>Letters from Michigan – 58

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မစ်ရှီဂန်က ပေးတဲ့စာ(၅၈)
အောင်ဝေး
မတ် ၁၃၊ ၂၀၁၁

(photo: Pan-African News Wire)

“—-Earthquake ကို မြေငလျင်လို့ ဘာသာပြန်ရင်၊ Youth-quake ကိုတော့ လူငယ်ငလျင်လို့ အကြမ်းဖျင်း ဘာသာပြန်ရမှာပဲ—-”


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာကြပါစဗျာ။ ဒီရက်တွေထဲမှာ အထူးသဖြင့် အီဂျစ် တော်လှန်ရေးကို ဦးဆောင်ခဲ့ကြတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို သတိပြုမိ၊ အားရ ကျေနပ်နေခဲ့မိပါတယ်။ အီဂျစ် ပြည်သူတွေရဲ့ ဒီ သမ္မတဟိုစနီမူဘာရက် ဖြုတ်ချရေးတိုက်ပွဲမှာ၊ အီဂျစ်တပ်မတော်က အီဂျစ် ပြည်သူတွေဘက်က ရပ်တည်ခဲ့တာကတော့ တပိုင်းပေါ့ဗျာ။

အခုလို အီဂျစ်နိုင်ငံမှာ နှစ်ပေါင်း(၃၀)ကြာ အုပ်ချုပ်လာတဲ့ သမ္မတ မူဘာရက် အစိုးရ ပြုတ်ကျသွားတာဟာ အခြေခံ၊ အရင်းခံ အကျဆုံးက အီဂျစ်တပ်မတော် မဟုတ်ပါဘူး။ အခြေခံ၊ အရင်းခံအကျဆုံးက အဲဒီ မူဘာရက် ဖြုတ်ချရေး တိုက်ပွဲကို ဖော်ဆောင်ခဲ့ကြတဲ့ အီဂျစ်လူငယ်တွေပါပဲ။

ကိုဒေါင်းကြီး – အားလုံး သိကြတဲ့အတိုင်း အာဖရိကမှာ လူထုတော်လှန်ရေးတွေဟာ တနေရာနဲ့ တနေရာ၊ တောမီးလောင်သလိုပဲ အလျင်အမြန် ကူးစက် ရောက်ရှိသွားခဲ့တာပါ။ ပထမဆုံးက တူနီးရှားနိုင်ငံက စခဲ့တဲ့ စံပယ်ရောင် တော်လှန်ရေးပေါ့ဗျာ။ အဲ ဒီစံပယ်ရောင် တော်လှန်ရေးကနေ မီးကူးစက်သွားလိုက်တာ အီဂျစ်၊ ယီမင်၊ အယ်လ်ဂျီးရီးယား စတဲ့ နိုင်ငံတွေ အထိပဲ ဆိုပါတော့ဗျာ။

ကိုဒေါင်းရေ – အာဖရိက ဒီမိုကရေစီ တော်လှန်ရေးတွေက ဒီလောက်နဲ့ ရပ်နေတာ မဟုတ်ဘူး။ အခုဆိုရင် ဂျော်ဒန်တို့၊ ဘာရိန်းတို့၊ လစ်ဗျားတို့၊ အီရန်တို့အထိ ကူးစက်သွားပြီ။ အာဖရိကတလွှားနဲ့ အနောက်အာရှ တ၀န်းမှာ လူထုတွေ အုံကြွနေကြပြီ။

အီဂျစ်တော်လှန်ရေး အောင်ပွဲ ခံခဲ့တာနဲ့ ပတ်သက်လို့၊ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မိန့်ခွန်းတရပ် ပြောကြားခဲ့ရာမှာ ဒီတော်လှန်ရေးကို ဦးဆောင်ခဲ့ကြတဲ့ အီဂျစ် လူငယ်တွေကို အထူး ဂုဏ်ပြုပြောကြားသွားခဲ့တာ ကျနော် သတိပြုခဲ့မိတယ်။

ဖေဖော်ဝါရီလအတွင်းက ထုတ်ဝေခဲ့တဲ့ Newsweek မ
ဂ္ဂဇင်းကြီးမှာ၊ အာဖရိကမှာ ကူးစက်ခဲ့တဲ့ လူထု ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို မျက်နှာဖုံး တင်ထားရာမှာ ဝေါဟာရ အသစ် တလုံး ကျနော် သတိပြုခဲ့မိတာ ရှိပါသေးတယ်။

ဒီဝေါဟာရကတော့ Youthquake ဆိုတဲ့ ဝေါဟာရပါပဲ။ Y-O-U-T-H-Q-U-A-K-E ။ Earthquake မဟုတ်ဘူး ကိုဒေါင်းရေ။ Earthquake ကို မြေငလျင်လို့ ဘာသာပြန်ရင်၊ Youth-quake ကိုတော့ လူငယ်ငလျင်လို့ အကြမ်းဖျင်း ဘာသာပြန်ရမှာပဲ။ ဒီ Newsweek မ
ဂ္ဂဇင်း၊ မျက်နှာဖုံး ဆောင်းပါးမှာ အဲ ဒီလူငယ်ငလျင်ကြီးက အာဖရိကကို လှုပ်ခတ်သွားပြီလို့ ရေးထားတာပါ။

ကိုဒေါင်းရေ – အီဂျစ်ကိုပဲ ကြည့်မယ် ဆိုရင်တော့၊ အီဂျစ် လူထု တော်လှန်ရေးကို ဦးဆောင်သွားတဲ့ လူငယ်တွေ ဆိုတာက ဧပြီ(၆)ရက် လူငယ်လှုပ်ရှားမှုအဖွဲ့ပါပဲ တဲ့။ ဒီအဖွဲ့က လူငယ်တွေဟာ အခုအီဂျစ်တော်လှန်ရေးမှာ အဓိက စည်းရုံးလှုံ့ဆော်သူတွေ ဖြစ်ပါတယ်။

အဲဒီ ဧပြီ(၆)ရက် လူငယ် လှုပ်ရှားမှု အဖွဲ့ရဲ့ သက်တမ်းကတော့ ဘာမှ သိပ်ပြီး မကြာလှသေးပါဘူး ကိုဒေါင်း။ သူတို့အဖွဲ့ကို လွန်ခဲ့တဲ့(၃)နှစ် ၂၀၀၈ခုနှစ်၊ ဧပြီလ(၆)ရက်နေ့မှာ၊ ဒီမိုကရေစီ လူထုဆန္ဒပြပွဲတွေ ဖော်ဆောင်ဖို့ စတင် ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

သူတို့ အဖွဲ့ရဲ့ ထူးခြားချက်၊ တနည်းအားဖြင့် အားသာချက်လို့လည်း ဆိုနိုင်တာက သူတို့ ဧပြီ(၆)ရက် လူငယ် လှုပ်ရှားမှု အဖွဲ့ ဖွဲ့စည်းပြီး နောက်ပိုင်း(၃)နှစ်တာ အတွင်းမှာ၊ သူတို့ဟာ Facebook တို့၊ Twitter တို့လို လူမှုကွန်ရက်တွေကို အဓိက အသုံးပြုပြီး လူထုကြားကို ထိုးဖောက် စည်းရုံးခဲ့ကြတဲ့အချက်ပါပဲ။

ဒါတွေ ထားလိုက်တော့။ အခု သူတို့နိုင်ငံမှာ သူတို့မလိုလားတဲ့ သမ္မတနဲ့ အစိုးရ ပြုတ်ကျသွားပြီ။ အခု သူတို့ လိုလားတောင့်တတဲ့ ပြည်သူ့အစိုးရသစ် ပေါ်ထွန်းလာဖို့ပဲ ကျန်တော့တယ်။ သူတို့အောင်ပွဲအတွက် ရိုးရိုးသားသား မုဒိတာပွားမိပါတယ်ဗျာ။

ကိုဒေါင်းရေ၊ အာဖရိက အာဏာရှင်တချို့ရဲ့ သရဖူတွေကတော့ မြေကြီးပေါ် လိမ့်ဆင်း ကျသွားကြပါပြီ။ ကျနော်တို့ တိုင်းပြည်မှာတော့ အာဏာရှင်တွေက သရဖူ ဆောင်းချင်နေကြတုန်းပါပဲလား။ ကျနော်တို့ဆီက စစ်အာဏာရှင်တွေကိုလည်း ကောင်းကောင်းကြီး မေတ္တာပို့ပါရဲ့ဗျာ။

ဒီရက်ထဲထူးခြားတာတခုကလည်း ကျနော်တို့ဆီက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးဂယက် ရိုက်ခတ်မှုကြောင့် ပေါ်ပေါက်ခဲ့တယ် လို့ဆိုတဲ့ အီရန်နိုင်ငံက ကျောင်းသားတွေရဲ့ ၂၀၀၈ အစိမ်းရောင် တော်လှန်ရေးဟာ အခု၂၀၁၁ အာဖရိက တော်လှန်ရေး ဂယက်ထဲမှာ တကျော့ပြန် ပြန်လည် ပေါ်ပေါက်လာတဲ့ အချက်ပါပဲ။

ကိုဒေါင်းရေ – အာဖရိကနဲ့ ကျနော်တို့ တော်လှန်ရေးတွေကော့၊ တခုနဲ့တခု၊ ထပ်တူတူညီတာမျိုးတော့ မဟုတ်ပါဘူး။ အာဖရိက ဒီမိုကရေစီ တိုက်ပွဲ နဲ့ မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲတွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ တူညီတာ တချို့ကို တွေ့ရမယ် ကိုဒေါင်း။

အီဂျစ်က ဧပြီ(၆)ရက် လူငယ်လှုပ်ရှားမှုအဖွဲ့က ခေါင်းဆောင်လူငယ်တွေဟာ၊ သမ္မတ ဟိုစနီမူဘာရက် အုပ်စိုးခဲ့တဲ့ နှစ်ပေါင်း (၃၀) ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှာ မွေးဖွားလာကြတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဒေါင်းရေ – ကျနော်တို့ဆီမှာကော။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့ကြတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ၊ တော်လှန်ရေး ကောင်စီ၊ စစ်အာဏာ သိမ်းပြီး တက်လာတဲ့ ၁၉၆၂ ခုနှစ် တ၀ိုက်က မွေးဖွားခဲ့ကြတဲ့သူတွေပဲ မဟုတ်လားဗျာ။

ကိုဒေါင်းရေ – ပြီးတော့လည်း၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးတုန်းက သံဃာတော်တွေနဲ့အတူ ပါဝင် ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသားတွေ၊ လူငယ်လေးတွေဟာလည်း န၀တစစ်တပ်က အာဏာ သိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း မွေးဖွားလာကြတဲ့သူတွေ ဖြစ်နေတာပဲ မဟုတ်လားဗျာ။

အခုတော့ – ကျနော်တို့ရဲ့ တန်ဖိုးရှိတဲ့ လူငယ်တွေက၊ အကျဉ်းထောင်တွေ အသီးသီးထဲမှာ၊ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ချုပ်နှောင်ခံနေရတယ်။ လူငယ်ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ တိမ်မြုပ် ပျောက်ကွယ်မသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီးတဲ့ နောက်ပိုင်းမှာ၊ လူငယ်အင်အားစု အသီးသီးလည်း ပြန်ပြီး စုစည်းမိခဲ့ကြပါပြီ။ လူငယ်ကွန်ရက်တွေလည်း ပြည်တွင်း ပြည်ပမှာ အသက်ဝင် ရှင်သန်လာပါပြီ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲဝင် လူငယ်တွေ၊ ညီညီ ညွတ်ညွတ်နဲ့ ရှေ့ဆက် ချီတက်ကြဖို့ပဲ လိုပါတော့တယ် ကိုဒေါင်းရေ။
အားလုံးကို ယုံကြည် မျှော်လင့်လျက်-

အောင်ဝေး
ဖေဖော်ဝါရီ ၁၈-၂၀၁၁။


မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts