>Translated by May Ka on "Twilight over Burma by Inge Sargent " #2

>

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၂
မေခ
မတ် ၁၁၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
စ၀်သည် သူ့ဝါးတဲလေးအတွင်းမှ အပြင်ကို မမြင်ရသော်လည်း သူတို့ ခြေသံကိုတော့ကြားနေရလေသည်။ တဲတလုံး အကျဉ်းသားတယောက်စီကို တဲထောင့်လေးထောင့်မှာ အစောင့်ချထားသည်။ ရှေ့နောက်ခြေလှမ်းတိုင်းမှာ ရှိနေသည်။ သူဘယ်လိုမှ ထွက်ပြေးလို့မရမှန်းသိလိုက်သည်။ ထွက်ပြေးလို့ အစောင့်ကသတ်မိလျှင် သူတို့အစောင့်ကို  ခွင့်လွှတ်မည် ထင်ရလေသည်။ သူ့ဇနီးနှင့် ကလေးတွေဆီပြန်ဖို့ လွတ်လမ်းကို သူ ခုထိရှာနေတုန်းဖြစ်သည်။ နံနက်ခင်းသည် သူ့မျှော်လင့်ချက်ကိုသယ်ဆောင်လာပြီးသူလည်း လွတ်မြောက် ပေလိမ့်မည်ဟုထင်နေသည်။ သူအခုလို အဖမ်းခံနေရတာကို ၀န်ကြီးချုပ်လည်း ကြားပြီးလောက်ပြီ ထင်သည်။  အခုညရောက်လာပြီ။ မနက်ဖန်အတွက်သူအားမွေးရပေဦးမည်။ ဖျာကြမ်းပေါ်သူခြေဆန့်လိုက်သည်။ သို့သော် သူအိပ်လို့မပျော်။
တ၀ီဝီမြည်သော ခြင်ရိုင်းတွေက သူ့ခေါင်းနားမှာ ရစ်ဝဲနေကြသည်။စ၀်က အရှုံးမပေးဘဲ ခဏလေး  ဆေးလိပ်သောက်နေလိုက်သည်။ သူတရားထိုင်ဖို့ကြိုးစားသည်။ အရင်ကဆိုလျှင် သူ့ရင်ထဲက စိုးရိမ်ပူပန်မှုတွေအမြဲပြေပျောက်သွား တတ်သော်လည်း သည်ညတော့ ခြားနားစွာ သူတရားမှတ်လို့မရချေ။ သူသည်ဘာကြောင့်မှန်းမသိရပဲ တရားစီရင်ခြင်းမရှိပဲ အကျဉ်းကျခံနေရသည်။ သူတခါက သောင်းကျန်းသူခေါင်းဆောင်နှင့် အခန့်မသင့်ဖြစ်ခဲ့ဖူးရာ ထိုအကြောင်းလေးနှင့် သည်လို သူ့ကားကိုလမ်းမှာရပ်ခိုင်းပြီး အတင်းဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။ သူမသိသော တောတွင်းတနေရာတွင်ဖြစ်လေသည်။ထိုညတွင် အပြင်က တုန့်ပြန်မှုမရှိသော အစောင့်တွေထံမှ အဖြေမှန်ကို သိရလိမ့်မည်မဟုတ်မှန်းသူသိခဲ့သည်။
သူ့အတွေးတွေက သုစန္ဒာဆီ ရောက်သွားသည်။ သူမ၏ဇာတိ ဂျာမဏီနိုင်ငံကိုစွန့်ခွာပြီး သူ့နောက် သည်တိုင်းယိုင်တောင်တန်းဆီ လိုက်လာခဲ့သည်။သူ့ ဇနီးအဖြစ်နေလာခဲ့သည်မှာ ဆယ်နှစ်တောင်ကျော်ပြီဖြစ်လေသည်။
အခုချိန်ဆို ကုတင်ပေါ်ကသူ့ဘေးမှာ   ကလေးနှစ်ယောက်နှင့် အတူ သူမလည်း အိပ်ပျော်နိုင်လိမ့်မည် မထင်။ သူ့မ၏အရပ်မြင့်မြင့်သွယ်လျလျကိုယ်လေးကို သိုးမွှေးစောင်ပုံအောက်မှာ ကွေးကွေးလေး အိပ်နေမည့်ပုံကိုဖော်ကြည့်သည်။ သူမ၏ ဒူးထိရှည်လျားသော သစ်အယ်သီးရောင် ဆံစနီညိုညိုတထွေးကို ညအိပ်တဲ့ အခါ ရစ်ပတ်ထားမည်။ ဘယ်သူကမှ သူမကို အနှောက်အယှက်ပေးမည်မဟုတ်တာ သေချာသည်။ သူသည်လို ဖမ်းဆီးခံရသော စက်ဆုတ် ဒေါသထွက်ဖွယ်သတင်းကိုသူမလည်း ကြားလောက်ပြီဟုတွေးကြည့်ပြီး သူစိတ်သက်သာရာရစေလေသည်။ သူ သူမကို ချစ်ရတဲ့ အကြောင်းရင်းများစွာရှိခဲ့သည်။ သို့သော် ခဏလေးအတွင်းမှာပင် သူမ၏ခိုင်မာသောစိတ်ဓါတ်ဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ကိုချနိုင်သော သူမစိတ်ကို သူက အချစ်ဆုံးဖြစ်ရသည်။ပထမဆုံးသော ကြောက်မက်ဖွယ်ရာအကောင်းဆုံးနေ့တနေ့မှာပဲ သူ့အတွေးခံစားမှုကြောင့် မျက်နှာပြင်မှာ အပြုံးက ဖုံးလွှမ်းသွားလေသည်။
မကြာခင်လေးကပဲ သူမသည် မကောင်းမှုကို တိုက်ခိုက်ဆန့်ကျင်ပြီး ငါးလေးတကောင်အသက်ကို ကယ်တင်လိုက်သည်ကို သူအမှတ်ရလေသည်။ စားဖိုမှူးက ညစာအတွက် ယူဆောင်လာသော ဆော်လမွန်ငါးတကောင်သည် နောက်ဆုံးအနေဖြင့် ရေပြာပြာရေကူးကန်ထဲတွင် ရှေ့တိုးနောက်ငင်လူးခါနေလေသည်။ သုစန္ဒာက သည်ငါး စန္ဒကူးမြစ်ထဲ ပြန်ကူးသွားနိုင်သည့် အားအင်ပြည့်လာသည်အထိ ရေကန်ကိုပိတ်ဆို့ထားလိုက်သည်။ သူမကလေးတွေက စိတ်မကောင်းဖြစ်ကြသော်လည်း သူမ၏ ငါးလေးကို ကယ်ဆယ်ဖို့ ကြိုးပမ်းအားထုတ်မှုသည် အောင်မြင်ခဲ့လေသည်။ ထို့အတွက်သူမကို သူချစ်ရလေသည်။
သူမ ဘေးကင်းလုံခြုံနေသည်ဟု သူခိုင်ခိုင်မာမာယုံကြည်နေသော်လည်း သူမနှင့် ပြန်မှတွေ့ရပါမလား သူအဖို့ မသေချာချေ။ သူတို့တွေ တောခရီးထွက်ကြသည့်အခါ သူက သတ္တုများကိုလိုက်ရှာဖွေ  ၊သူမကတော့ အပင်ကြီးတွေပေါ်က သစ်ခွပန်းတွေကိုလက်ညှိုးထိုး  တောကောင်လေးတွေကို လိုက်ငေးနေမည်။သူတို့ညအခါ ၀ါးတဲလေးမှာ အိပ်ကြသည်။ အခုလိုအဖမ်းခံနေရတာမျိုးတော့ မဟုတ်ချေ။ သူတို့တဲလေးကို ကျားရန်မှ  သူတို့ သက်တော်စောင့်တွေက စောင့်ရှောက်ကာကွယ်ပေးထားသည်။ တ၀ီဝီမြည်သော ခြင်တွေရန်မှ ကာကွယ်ရန် ခြင်ထောင်ထောင်ပေးထားသည်။ သူတို့နှစ်ယောက်လွတ်လွတ်လပ်လပ် အေးဆေးစွာ အိပ်စက်နိုင်ခဲ့ကြတာကို သူ သွားအောက်မေ့မိလေသည်။ သူမ၏ ကိုယ်ငွေ့နွေးနွေးလေး သူမ၏ရယ်သံလွင်လွင် လေးတွေကိုမတွေ့ရတော့ပြီ။ သူမသည်သူ့ကို ရအောင်ရှာဖွေနိုင်လိမ့်မည်ဟု သူထင်မိလေသည်။
         သူရုတ်ချည်း လန့်ဖြန့်ပြီး အိပ်ရာမှ ထထိုင်လိုက်မိသည်။ တဲအတွင်း သူ့ဖျာဘေးတွင် လူတယောက်အိပ်နေသည်။ သူနာရီအနည်းကြာအောင်မှေးကနဲအိပ်ပျော်သွားခဲ့သည်။ ညကတော့ တိတ်ဆိတ်နေသည်။ အစောင့်တွေအသံတောင်မှ မကြားရ။
မှောင်မည်းနေသော တဲထဲတွင် သူ့ဘေးကလူသည် ယူနီဖောင်းဝတ် ထားသူတယောက်ဖြစ်မှန်းသူ သိနေသည်။ သည်လူက သူ့ကို နှိပ်စက်ဖို့လား ဒါမှ မဟုတ် အကူညီပေးမလို့လား ။ သူ ငြိမ်နေလိုက်သော်လည်း အလွန်သတိထားနေလိုက်သည်။
          “ ကျနော်က ဒီ ကအစောင့်တယောက်ပါပဲ ဆရာ ။ ဒါပေမဲ့ ကျနော်က ကချင်လူမျိုးပါ။  ကျနော့် ဦးလေးက ဆရာ့ ပုလိပ်တပ်မှာ နှစ်အကြာကြီး အမှုထမ်းခဲ့ဖူးပါတယ်။”
 ထိုလူက သူ့ဘေးနားကပ်ပြီး မြန်မာလို တိုးတိုး သတိထားပြောသည်။
‘ ဘာလို့ ကျနော့်ကို ဒါလာပြောနေရတာလဲ ‘
စ၀်က သံသယစိတ်ဖြင့် မေးလိုက်သည်။
“ကျနော်တို့ခေါင်းဆောင်အိပ်ပျော်နေပြီ။ ကျနော် ဆရာ့ကိုကူညီချင်လို့ပါ ။”
‘ ဒီကနေ ကျနော့်ကို ထုတ်သွားနိုင်မှာလား ‘
စ၀်က မေးလိုက်သည်။
“ မဟုတ်ဖူး ဆရာ ဒါမဖြစ်နိုင်ပါဖူး ။ နမ့်ပန်းမှာ ရှိတဲ့ မဟာဒေ၀ီဆီ  ကျနော် ဆရာ့ စာကို အရောက်ပို့ပေးနိုင်ပါတယ်”
သူ ဒီလိုအခွင့်အရေးကို လုပ်နိုင်မည်ဆိုတာကိုတော့ စ၀်သံသယ မဖြစ်မိ။ သူ ဘယ်မှာရှိနေတယ်ဆိုတာ ဘယ်သူကမှ တိတိကျကျ သိသေးမှာ မဟုတ်ဖူးဆိုတာ စ၀်သိသည်။ သူဘယ်မှာ ရှိနေတယ်ဆိုတာ သိမှ လည်း ကယ်ဖို့ လွတ်မြောက်ဖို့ လမ်းသိရမှာ မဟုတ်လား ။တကယ်လို့ ဒါဟာ သူ့ကို ထောင်ချောက်ဆင်တယ်ဆိုရင်လည်း သူ့အဖို့ ဒိထက်ပိုဆိုးစရာ မရှိတော့ ။သူ့ပိုက်ဆံအိတ်ထဲက အိပ်ဆောင် ပြက္ခဒိန်စာရွက်လေးကိုဆုတ်ဖြဲလိုက်ပြီး  သူ့ဇနီးထံ သူစာရေးလိုက်သည်။
“အချစ်  ကိုယ်အခု ရပ်စောက်နားက တောထဲမှာ သောင်းကျန်းသူတွေရဲ့ အဖမ်းခံထားရတယ် နေကောင်းတယ် ။  စ၀်”
 ဟုရေးလိုက်သည်။
ကချင်အစောင့်က သနပ်ဖက်ဆေးပေါ့လိပ်ကို မီးညှိလိုက်သဖြင့် အမှောင်ထဲမှာ မီးဖွားလေးတွေ လင်းနေသည်။ ဒီစာကို စာအိတ်ထဲထည့်ပြီး အရှေ့နမ့်ပန်းစံအိမ်တော် ကိုအရောက်ပို့ပေးဖို့ မှာလေသည်။
စ၀်ပေးသော တရာတန် ပိုက်ဆံကို မယူပါရစေနှင့်ဟု  သူကငြင်းသည်။ပိုက်ဆံကို လက်မခံဘဲ ဒီလောက် အန္တရာယ်ကြီးတဲ့ အလုပ်ဘာလို့ လုပ်ရတာလဲ ဆိုရင် ကျနော်လည်း နှစ်ပေါင်းများစွာ ဒုက္ခတွေခံရတဲ့ တောင်ပေါ်သားတယောက်ဖြစ်နေလို့ပါ   ဟု သူကဖြေသည်။
အစောင့် သူဘေးက ခိုးထွက်သွား ပြီးနောက်မှာတော့ စ၀်တယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ သူ့ကို တောင်ကြီးအထွက်ဂိတ် မှာ သူ့ညီ၏ကားပေါ်မှ ဆွဲခေါ်လာပြီး ဒီ တောထဲရောက်ခဲ့သည်အထိ စိတ်တွေဆင်းရဲ လေးလံနေခဲ့ရာ အခု အစောင့် ကြောင့် သူ့စိတ်ဓါတ်တွေ တက်ကြွလာပြီး မျှော်လင့်ချက်လေးတော့ရပြီဟု တွေးပြီး ခံစားရလေသည်။ သူ့ အသိတွေ ပိုမို နိုးကြားလာပြန်သည်။ သူ့ညီနှင့် ထိုနေ့က ထုံးစံအတိုင်း မနက်စာစားအပြီး  အိမ်မှ ထွက်အလာလမ်းမှာ  အခုလို အဖမ်းခံခဲ့ရခြင်းကိုပြန်တွေးနေမိသည်။
သူ့ခယ်မက သူ့ညီကို ထိုနေ့ မနက် ၄နာရီတွင် တိုင်းယိုင်လုံခြုံရေး ကောင်စီ အစည်းဝေး တက်ဖို့ရှိသည် ဟုပြောခဲ့သည်။ ထိုမနက်တွင် မည်သူတယောက်ကမှ သတိမထားခဲ့မိကြချေ။  နံနက်စာစားအပြီး စ၀်က သူ့ညီကားပေါ်တက်ပြီး ဟဲဟိုး လေဆိပ်မှာ လေယာဉ်စီးဖို့ရာ ကားဖြင့် အိမ်မှ ထွက်ခဲ့သည်။လမ်းတလျှောက်လုံးတွင် လမ်းမပေါ်မှာ ကားတွေ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်နေသော်လည်း လမ်းပိတ်ရလောက်အောင်တော့ မဖြစ်ဘဲ ကားသည် တောင်ကြီးမြို့ အထွက် ဂိတ်သို့ ရောက်ခဲ့လေသည်။ ထိုဂိတ်တွင် ကားတန်းကြီးသည် ရှည်လျားစွာရပ်စောင့်နေခဲ့ရသည်။ သောင်းကျန်းသူများသည် ကားတန်းထဲက စ၀်တို့ကားဆီရောက်လာပြီး နမ့်ပန်း ခွန်မိန်း စ၀်ခွန်ဖ ဟုတ်မဟုတ်မေးလေသည်။
‘ ဟုတ်တယ် ငါ ခွန်မိန်း စ၀်ခွန်ဖ ပဲ ဘာတွေ ဖြစ်နေလို့လဲ ‘
‘ ကျေးဇူးပြုပြီးကျနော်တို့ လုံခြုံရေးဂိတ်တဲကို ခဏဆင်းပေးပါဦး ဆရာ ‘
သောင်းကျန်းသူတယောက်က ပြောပြီး စ၀်ဆင်းဖို့ ကားတံခါးကိုဖွင့်ပေးလိုက်သည်။ စ၀် လုံခြုံရေးဂိတ်တဲအတွင်း ၀င်လိုက်သောအခါ သောင်းကျန်းသူခေါင်းဆောင်တယောက်က သူ့ကားဆရာကို ကားခေါင်းလှည့်ပြီး တောင်ကြီးကိုပြန်ဖို့ပြောနေသည်။ ကားသည် သူ့ သခင်မပါဘဲ သူ့ ခရီးဆောင် အိတ်ကိုသယ်ဆောင်ပြီး တောင်ကြီးဘက်ပြန်လှည့် သွားသည်ကို သူတွေ့လိုက်ရလေသည်။
