>Myanmar ICT Exhibition 2010

>

အင်တာနက် မြန်နှုန်းနိမ့်သော်လည်း အိုင်တီပြပွဲ နှစ်စဉ် ပြုလုပ်
မိုးမခအထောက်တော်၊ ရန်ကုန်
မတ် ၂၀၊ ၂၀၁၀
(ဓာတ်ပုံများ – မိုးမခ)

ရန်ကုန်မှာ ပြုလုပ်နေတဲ့ မြန်မာ အိုင်စီတီ ပြပွဲ ၂၀၁၀ မှာ ဘက်ထရီ (ဓာတ်ခဲ) သက်တမ်း ၈ နာရီ ရှိတဲ့ လက်တော့ပ် ကွန်ပျူတာ အပါအ၀င် အိုင်တီပစ္စည်းမျိုးစုံကို တွေ့ရပါတယ်။

ဒီပြပွဲကို တပ်မတော် ခန်းမ (ယခင်အင်ဗွိုင်းခန်းမ) မှာ မတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့ အထိ ၃ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အိုင်တီ ပစ္စည်းများကို သွင်းကုန် အခွန် ကင်းလွတ်ခွင့် ပြုပြီးနောက် ပြသတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အိုင်စီတီ နည်းပညာပြပွဲကို မေလမှာ ပြုလုပ်ခဲ့တာပါ။

ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းဟာလည်း ယခုနှစ်ထဲမှာ အနိမ့်ဆုံးလို့ ပြောရလောက်အောင် ၁ ဒေါ်လာ ၉၉၅ ကျပ် ထိ ကျဆင်းနေပါတယ်။ အဲဒီလို ငွေလဲနှုန်း ကျဆင်းနေပေမယ့်လည်း ရောင်းအား သိသိသာသာ ကောင်းမလာတဲ့ အကြောင်းကြောင့် ပစ္စည်း တင်သွင်းလာတဲ့ ကုမ္ပဏီတွေ အနေနဲ့ ယခု အိုင်စီတီ ပြပွဲကို စည်းရုံး ကျင်းပတာလို့ ပြပွဲမှာ တွေ့ရတဲ့ ကွန်ပျူတာ တင်သွင်းသူ တဦးက ပြောပါတယ်။

ယခုပြပွဲမှာ လက်တော့ ကွန်ပျူတာ၊ USB ဖလက်ရှ် ဒရိုက်ကို အများဆုံး ပြသ ရောင်းချကြတာ တွေ့ရပါတယ်။
လူအများစုရဲ့ ၀င်ငွေ တက်မလာတာ၊ အိုင်တီ ပိုမို ထွန်းကားရေးအတွက် အင်တာနက် အသုံးပြုဖို့ လွယ်လွယ် ကူကူ မရှိသေးတာ (အင်တာနက်ဆိုင်မှာ သုံးလို့ရပေမယ့် အိမ်မှာ ရုံးမှာ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သုံးနိုင်ဖို့ လိုအပ်) ၊ အင်တာနက်လိုင်း မြန်နှုန်းကို ကန့်သတ်ထားတာတွေဟာ အိုင်တီလောက ဖွံ့ဖြိုးရေးအတွက် အဟန့် အတားတွေ လို့ အိုင်တီနဲ့ အသက် မွေးသူတွေက ဆိုပါတယ်။

မြန်မာပြည်မှာ တခါတခါ ဂျီတော့ခ်ကို အင်တာနက် အဖြစ်သုံးနေရတဲ့ အခြေအနေ၊ အင်တာနက် သုံးဖို့ နံနက် ၈/၉ နာရီမှ ည ၁၀/၁၁နာရီထိဖွင့် တဲ့ဆိုင်ကို တကူးတက သွားရတာတွေဟာ လက်တွေ့အခြေအနေ တွေဖြစ်ပါတယ်။ DSL လိုင်းတလိုင်းကို ကျပ်ငွေ ၁၅သိန်းမှ ၁၈သိန်း ထိ ပေးသွင်းပြီး တလကို အနိမ့်ဆုံး ၃သောင်းခွဲလောက် ပေးသွင်းရမှာမို့ သာမန် သုံးစွဲသူတွေ အနေနဲ့ အိမ်မှာ အင်တာနက်ကို သုံးစွဲဖို့ရာ ခက်ခဲနေဆဲပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts