>Mar Mar Aye – 311

>ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃၁၁

မြို့မငြိမ်းရဲ့ ယောက်မ
မာမာအေး
မတ် ၂၀၊ ၂ဝ၁ဝ

စတန့်မင်းသားတွေလို ဒိုင်ဗင်ထိုးဖို့မလို ကားနဲ့ ခိုးဖို့လိုမယ် ပျိုမထင်၊ အမေ့ကိုပင် ကျမတို့ အရွယ် မငယ်ပါဘူးလို့ နှူးရဦးမယ်ရှင်၊ ဂျာမဏီတွင် အရွယ်မနှောင်းစေချင်၊ အာဏာရှင် ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့ လက်ဆက်နေသတဲ့၊ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်နဲ့အတူပင်၊ စောင့်ပါဦးမှပေါ့တဲ့…………. ယောက်မ မစီးပါရစေနဲ့ရှင် xxx


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ရှေ့မှာ ဂီတဆရာကြီး မြို့မငြိမ်းရဲ့သီချင်းတွေထဲက အပျော်စာတွေနဲ့ မွှန်းထားတာလေးတွေကို ဆိုပြောပြခဲ့တာ ပျော်ကြတယ်မို့လားရှင်။ ဒီနေ့လဲ ဆက်ပျော်ရအောင် ပြောမယ်နော်။
မာအေးတို့ ရိုးရာပုံတိုပတ်စ ရှေးစကားရပ်တွေထဲမှာ “သမီးလေးတော်လှ တော်လှ ပြောမှ ယောက်မမြင်းစီးထွက်သယ်တဲ့” ဆိုတာအခုကြားဖူးပါတယ် လိမ္မာ ပါတယ် ချီးမွမ်းတုန်းမှာ မဖွယ်မရာ မထင်မှတ်တာမျိုး ပြုမိတဲ့ ငယ်ရွယ်သူတွေကို ပြောတတ်ကြတဲ့ စကားတခုပါ၊ ဆရာ မြို့မငြိမ်းက အဲဒီကျောရိုးကိုတွေး ရယ်ပွဲဖွဲ့တဲ့ တေးတပုဒ် ရေးသွားပါတယ်။ သီချင်းနာမည်က “ယောက်မ” တဲ့ရှင့်။ ယောက်မလို့ မာအေးက သီချင်းနာမည်ကို ကြားလိုက်တော့ ဘာမသိညာ မသိနဲ့ မွေတဲ့ အကြောင်းကြီးများလား မှတ်လို့ပေါ့။ မြန်မာ့အသံမှာ အတိတ်ဖြစ် အရိပ်ကဏ္ဍ ခေတ်ဟောင်းသီချင်းတွေ ပြန်ဖော်ဖို့ လုပ်တော့ ပေါ်လာတဲ့ သီချင်းပါ။ အဲဒီတုန်းက ဘယ်သူ ဆိုသွားတာလဲ မသိတော့ပါဘူး၊ မာအေးကိုတော့ မြို့မက သူသယ်ချင်း စန္ဒရားကိုသိန်းမောင်က တိုက်ပေးတာပါ။ သီချင်းလေးက ချစ်စရာ၊ ပျော်စရာမို့ ဓာတ်ပြားသွင်းဖို့ အထိ ကိုသိန်းမောင်နဲ့အတူ ဆရာငြိမ်းရဲ့ မိသားစုများနဲ့ သွားပြီး ဆွေးနွေးဖူးပါတယ်။ အဆင်မပြေတာနဲ့ မသွင်းဖြစ်ပါဘူးရှင်။

ဂီတပဒေသာပွဲမှာတော့ စန္ဒရားကိုသိန်းအောင် ရန်ကုန်ရောက်တုန်း ကြုံတာနဲ့ ပရိသတ်ကို ဆိုပြလိုက်မိတဲ့အခါ ချက်ချင်း လူကြိုက်များသွားတော့ တေးသံသွင်းဆိုင်တွေကို အသံဖမ်း ပို့ပေးတတ်တဲ့သူတွေက တဆင့် ရောက်သွားပေါ့ရှင်။ တကယ့် ကက်ဆက်ခေတ်မှာ ရောက်တော့ စစ်သည်စောင်းသံ တေးထုတ်လုပ်ရေးအတွက် ဆိုဖြစ်ခဲ့ပါတယ်။

သီချင်းရဲ့ သံစဉ်တွေကတော့ ရိုးရိုးလေးပါ၊ ခြေဆင်းမှာ “မကောင်းမြစ်တား ကောင်းရာညွှန်လတ်” က စတဲ့ပြီး မိဘစကား နားထောင်ရင် သံပြာကျောက်စောင်းကို ကြိုရင်တောင် ပျော့ပြောင်းလာနိုင်တယ် ဆိုတာလဲပါ၊ ကိုယ့်သားသမီးကို ဆင်စီးမြင်ရံ ရွှေဘုံစံစေချင်တယ် ဆိုတာကအစ ပါတယ်။ ဒါကြောင့် မိခင်စကား နားထောင်ချင်သေးတာမို့ စောင့်ပါဦး မောင်ရယ် မောင်က လွဲပြီး သွေလှန်ဖောက်ပြား ယောက်ျားတပါး မြင်မထားပါဘူး၊ အမေက ငယ်သေးတယ် ဆိုလို့ပါ – လို့ မြို့မငြိမ်းက ရေးထားပါတယ်ရှင်။

အမေကတော့ သဘောတော့ တူပါရှင်၊ ဒါပေမယ့်လဲ သူငယ်နှပ်စားလေးထင်၊ မေတ္တာရှိရင်းစွဲ မို့လွဲနိုင်ပါဘူး မောင်ရယ် တကယ်ပင် မဖယ်ချင် ယုံပါရှင် xxx သီးချိန်ပွင့်ချိန် မောင်က ပြောတော့ မိဘ သဘောတူတာ မတူတာနဲ့စာရင် ပေါင်းဖို့ရာ ထင်သလောက် မလွယ်ပါဘူးရှင် xx စောင့်ပါဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင်၊ အမေက ငယ်သေးတယ်တဲ့ရှင်၊ သမီးချောလှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်xx (ယောက်မ-တတိယပုဒ်)

ချစ်တဲ့သူက သဘောမတူမှာ စိုးလို့ ခိုးမယ်လို့ ဆိုတော့ မိန်းခလေးက အမေ့ကိုနှူးပါဦးမယ်၊ ဒါမှမဟုတ် “ဟစ်တလာ့”တိုင်းပြည်ကို ရွှေ့ကြတာပေါ့လို့ ပြောတယ်၊ ဒါကြောင့် ဆရာငြိမ်းဟာ နိုင်ငံတကာကို ကြည့်တဲ့ ခေတ်မီ ဆရာတဦးလို့ ပြုံးမိလိုက်ပါတယ်။

စတန့်မင်းသားတွေလို ဒိုင်ဗင်ထိုးဖို့မလို ကားနဲ့ ခိုးဖို့လိုမယ် ပျိုမထင်၊ အမေ့ကိုပင် ကျမတို့ အရွယ် မငယ်ပါဘူးလို့ နှူးရဦးမယ်ရှင်၊ ဂျာမဏီတွင် အရွယ်မနှောင်းစေချင်၊ အာဏာရှင် ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့ လက်ဆက်နေသတဲ့၊ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်နဲ့အတူပင်၊ စောင့်ပါဦးမှပေါ့တဲ့…………. ယောက်မ မစီးပါရစေနဲ့ရှင် xxx * (ယောက်မ အစပိုဒ်)

ကြားလိုက်ရတယ် မဟုတ်လား ချစ်ဆွေတို့ရေ၊ ဟစ်တလာကြီး ဂျာမဏီမှာ- လူငယ်တွေကို လက်ထပ်ပေးတဲ့ သတင်းတောင် ထည့်ရေးတယ်ရှင့်၊ မာအေးတို့ဆီက မိဘ သဘော မတူတဲ့အခါ ခိုးရာလိုက်ကြတာလည်း ပါရဲ့၊ ဒိုင်ဗင်ထိုးတဲ့ စတန့်မင်းသားတွေ ပေါ်တဲ့ ခေတ် လို့လဲ သိသာစေပါတယ်၊ ဒီမိန်းခလေးဟာ နောက်ဆုံးတော့ ချစ်သူဘက်က ပြန်တွေးလာရတော့တယ်၊ အဲဒါ ခုကြားရမယ့် အဖြစ်အပျက်တွေကြောင့် ဆိုပဲ၊ မာအေးကတော့ တွေးလည်းတွေး ရေးလည်းရေးတတ်ပါ့ ဆရာငြိမ်းရယ်လို့ပဲ ပြောဖို့ ရှိတော့တယ်ရှင်။

သူပြောတာလဲ ဟုတ်မှာဘဲရှင် ဟိုအရင် ချစ်တုန်းက စာပေး ပေးတဲ့ မိခွေးလေးတောင်ပင်၊ လင်နဲ့ပြေး ကလေး နှစ်ဒါဇင်xx ညောင်မင်ကြီးကလဲပဲ လင်ယူဦးမှပေါ့တဲ့၊ သူ့မှာ သားဆုပေးဘို့ စောင့်နေရတာ ကြာပြီထင်၊ ပုဆိုးနှစ်ပတ်လောက် ရှိတဲ့ပြင် ရုက္ခစိုးလည်း ငိုက်လျက်ပင်၊ သူ့တကိုယ်လုံး ပင့်ကူမြှေးဖုံး မြူလုံးဖုံတွေတင်x စောင့်ပါဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင်၊ အမေက ငယ်သေးတယ်တဲ့ ရှင် သမီးချောလှသဇင်၊ ယောက်မ မစီးပါရစေနဲ့ရှင် xx (ယောက်မ-နောက်ဆုံးပိုဒ်)


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် bbcburmese.com ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts