အတွေးအမြင် ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ (ITBMU) – မြတ်ဗုဒ္ဓနှင့် နိုင်ငံရေးအမြင်

မြတ်ဗုဒ္ဓနှင့် နိုင်ငံရေးအမြင်
ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇွန် ၆၊ ၂၀၁၄

မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ကြတဲ့အခါ အမြင်အမျိုးမျိုး ရှိနိုင်သလို၊ အသွင်အမျိုးမျိုးလည်း ရှိနိုင်ခြင်းပါ။ ကိုးကွယ်ဆည်းကပ်သူတို့ရဲ့ ဉာဏ်အဆင့်အတန်း၊ တရားအဆင့်အတန်းနှင့် ကာလ ဒေသတို့ကို မှီပြီး ထိုဒေသ၏ ပတ်ဝန်းကျင် အနေအထားအရ ကိုးကွယ်ဆည်းကပ်တတ်ကြခြင်းပါ။ ဘုရားရှင်လက်ထက်က ဗိမ္ဗိသာရမင်းကြီးတို့လို တရားကိုမှီပြီး ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်နေသူများ ရှိနေသလို၊ ပသေနဒီ ကောသလမင်းကြီးတို့လို  ကာလ ဒေသကိုမှီပြီး ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်သူများလည်း ရှိနေခြင်းပါ။

မဟာနာမ်မင်းကြီးလို မင်းမျိုးကြတော့ ဘုရားရှင်အပေါ်မှာ မိမိ၏ ယုံကြည်ကိုးကွယ်မှုကို အများသိ အောင် ထုတ်ဖေါ်လျှောက်ထားလျှက် ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ ရှင်ဘုရင်မျိုးပါ။ မဟာနာမ် မင်းကြီးက ဘုရားရှင်ကို လူသိရှင်ကြား လျှောက်ထားခဲ့ဖူးတဲ့စကားက – “ဘုန်းတော်ကြီးမားတော်မူသော မြတ်စွာဘုရား အကယ်၍များ (အတွေးအခေါ် အယူအဆစသော) တစ်စုံတစ်ခုသောအကြောင်းကြောင့် ရဟန်းသံဃာတော်များကတစ်ဖက် ဘုရားရှင်ကတစ်ဖက် ဖြစ်နေခဲ့မည်ဆိုလျှင် တပည့်တော်သည် မြတ်စွာ ဘုရားဘက်က ရှိနေမည့်သူပါဘုရား။ ဘုန်းတော်ကြီးမားတော်မူသော မြတ်စွာဘုရား အကယ်၍များ တစ်စုံ တစ်ခုသော အကြောင်းကြောင့် ရဟန်းယောက်ျားများ၊ ရဟန်းမိန်းမများ၊ လူဥပသကာများ၊ လူဥပသိကာမ များဖြစ်ကြတဲ့ ပရိသတ်လေးပါးကတစ်ဖက် ဘုရားရှင်ကတစ်ဖက် ဖြစ်နေခဲ့မည်ဆိုလျှင်လည်း တပည့် တော်ကတော့ မြတ်စွာဘုရားဘက်က ရှိနေမည့်သူပါဘုရား။ အဆုံးစွန် လျှောက်ထားပြရလျှင် ဘုန်းတော် ကြီးမားတော်မူသော မြတ်စွာဘုရား အကယ်၍များ တစ်စုံတစ်ခုသော အကြောင်းကြောင့် ရဟန်းယောက်ျားများ၊ ရဟန်းမိန်းမများ၊ လူဥပသကာများ၊ လူဥပသိကာမများဖြစ်တဲ့ ပရိသတ်လေးပါး၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတွေပါဝင်တဲ့ တစ်လောကလုံးကတစ်ဖက် ဘုရားရှင်ကတစ်ဖက် ဖြစ်နေခဲ့မည်ဆိုလျှင်လည်း တပည့်တော်ကတော့  ဘုရားရှင်ဘက်က ရှိနေမည့်သူပါဘုရား↔တဲ့။ ရဲ့ဝံ့ပြတ်သားတဲ့ စကားပါ။

သာသနာရဲ့ ကနဦးပိုင်းမှာ ဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်များဖြစ်ကြတဲ့ သာကီဝင်မင်းမျိုးတွေဟာ ဘုရားရှင်ပေါ်မှာ မာန်မာနပါတဲ့ နှလုံးသားမျိုးနှင့် ဆည်းကပ်လာကြတာကို မြင်တော်မူတဲ့ ဘုရားရှင်က အမျိုးရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်ရအောင်၊ ဦးခေါင်းညွတ်ထိုက်သူကိုလည်း မိမိသဘောဆန္ဒအရ ဦးညွတ် ၀တ်တွားတာမျိုးလည်းဖြစ်ရအောင် ကောင်းကင်ကို တန်းခိုးတော်ဖြင့် ပျံတက်ပြီး မျက်လုံးအစုံတို့မှ ရေမီးအစုံ တို့ကို ထုတ်လွှတ်ပြီး တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခဲ့တယ်။ အံ့သြဖွယ်ရှိတဲ့အသွင်ကို ပြည်သူတွေ မြင်ကြ ရတော့ ဘုရားရှင်ကို ပြားပြားဝတ်ရှိခိုးခဲ့ကြတာ ဦးခေါင်းကို ပြန်လည်၍ မော်မရလောက်အောင် မြေမှာဝတ် တွား၍ မြတ်နိုးတဲ့ဝန္ဒနာကို ပြုခဲ့ကြတယ်။

နောက်ပိုင်း ဘုရားသာသနာတော်ဆိုတဲ့ ဘာသာရေးအဆောက်အအုံကြီး ဖြစ်လာတဲ့အခါ ဘုရား ရှင်ဟာ ရှင်ဘုရင်ဆိုသူတွေနှင့်လည်း မကင်းစကောင်း (တရားရှုထောင့်က ကြည့်မည်ဆိုလျှင်) ဆက်ဆံခဲ့ ရတယ်။ မှူးကြီး မတ်ကြီး၊ သူဋ္ဌေး သူကြွယ်၊ ပညာကြွယ်ဝသော လူတန်းစားကအစ သူဆင်းရဲသားများဖြစ်ကြတဲ့ တိုင်းပြည်ရဲ့ အောက်ခြေလူတန်းစားများအထိ မကင်းစကောင်း ဆက်ဆံခဲ့ရတယ်။ ဘယ်လိုပင် ကရုဏာနှလုံး သားဖြင့် ပြည်သူများအား ဆက်ဆံပါစေ၊ သဗ္ဗညုတဉာဏ်တော်ကို ရှေ့သွားပြုလျှက် ဆောင် ရွက်သင့်သော ကိစ္စရပ်များကို ပြည်သူများအတွက် ဘယ်လိုပင် ဆောင်ရွက်ခဲ့ပါစေ ဘုရားရှင်လို ပုဂ္ဂိုလ်မျိုးကိုပင်  အလိုဆန္ဒ များလှတဲ့ ပြည်သူများရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အနေအထားမျိုးမှာ ရှိနေခဲ့ခြင်းပါ။

ဒီလိုဆိုရင် ဘုရားရှင်ရဲ့ နိုင်ငံရေးအမြင်ဟာ မည်သို့ရှိသလဲလို့ သိလိုသူတွေကလည်း ဒုနှင့်ဒေးပါ။ စာရေးသူတစ်ယောက်ရဲ့ အမြင်ကို အရင်ပြောရမယ်ဆိုရင် – ဘုရားရှင်ဟာ ပြည်သူများအတွက် မိမိပြောသော စကား သို့မဟုတ် မိမိဆောင်ရွက်သောကိစ္စသည် အကျိုးရှိနိုင်၊ မရှိနိုင် သုံးသပ်ဆင်ခြင်တာမျိုးကို ပြုတာဖြစ် လေတော့ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမည်ဆိုလျှင် ဉာဏ်တော်ကို ရှေ့သွားပြုပြီး တစ်စုံတစ်ခုသော စကားကို မိန့်ကြားတော်မူခြင်းပါ။ သို့မဟုတ်လျှင် နှုတ်တော်ကို ပိတ်လျှက် ဆိတ်ဆိတ်ပင် နေတော်မူခဲ့ခြင်းပါ။

ဥပမာ၊ ဘုရားဒကာ ကျောင်းဒကာကြီးဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးအား သားတော်အဇာတသတ်က (ဆရာ ဒေ၀ဒတ်၏ အစီအမံဖြင့်) နန်းတွင်းလုပ်ကြံမှုကြီးကို ပြုလုပ်ခဲ့ခြင်းပါ။ နန်းကျဘုရင်ကြီးဗိမ္ဗိသာရဟာ နောက်ဆုံး တော်မ၀င်တော့တဲ့ အကျဉ်းထောင်ကြီးထဲမှာ ကွယ်လွန်အနိစ္စရောက်ခဲ့တဲ့အထိ ဖြစ်ပျက်သွားခဲ့တဲ့အမှုပါ။ ထိုနန်းတွင်း လုပ်ကြံမှုကြီးကို တစ်တိုင်းပြည်လုံးက သိနေခဲ့ကြသော်လည်း ဒီလုပ်ကြံမှုနှင့်ပတ်သက်၍ မှားခြင်း၊ မှန်ခြင်းကို ဘုရားရှင်က တစ်ခွန်းတစ်ပါဒမျှ မိန့်ဟတော်မူ့ခြင်းမရှိခဲ့ပါ။

သို့သော် တိုင်းရေး ပြည်ရေးကိစ္စတွေမှာ (သို့မဟုတ်) ခေတ်ပေါ်စကားဖြင့်ပြောရလျှင် နိုင်ငံရေးကိစ္စ တွေမှာ ပြည်သူတွေအတွက် အသက်အန္တရာယ်များ ရှိလာနိုင်တယ်။ သို့မဟုတ် တိုင်းသူပြည်သားများအတွက် ဆူပူလှုပ်ရှားမှုများဖြစ်နိုင်ခြင်း၊ သွေးထွက်သံယိုဖြစ်နိုင်ခြင်း၊ အုပ်စုတွေကွဲ၍ တိုင်းပြည်ကြီး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားနိုင်ခြင်းစတဲ့ တိုင်းရေး ပြည်ရေးကိစ္စမျိုးတွေ ဖြစ်နေခဲ့မည်ဆိုလျှင် မြတ်စွာဘုရားဟာ နိုင်ငံရေးမှာ ပါဝင် ပတ်သက်လာတာကို တွေ့မြင်ရခြင်းပါ။

ဥပမာ၊ ဒေ၀ဒဟနှင့် ကောလိယ နှစ်ပြည်ထောင် စစ်ဖြစ်နိုင်တဲ့အရေးကိစ္စမျိုးပါ။ အောက်ချေလူတန်းစမှ အစပြုပြီး ဖြစ်ပေါ်လာခဲ့တဲ့ နှစ်နိုင်ငံအရေးကို ဘုရားရှင် နှုတ်ပိတ်မနေခဲ့ပါ။ ဒေ၀ဒဟဆိုတဲ့ နိုင်ငံမှာလည်း သာကီဝင်မင်းမျိုးတွေ နေကြတာ။ ကောလိယဆိုတဲ့ နိုင်ငံမှာလည်း သာကီဝင်မင်းမျိုးတွေ နေကြတာ။ မပြောပ လောက်တဲ့ ရောဟိနီမြစ်ရေကို အကြောင်းပြုပြီး တစ်ဖက်နှင့်တစ်ဖက် စကားတွေ အလွန်အကျွံ ပြောခဲ့ ကြတယ်။ ပြဿနာကို ကြီးထွားစေခဲ့ကြတယ်။ အမှိုက်ကစပြီး ပြသာဒ်မီးလောင်တာဆိုတာမျိုးလို အောက်ခြေ ပြည်သူတွေက အစပျိုးခဲ့တဲ့ ရေဟိနီမြစ်ရေ ပြဿနာဟာ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ၀န်ကြီး ၀န်လေး တွေအထိ ပြဿနာတွေက ရောက်ရှိသွားတယ်။ နောက်ဆုံးတော့ နှစ်ပြည်ထောင်မင်းတွေ ပါဝင်ပတ်သက် လာခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ ဒီလို နှစ်ပြည်ထောင်အရေးမျိုးတွေမှာတော့ ဘုရားရှင် ပါဝင်ပတ်သက်လာခြင်း မရှိခဲ့လျှင် ရောဟိနီမြစ်ကမ်း နှစ်ဖက်ကမ်းလုံးမှာ ထောင်ချီသောင်းချီရှိနေတဲ့ ဒေါသရောင်တွေလွှမ်းနေတဲ့ နှစ်ပြည်ထောင် မင်းတို့ရဲ့ စစ်သည်တော်တွေဟာ မလိုအပ်ပဲ သွေးချောင်းစီးသွားနိုင်တဲ့အရေးကို မြင်တော်မူ ခဲ့တယ်။ ထို့ကြောင့်  ဘုရားရှင်ဟာ မြစ်လယ်ခေါင်ရဲ့ ကောင်းကင်ယံမှာ ထက်ဝယ်ဖွဲ့ခွေနေတော်မူလျှက် ငြိမ်းချမ်းရေးတရားကို ဟောခဲ့တယ်။ ငြိမ်းချမ်းရေးစကားကို ပြောတဲ့အခါမှာ ဟိုဖက်ဒီဖက် ဘက်လိုက်ခြင်း မပြုဘဲ ဘုရားရှင်ဟာ ပြည်သူတွေရဲ့အကျိုးကို ရှေးရှုပြီး ငြိမ်းချမ်းရေးတရားကို ဟောခဲ့တယ်။ ဒါဟာ ဘုရားရှင်ရဲ့ အမျိုးသားရေး စိတ်ဓာတ်ပါ။ ဒါဟာ နိုင်ငံရေးမှာ ဘုရားရှင်ကိုယ်တိုင် ပါဝင်ပတ်သက်လာတယ်လို့လည်း ပြောဆိုနိုင်ခြင်းပါ။

သံဃာတော်များဆိုတာ ဘုရားရှင်ရဲ့ သားတပည့်တွေဖြစ်ကြတယ်။ ဘုရားအဆုံးအမကို လိုက်နာနေ သူများပီပီ ဘုရားပြုမူတဲ့အပြုအမူကို အတုလိုက်၍ ပြုမူကြမှာ ဖြစ်တယ်။ ဘုရားဟောတဲ့စကားကို စံထားပြီး ပြောသင့်တဲ့အခါမှာလည်း ပြောကြမယ်။ သံဃာတော်များရဲ့ အပြောအဆို အပြုအမူများကို တစ်ဖက်သားက အမျိုးသားရေးမှာ အစွန်းရောက်နေတယ်ပဲပြောပြော၊ နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်နေတယ်ပဲပြောပြော ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးကို တစ်စုံတစ်ခုသော အကြောင်းကြောင့် နှစ်ဖက်နှစ်ခြမ်းဖြစ်သွားနိုင်တဲ့ အရေးကိစ္စ မျိုးတွေမှာ၊ မလိုအပ်ပဲ သွေးမြေကြသွားနိုင်တဲ့ ကိစ္စမျိုးတွေမှာ၊ ပြည်သားအချင်းချင်း မညီညွတ်လို့၊ ပြည်သူ အချင်းချင်း အမုန်းတရားတွေ ဖြစ်ပွားလာနိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်နေခဲ့မယ်ဆိုလျှင်  ရဟန်းသံဃာ တော်များဟာ ပါဝင်ပတ်သက်လာနိုင်ခြင်းပါ။

ရဟန်းသံဃာတော်များဆိုတာ ဗုဒ္ဓဘုရားရှင်ရဲ့ သားတော်များဖြစ်ကြသလို၊ ပြည်သူများရဲ့ သားတော် တွေလည်း ဖြစ်ကြတယ်။ နိုင်ငံတော်ရဲ့ ဘာသာရေး၊ အမျိုးသားရေးကိစ္စတွေမှာ နိုင်ငံခေါင်းဆောင်တွေလို့လည်း ပြောနိုင်တယ်။ နိုင်ငံရေးသဘောအရ ပြည်သူများရဲ့ အရွေးကောက်ခံ ခေါင်းဆောင်တွေမဟုတ်ကြသော်လည်း ပြည်သူတွေ လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တွေဆိုတာ ပြည်သူများ မေ့မထားကြဖို့ပါ။ အကယ်၍သာ နိုင်ငံတော်ရဲ့ ပေါ်လစီမှာ ရဟန်းသံဃာတော်များကို (သီဟိုဠ်ရဟန်းတော်များကဲ့သို့) ပြည်ထောင်စု လွှတ်တော် အတွက် မဲရွေးခံခွင့်ရှိတဲ့ ပေါ်လစီမျိုး ရှိနေခဲ့မည်ဆိုလျှင် သံဃာတော်များရဲ့ အနေအထားဟာ နိုင်ငံတော် အတွက် မည်၍မည်မျှ အင်အားကြီးမားနေကြောင်းကို မည်သူမည်ဝါမျှ ခန့်မှန်းပြောဆို နိုင်မည် မဟုတ်ပါ။

ယနေ့ မြန်မာနိုင်ငံရဲ့အနေအထားဟာ ကွဲလွယ်၊ ရှလွယ်၊ ထိခိုက်လွယ်တဲ့အနေအထားမျိုးမှာ ရောက်ရှိနေခြင်းပါ။

ပုဒ်မ-၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူ့များ လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုတစ်ရပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်လာအောင် ဆောင်ရွက်နေကြခြင်းပါ။ ငြိမ်းချမ်းတဲ့အသွင် ငြိမ်းချမ်းတဲ့ပြည်သူ့လှုပ်ရှားမှုများ ဖြစ်နိုင်ပါစေ။

ဘူးသီးတောင်နယ်ခြားစောင့်တပ် ထားရှိပေးရေးအတွက် ရခိုင်ပြည်သူများမှ တောင်းဆိုနေကြခြင်းပါ။ တိုင်းပြည်နှင့် အမျိုးသားလုံခြုံရေးအတွက် ဖြစ်နိုင်ပါစေ။

အိမ်နီးနားခြင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအာဏာ သိမ်းမှုကြောင့် လှိုင်းဂယက်သဖွယ်ဖြစ်လာတဲ့ မြန်မာ နိုင်ငံရဲ့အရေးကို ပြည်သူများ နားလည်သဘော ပေါက်နိုင်ကြပြီး ထိုအသွင်မျိုး၊ ထိုအနေအထားမျိုးသို့ မရောက်နိုင်အောင် တိုင်းပြည်ကိုချစ်တဲ့ ပြည်သူ၊ ပြည်သားများက ၀ိုင်းဝန်းစောင့်ရှောက်နိုင်ကြပါစေ။

အကယ်၍သာ ဂန္ထဓူတ ၀ိပဿနာဓူတ အလုပ်များကို ကြောင့်ကြမဲ့ လုပ်နေကြတဲ့ ရဟန်းသံဃာ တော်များဟာ၊ တရားဓမ္မဖြင့် ငြိမ်ချမ်းစွာ နေလိုတဲ့ ရဟန်းတော်များဟာ အဇာတသတ်လို ဖခင်ကို နန်းချပြီး၊ တိုင်းပြည်အာဏာကို သိမ်းယူခဲ့တဲ့ ကိစ္စမျိုးတွေမှာ ရဟန်းတော်များသည် ဘုရားရှင်လို ကျင့်ကြံကြ မည်ဖြစ် သော်လည်း နှစ်ပြည်ထောင် သွေးချောင်းစီးနိုင်တဲ့ အရေးမျိုးတွေမှာတော့ ရဟန်းတော်များရဲ့ အနေအထားဟာ ဘုရားရှင် သွားတော်မူတဲ့ လမ်းအတိုင်း လိုက်နာကျင့်သုံးကြရမှာဖြစ်တယ်။ ဒီတော့ ဘုရားရှင် ကျင့်သုံးတဲ့ နိုင်ငံရေးအမြင်နှင့်ပတ်သက်ပြီး မှားခြင်း၊ မှန်ခြင်းကို မဝေဖန်လိုပါ။ လုပ်သင့်ခြင်း၊ မလုပ်သင့်ခြင်းဆိုတာကိုသာ တရားဓမ္မနှင့်အညီ နှလုံးသွင်းနိုင်အောင် ကြိုးစားကြရမှာပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

(သရုပ်ဖော် ပန်းချီ ဦးဘကြည်၊ အင်တာနက်ပေါ်က ရပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

3 thoughts on “ဒေါက်တာဓမ္မပိယ (ITBMU) – မြတ်ဗုဒ္ဓနှင့် နိုင်ငံရေးအမြင်
  1. မြတ်စွာဘုရားဟာ ဓမ္မ တနည်းအားဖြင့် အမှန်တရားနဲ့ တရားမျှတမှုနဲ့အညီ ကျင့်သုံးသွားခဲ့တယ်လို့ တပည့်တော် နားလည်ပါတယ် အရှင်ဘုရား။ ဓမ္မဟာ နယ်နမိတ်၊ ဘောင်၊ လူမျိုး၊ ဘာသာ စတဲ့စတဲ့ ဘောင်တွေကို လွန်မြောက်ပါတယ်။ Dhamma transcends all boundaries. ဘုရားဟာ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံဆိုတဲ့ ဘက်ကို မလိုက်ပါဘူး။ Bias မထားပါဘူး။ မဟာမြိုင်တောရဆရာတော်ရဲ့ စကားအရဆိုရင် My religion is my life. တနည်းပြောရရင် My way of living ပါပဲ။ ပိုပြီးအသေးစိတ်ပြောရရင် My daily activities လို့ သဘောပေါက်ပါတယ်။ နေ့စဉ်ဘ၀မှာ ပြုသမျှ ကံသုံးပါးစလုံး အကျုံးဝင်ပါတယ်။ ဘယ်သူက ဘယ်ဘာသာဝင်ပြောပြော၊ ဘယ်လောက်လေ့လာလေ့လာ ကိုယ့်ရဲ့ကံသုံးပါးကပဲ ဘယ်လို၊ ဘယ်လောက်ဆိုတာကို အမှန်တကယ် ဖော်ပြနေတာပါဘုရား။

  2. ဘုရားရှင်ဟာ ပြည်သူတွေရဲ့အကျိုးကို ရှေးရှုပြီး ငြိမ်းချမ်းရေးတရားကို ဟောခဲ့တယ်။

  3. မြတ်စွာဘုရားဟာ တစ်လောကလုံးရဲ့(လူ၊ နတ်၊ ဗြဟ္မာ အပါအ၀င် သတ္တ၀ါအားလုံး) အကျိုးအတွက် ဟောခဲ့ပါတယ်။့ သြကာသလောက သို့မဟုတ် သက်မဲ့လောကကိုလည်း မထိခိုက်စေခဲ့ဘူး။ ကျနော်တို့တွေ နားယဉ်နေတဲ့ လွတ်လပ်မှုဆိုတာကို ကာလာမသုတ်ကို လေ့လာကြည့်ရင် အမြင့်ဆုံးဖြစ်တဲ့ ခံစားမှု သို့မဟုတ် ဝေဒနာမှ လွတ်မြောက်ခြင်း (Freedom of Suffering or Cessation of Suffering) နိက္ခမအထိ ကျယ်ပြန့် နက်ရှိုင်းပါတယ်။

Comments are closed.