်ပုံ ကာလ၊ ဒေါက်တာမောင်မောင်ထံ ပေးစာ

(မိုးမခ မှတ်စုမှတ်တမ်း) အောက်တိုဘာ ၂၄၊ ၂၀၁၄

သို့/

ဥက္ကဋ္ဌ

နိုင်ငံတော် ကောင်စီ

နေ့စွဲ၊ ၂၇-၈-၈၈

အထူး ချစ်ခင် လေးစားရပါသော ကိုမောင်မောင် ခင်ဗျား

ကိုမောင်မောင်လို Jurist တစ်ယောက်စီ ဒီစာရေးရတာ “မိကျောင်းမင်းရေကင်းပြ” သလိုပါဘဲ။ ဒါပေမယ့် “ပညာရှိသော်လဲ သတိဖြစ်ခဲ” ဆိုတဲ့ စကားကလဲ ရှိသေးတော့ – ကိုယ့်ကိုကိုယ် ရဲဆေးတင်ပြီး ရေးလိုက်တာပါဘဲ။

ကိုမောင်မောင် မှတ်မိပါလိမ့်ဦးမယ်။ ဟို လွန်ခဲ့တဲ့ ၁၉၆၆-၆၇ လောက်တုန်းက၊ ကျွန်တော်တို့ တော်လှန်ရေးအစိုးရက နိုင်ငံခြား ဧည့်သည်တစ်ယောက်ကို အင်းယားကန် ဟော်တယ်မှာ ညစာကျွေးရတာ၊ အဲဒီညစာပွဲအပြီး အားလုံး ပြန်ကြလို့ – ကိုမောင်မောင်ရယ် – BBS Director ဦးခင်ဇော်ရယ်၊ မမမြ (ခင်မျိးချစ်) နဲ့ ကျွန်တော်တို့ လေးယောက်သာ ၀ိုင်းဖွဲ့ ကျန်ရစ်တဲ့ အချိန်မှာ – ကိုမောင်မောင် အားရပါးရ ငိုတာလေ – Come September, I am going to resign —–“ ကျွန်တော် မခံနိုင်တော့ဘူး ကိုလတ်၊ ကျွန်တော် တစ်နေ့မှ စိတ်မချမ်းသာရဘူး။

Mothers, wives, sisters coming to me for help every day for their sons, husbands, brothers in trouble ——

အစိုးရ ထိပ်ပိုင်းထားလို့ ကိုမောင်မောင်လို တရားရေး ၀န်ကြီး၊ အနေနဲ့ အသနား ခံကြတာ။ သွေးသား မတော်စပ်တဲ့ ဒုက္ခသည်တွေအတွက် ကိုမောင်မောင် ဘယ်လောက် စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတာပေါ့။ လွန်စွာ အတိ ဒုက္ခရောက်နေတဲ့ သူတွေကို ကယ်ချင်ရက်နဲ့ မကယ်နိုင်လို့ကို ကိုမောင်မောင် ငိုခဲ့ရတယ်နော် (ဟိုတုန်းက) အခုဆိုယင် ကိုမောင်မောင်အနေနဲ့ နှုတ်စကားလေး တစ်ခွန်း၊ ကလောင်လေး တစ်ချောင်း ဆွဲရုံနဲ့ သိန်း၊ သန်း မကတဲ့ လူတွေကို ကယ်တင်နိုင်ပါတယ်။ ကိုမောင်မောင်ရဲ့ ဘ၀ကုသိုလ်ကံကောင်းပါပေတယ်။

ကျွန်တော်ကဘဲ Niave  ရိုးအလွန်းတာလား မသိဘူး။ ကျွန်တော်ကတော့ ကိုမောင်မောင်ဟာ တစ်ပါတီ စနစ်ကို ဘယ်တုန်းကမှ အူထဲ အသဲထဲက လှိုက်လှိုက်လှဲလှဲ ကြိုက်နှစ်သက်ခဲ့တယ်မထင်ဘူး။ မတတ်သာလို့သာ တစ်လျှောက်လုံး ခေါင်းငြိမ့်လာခဲ့ရတယ် ထင်တာဘဲ။ ကျွန်တော် ထင်သလို ကိုမောင်မောင် ကိုယ်တိုင်က “မဟုတ်ဘူးဗျို့” လို့ ခိုင်ခိုင်မာမာ ပြောမှ ယုံရမှာဘဲ။

ကိုမောင်မောင်အနေနဲ့ ဒီစနစ်ဆိုးကြီးကို ကိုမောင်မောင်ရဲ့ သားတွေ၊ မြေးတွေကို အမွေ ပေးခဲ့ချင်လိမ့်မယ် မထင်ဘူး။ ကိုမောင်မောင်ရဲ့ ဘ၀ တသက်တာမှာ ထိပ်တန်းလူတန်းစား အဖြစ်နဲ့ နေရလို့ အကောင်ဆုံးချည်း ခံစား၊ စံစားခဲ့ပေမဲ့ သားတွေ မြေးတွေကျယင် အခု ဆန္ဒပြနေကြတဲ့ အတန်းအစားထဲမှာ ရောက်နေယင် မခက်ပါလား။ ကိုယ့်သား ကိုယ့်မြေး တွေဟာ ကိုယ်လုပ်ခဲ့တဲ့ စနစ်ရဲ့ သားကောင်တွေ မဖြစ်ဘူး မပြောနိုင်ဘူး။

အလားတူဘဲ ကျွန်တော် နားမလည်နိုင်တဲ့ အချက်ကတော့ ဥက္ကဋ္ဌကြီးဟောင်း ဦးနေ၀င်းရဲ့ သွေးထဲ သားထဲက တကယ်နိုင်ငံရေး ယုံကြည်ချက်ပါဘဲ။ ကျွန်တော့်ကို Working People’s Daily အယ်ဒီတာချုပ်အဖြစ်နဲ့ ချပေးတဲ့ မူဝါဒက အင်္ဂလိပ်ခေတ်အစိုးရထုတ်တဲ့  “သူကြီး ဂေဇက်” မဖြစ်စေနဲ့။ အရှက်မရှိ ၀ါဒဖြန့်တဲ့ “ရွှေပြည်တော်” လို မဖြစ်စေနဲ့။ နိုင်ငံတွင်း – နိုင်ငံခြား သတင်းတွေလို အမှန်အတိုင်း ထည့်။ သတင်းကို မှောင်မချနဲ့။ ကိုယ်လိုသလို ဆွဲမရေးနဲ့။ လွတ်လွတ်လပ်လပ် ရေး။ Letter to editor ဆိုယင် အရင်းအတိုင်းထည့်။ လူထုအနေနဲ့ ကြိုက်သလို ဝေဖန်ရေးသားပေစေ။ လူတွေကို တုန်းမကုန်စေနဲ့။ အဲဒီလို မူ ချပေးထားလို့ ၁၂-၁-၁၉၆၄ ကနေ ၃-၈-၁၉၆၈ အထိ Working People’s Daily အင်္ဂလိပ်သတင်းစာတွေကို ပြန်ကြည့်ယင် အဲဒီ မူဝါဒအတိုင်း လွတ်လွတ်လပ်လပ်ကြီး ရေးသားတာကို မြင်ရပါလိမ့်မယ်။

ဟိုတုန်းက ဗိုလ်ချုပ်ကြီး နေ၀င်းအဖြစ်နဲ့ Policy briefing မူဝါဒ ရှင်းလင်းကြတဲ့ အခါမှာလဲ တစ်ပါတီ နိုင်ငံတွေကို ဒီလို ပြောပါတယ်။ “ ကြည့်စမ်း စတာလင်ဟာ တစ်ချိန်တုန်းက ဘုရား။ အခု နွား။ ဒါတွေ ဘယ်ကောင်းမလဲ။ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံတွေမှာ ဆိုယင်၊ လူထုက လွတ်လွတ်လပ်လပ်ကြီး ရွေးချယ် ထားတဲ့ ပါတီတွေဟာ အာဏာရတဲ့ ပါတီက တက်တဲ့ အလှည့်မှာ တက်။ ကိုယ်တက်တဲ့ အခါ သူဆင်း။ တခါ အလှည့်သင့်လို့ ကိုယ့်အာဏာလက်လွှတ်ရလို့ ကိုယ်ဆင်းတဲ့ အခါ သူက တက်ပေါ့။ အေးအေး ချမ်းချမ်းဘဲ။ ဘယ်လောက် ကောင်းလဲ။” ဒီလို ပြောတာကို ကြားလိုက် မှတ်လိုက်ရတဲ့ လူတွေ အများကြီးရှိပါတယ်။ နိုင်ငံရေး အာဏာမဲ့တာနဲ့ ဘယ်နိုင်ငံမှ ထွက်ပြေးလို့ မလိုဘူး။

အဲဒီလို လွတ်လပ်၊ ကျယ်ပြန့်၊ သဘောထားကြီးတဲ့ မူဝါဒကနေပြီး တဖြေးဖြေး မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် ရတဲ့ အဖြစ်ကို ရောက်ပြီး၊ ဘယ်သူမှ ရေ၀ံ့၊ မပြောဝံ့၊ မဟ၀ံ့တဲ့ အခြေကို ဘာကြောင့် ရောက်ရသလဲ။ သရဲမွေးတဲ့ အောက်လမ်းဆရာလို နိုင်ငံရေး ပါတီကြီးကို မွေးထုတ်လိုက်ပြီး တိုင်းပြည်ရဲ့ အကျိုးထူး၊ အခွင့်ထူး ဟူသမျှကို အကုန်ခံဏားရတဲ့ ပါတီဝင်တွေဟာ ဒီပါတီ ကောင်းမှန်းသိပြီး လက်မလွှတ်နိုင်ကြတဲ့ သူတွေက ကြီးထွားသည်ထက် ကြီးလာပြီး ဖန်ဆင်းရှင် ဥက္ကဋ္ဌကြီး က သူတို့ကို မနိုင်တော့တဲ့ အဆုံး ယနေ့ တိုင်းပြည်မှာ မခံမရပ်နိုင်အောင် အုံကြွပြီး ကန့်ကွက် ဆန္ဒပြနေတာပါ။

“တစ်ပါတီ စနစ်” ရဲ့ ရလာဒ် ဆိုးကျိုးကြီးပါဘဲ။

ကျွန်တော့်ထက် ပညာတတ်၊ ဗဟုသုတ အများကြီး ရှိတဲ့ ကိုမောင်မောင်က အများကြီး ပိုပြီး သိပါလိမ့်မယ်။ ဒါလောက် တစ်တိုင်း ပြည်လုံးကို ကပ်ဆိုက်သလို “ဆိုးကျိုး” ပေးတဲ့ တစ်ပါတီ စနစ်ကို တစ်ချက်ထဲနဲ့ အဆုံးသတ်ပစ်နိုင်တဲ့ ကိုမောင်မောင်က ဘာကြောင့် QUALMS ၀န်လေးနေရတာလဲ။ လူထု တစ်ရပ်လုံးက ရွေးကောက်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူတစ်ရပ်လုံးက Referendum ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ ထောက်ခံအတည်ပြုထားတဲ့ အုပ်ချုပ်ရေး စည်းမျဉ်း ဆိုတာတွေကို ကိုမောင်မောင်တကယ် နှစ်နှစ်ကာကာ ယုံကြည်ပြီး ပြောနေတာလား။

ကိုမောင်မောင်ရော၊ ကျွန်တော်ရော၊ ကျောင်းသားရော၊ တောသူ တောင်သားရော၊ မြို့ပေါ်က အလုပ်သမား ဆင်းရဲသား၊  ဆိုက်က္ကားသမား ခေါင်းရွက် ဈေးသည်ပါ မကျန် ကမ္ဘာမှာ Intelligeht အဖြစ်ဆုံး ဖြစ်တဲ့ ဗမာ လူထု တစ်ရပ်လုံး သိပါတယ်။ တစ်ပါတီ စနစ်အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက် ညစ်ပါတ်တာတွေ၊ ချိန်းခြောက်တာတွေ ပါတယ် ဆိုတာ။

(၁) လူ (၁၀၀) မဲရုံ တစ်ရုံ ဆောက်တယ်။ တစ်ယောက်မကျန် မဲမပေးဘဲ မနေရအောင် ကြီးကြပ်တယ်။ မမေးဘဲ ဘယ်သူမှ မနေရဲဘူး။

(၂) အဖြူပုံးကို အပေါက်ဝမှာထားပြီး၊ အမဲပုံးကို ဟိုဘက်စွန်းမှာ ထားတယ်။

(၃) အင်မတန် သတ္တိရှိတဲ့ သူတွေက စွန့်စွန့်စားစား အမဲပုံးထဲ သွားထည့်လိုက်ပေမဲ့ မဲ ရေတွက်တဲ့ အခါကျတော့ အကုန်လုံး အဖြူတွေချည်း ဖြစ်ကုန်တယ်။

(၄) မဲရုံစောင့်တဲ့ သူတွေက ရာနှုန်းပြည့် ထောက်ခံမဲရတယ်ဆိုတာ အစီရင်မခံရယင် သေမလောက် ကြောက်ကြတယ်။

အဲဒီတော့ ဒီနည်းနဲ့ ရွေးထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘယ်လောက် တန်ဘိုးရှိသလဲ။ ဒီနည်းနဲ့ ထောက်ခံ အတည်ပြုထားတဲ့ တစ်ပါတီ စနစ် အုပ်ချုပ်ရေး စည်းမျဉ်းဟာ ဘယ်လောက် ပြည်သူ့ထောက်ခံမှု တကယ်ရရှိသလဲ ဆိုတာ ကိုမောင်မောင် တကယ် မသိလို့လား။ ကိုမောင်မောင် တကယ်ကို မသိသေးဘူးဆိုရင် ကိုမောင်မောင်လို ပုဂ္ဂိုလ်ကြီး ကျွန်တော် နဲ့ မမမြတို့ ညီအရင်း၊ မောင်အရင်း၊ ဆွေမျိုးလဲ တကယ် မကင်းတဲ့ မိတ်ဆွေရင်းချာကို ပြောပြရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူတယ်။

ကျွန်တော် နိုင်ငံရေးဆိုတာ နကန်းတစ်လုံး နားမလည်ပါ။ သို့ပေမဲ့ သာမန်အရပ်သား တစ်ယောက်၊ တိုင်းသူ ပြည်သားတစ်ယောက် သိတာလောက်ကိုတော့ သူလို ငါလို သိပါတယ်။ ဘယ်လိုလဲ ဆိုရင်

(၁) အဲဒီလို ရာနှုန်းပြည့် ထောက်ခံပြီး ရွေးကောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ထိပ်တန်းခေါင်းဆောင်ကြီး တွေဟာ ရှေ့က လက်နက်ကိုင် အစောင့်အရှောက်၊ နောက်က လက်နက်ကိုင် အစောင့်အရှောက် မပါဘဲ လမ်းမထွက်ဝံ့ဘူး။ အင်္ဂလိပ်ခေတ်က အဲဒီလို မတွေ့ခဲ့ဘူး ဘူး။ ( နိုင်ငံရေး စကား ဒီမိုကရေစီဆိုတာ မသုံးချင်လို့ပါ)

(၂) ဆီ၊ ဆန်၊ ဆား၊ သကြား၊ နို့ဆီ ဆိုတဲ့ စားကုန် သောက်ကုန်တွေကို လူထုဝယ်တဲ့ ဈေးနဲ့ မဟုတ်ဘဲ အထူးလျှော့ဈေးနဲ့ ၀ယ်လို့ရတယ်ဆိုတဲ့ အလေ့အကျင့်ကို အင်္ဂလိပ် ခေတ်တုန်းက တစ်ခါမှ မကြားဘူးခဲ့ပါ။ ဒီလို VIP လူတန်းစားတွေက လူထုတွေ ဘယ်ဈေးနဲ့ ၀ယ်လို့ ဘယ်လိုဖြစ်နေတယ်ဆိုတာ ဘယ်လိုလုပ် ကိုယ်ချင်းစာနိုင်မလဲ။

(၃) ပညာရေး လောကမှာ ၀န်ကြီး၊ ၀န်ကလေး၊ VIP သား၊ သမီး တွေကို အထူးမှတ်တွေ ပေးပြီး အကောင်းဆုံး ကျောင်းတွေရောက်အောင် လုပ်ပေးရတာတွေလဲ တစ်ပါတီ စနစ်ရောက်မှ ကြားဘူးပါတယ်။

(၄) အရှေ့ကဘဲ ဖြစ်ဖြစ်၊ အနောက်ကဘဲ ဖြစ်ဖြစ် တိုင်းပြည်အတွက် ကောင်းတာတွေူယူမယ်ဆိုတာ “အညမည” သဘောတရားမှာပါတာ အလွန်ကောင်းပါတယ်။ အနောက်နိုင်ငံ စစ်တပ်တွေမှာ စစ်ဗိုလ်က တပ်သားကို လက်ဖျားနဲ့ မထိရပါဘူး။ အဲဒီလောက် ယဉ်ကျေးပါတယ်။ အဲဒါကို အတူမခိုးပါ။ ဂျပန်စစ်တပ်မှာ စစ်ဗိုလ်က တပ်သားကို ပါး၊ နား ရိုက်တဲ့ အကျင့်ကို လိုက်နာ ကျင့်သုံးပါတယ်။

(၅) အင်္ဂလိပ်ခေတ်က နိုင်ငံရေး၊ ကျဉ်းသမားတွေကို “A” Class ၊ “B” Class ထားပြီး အလွန်ယဉ်ကျေး ဆက်ဆံပါတယ်။ ဒေါက်တော မောင်မောင်ဟာ အင်္ဂလိပ် အကျဉ်းသား အဖြစ် အပြင်မှာ နေတဲ့ အဆင့်မျိုးနဲ့ နေရပါတယ်။ ဆိုက်ကားသမား အဆင့်ရှိတဲ့ “သခင် ဘမောင်” ဟာ ပေါင်မုန့် ထောပတ်သုတ်စားရပါတယ်။ ဖမ်း၊ ဆီး ချုပ်နှောင် တရားစီရင်ရေး ကိစ္စမှာ သာမန် အရပ်သားနဲ့ ထိတွေ့သလောက်တောင် ပြောလို့မကုန်နိုင်ပါ။ ဒီကိစ္စမှာ ကိုမောင်မောင်က ကျွန်တော့်ထက် အဆတရာ ပိုသိပါလိမ့်မည်။

(၆) မြန်မာသတင်းစာတွေက အင်္ဂလိပ် အစိုးရကို နေ့တိုင်း ဝေဘန်နိုင်တယ်။ ကျွန်တော် အခုရေးလိုက်တဲ့ စာမျိုးကို အင်္ဂလိပ်ခေတ်မှာဆိုရင် ကျွန်တော့်နာမည်နဲ့ အင်္ဂလိပ်-မြန်မာ သတင်းစာမှာ ရေးချင်ရာ လွတ်လွတ်လပ်လပ် ရေးနိုင်ပါတယ်။ အခု “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ” ဆိုတဲ့ တစ်ပါတီ စနစ်အောက်မှာတော့ ဒါမျိုးရေးတဲ့ အတွက် ကျွန်တော့်မှာ အဖမ်း၊ အဆီး ၊ အချုပ်၊ အနှောင် ခံရမှာကို ကြောက်နေရပါတယ်။

ကိုမောင်မောင်၊ မြင့်တို့ မိသားစု ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာ၍ သုံးဆယ့်ရှစ်သန်းသော ပြည်သူတွေကို ကယ်မကြည့်ရှူစောင့်ရှောက် နိုင်ပါစေ။

ချစ်ခင်လေးစားသော

(ဦးခင်မောင်လတ်) M.A

နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်

ကိုမောင်မောင်

ကိုလတ်နှင့် မမမြတို့ဟာ နှစ်ပေါင်း (၅၀) ဆိုးတူ ကောင်းဖက် နေခဲ့ကြတယ်။ ဘယ်အရေး ကိစ္စမဆို စိတ်တူ သဘောတူ လုပ်ခဲ့ကြတယ်။ အခုလည်း ကိုလတ်ရေးတဲ့ စာကို အကြွင်းမဲ့ တောက်ခံ အားပေးလိုက်ပါတယ်။

ကိုလတ်နှင့် မမမြနှစ်ဦးစလုံး အခု အသက် (၇၀) ကျော်ပါပြီ။ မမမြဆိုရင်လည်း မစွမ်းမသန် ဒုက္ခိတ CRIPPLE ဖြစ်နေပါပြီ။

သို့ပေမဲ့ အခုလို ကိုယ့်သား သမီး မြေးများနှင့် တကွ (နောင်လာ နောက်သားတွေအတွက်) အခုလိုတစ်ခွန်း တစ်ပါဒလေး ပြောဆိုခွင့်ရတာကို ၀မ်းသာပါတယ်။ မမမြတို့ အဖို့ အသက်ရှင်နေရကျိုး နပ်ပါပြီ။

ရှေး ရောမခေတ်အစိုးရကို ဖြုတ်ချ အာဏာသိမ်းဖို့ ကြံစည်တဲ့ CATALINE နှင့် အပေါင်းပါတွေကို ဆီးနိတ်အဖွဲ့ဝင်တချို့က ရုံးတင်စစ်ဆေးခြင်းမလုပ်ဘဲ သေဒဏ်ပေးရမယ်လို့ ပြောပါတယ်။

ဒီတော့ ဥပဒေ ပညာရှင်ကြီး CICERO က ကနု့်ကွက် ပြောဆိုပါတယ်။ “ ကိုယ် အာဏာရနေတုံး အခုလို လုပ်ရင် အစဉ်အလာဖြစ်ပြီး ကိုယ့်သား၊ မြေး နောင်လာ နောက်သားတွေ ဒီဒဏ်ခံကြရလိမ့်မယ်” တဲ့။ ဒီအဆို အမိန့် ကိုမောင်မောင် သိပြီးသားဖြစ်မှာပါ။ မမမြ ပြောရတာ ဘုန်းကြီးစာချဆိုသလို အားနာလှပါတယ်။

ကိုမောင်မောင်နှင့် မြင့်တို့ မိသားစု ကို အမြဲ မေတ္တာပို့လျှက်ပါ။

မမမြ

(ခင်မျိုးချစ်)

စာရေးဆရာ

လွတ်လပ်ရေး မော်ကွန်း တတိယအဆင့်

၅၀၅ / ဂ၊ ပြည်လမ်း၊ ပြည်ရိပ်သာ

တက္ကသိုလ်စာတိုက်၊ ရန်ကုန်မြို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် – ၈၈ အရေးတော်ပုံကာလ ၊ ဒေါက်တာမောင်မောင်ထံ ပေးစာ
  1. ဒေါက်တာမောင်မောင်ကလည်း ဦးနေဝင်းကို ငယ်ကြောက် ရုပ်သေးသမ္မတပါ။ ရုပ်သေးဆရာ ဦးနေဝင်းကြိုးဆွဲရာ ကခဲ့ရတဲ့ဘဝလေ။ ဆရာဇဝနတို့က ကြေးမုံဦးသောင်းကိုလွှတ်ပေးဖို့ ဦးနေဝင်းကိုအသနားခံမဲ့အကြောင်းဒေါက် တာမောင်မောင်နဲ့တိုင်ပင်ရာမှာ သူ့ယောက္ခမကြီးကို MI ဖမ်းထားတာ ဦးနေဝင်းကို သူကိုယ်တိုင်မပြောရဲလို့ ဆရာ ဇဝနတို့က ထည့်ပြောပေးဖို့ တောင်းပန်ခဲ့ရသူပါ။ ကြေးမုံဦးသောင်းစာအုပ်ထဲမှာပါပါတယ်။

  2. The Only Thing Necessary for the Triumph of Evil is that Good Men Do Nothing
    Edmund Burke
    လူဆိုးတွေမကြီးစိုးအောင် လူကောင်းတွေအသံထွက်ရပါမယ် – ဒေါက်တာမောင်မောင်လိုမကြောက်ပဲ၊ ဦးခင်မောင်လတ်+ဒေါ်ခင်မျိုးချစ် တို့လိုပြောနိုင်သူတွေ၊ အသက်မသေခင် – အမှန်တရားတွေကို ဖေါ်ထုတ် ပြောရပါမယ်။

Comments are closed.