၁၆နာရီကြာပြီးသောအခါ စ၀်သည် မိန်းတိုင်းတောင်ပိုင်း ရပ်စောက် အနီး တောတွင်းတနေရာတွင် အဖမ်းခံနေခဲ့ရတော့သည်။ အခုချိန်ထိ ဘာအကြောင်းကြောင့် သူ့ကို ဖမ်းဆီးထားမှန်း စ၀် မသိရသေးချေ။ မိန်းတိုင်းမှာဘာတွေဖြစ်နေလို့လဲ ဘာလို့ သူ့ကို အခုလိုဖမ်းချုပ်ထားရတာလဲ ။  သောင်းကျန်းသူတွေက ဘယ်ကလဲ ။
စ၀်မှာ သည်လို အခြေအနေဖြင့် ကြာရှည်နေဖို့ မဖြစ်နိုင်ကြောင်းသိလာသည်။ သူနောက်ထပ် နည်းနည်း အိပ်ဦးမှ ဖြစ်မည်။ ဒါမှ နောက်နေ့ တွေမှာ  သူရင်ဆိုင်နိုင်မည်။ နောက်နေ့သည် စိုးရိမ်စရာတွေ အန္တရာယ်တွေလား ပိုမိုကောင်းသော အကောင်းဘက်က မျှော်လင့်ချက်တွေလား ။   စ၀်က သူတို့မိသားစု အတူရှိစဉ်က ရယ်စရာ ပျော်စရာလေးတွေ သူ့မဟာဒေ၀ီအကြောင်း သူ့သမီးတွေအကြောင်းတွေ ကိုသာ စိတ်ကို ပို့ထားလိုက်တော့သည်။ သို့မှသာ သူ့အိပ်မက်ဆိုးကြီးမှ လွတ်မြောက်ရာ နည်းလမ်းကို သူရှာတွေ့လိမ့်မည် ဟု တွေးလေသည်။
          တောထဲက ငှက်လေးတွေ ၏ တီတီတာတာ နံနက်ခင်း တေးဆိုသံကို ကြားလိုက်ရသောအခါ  စ၀် အိပ်ရာမှ နိုးလာခဲ့သည်။အချိန်က လေးနာရီခွဲ ။ သူအိပ်မက်ဆိုးမှ မလွတ်မြောက်သေး။ ဒီစခန်းမှာပဲ ။ဒီဝါးတဲလေးထဲမှာပဲ။  ပြတင်းပေါက်မရှိ။ တံခါးမကြီးကို အပြင်ရှိ အစောင့်ကပိတ်ထားသည်။သူသည် ယခုတိုင် သူတို့၏ သနားစရာ အကျဉ်းသား များထဲက တယောက်ဖြစ်နေ သေးသည်။
ထိုအချိန်လေးတွင် သူသည် အိမ်သို့ ချက်ခြင်းပြန်ချသွားလိုက်ချင်သည်။ သူ့မိသားစုကို တခါတည်းခေါ်ပြီး  သူ့ဘ၀မှာ  စိတ်လွတ်ကိုယ်လွတ်ပျော်ခဲ့နေခဲ့ရသော သတ္တုတူးဖော်ရေးကျောင်း တက်ခဲ့သော အမေရိကန်ရှိ ကိုလိုရာဒိုမြို့လေးဆီ ပြေးသွားလိုက်ချင်မိလေသည်။ သူသည် အခက်အခဲများစွာကို ကျော်ဖြတ်ပြီး ချက်ခြင်းပင် သူ့စာရွက်စာတန်းများကိုရှာဖွေပြီး အလုပ်ရှာသောအခါ ကိုလိုရာဒိုမြို့လေးရှိ မိုင်းကျောင်းလေးက လက်ခံလိုက်လေသည်။
          သူ့သူငယ်ချင်းတွေက အကြံဥာဏ်များပေးခဲ့ကြရာတွင် သူ့စီမံကိန်းသည်သူ့အတွက် စိတ်ချ အလုံခြုံဆုံးဖြစ်ကြောင်း သူ့ရန်သူတွေက သူတို့ အကျိုးစီးပွား မြှင့်တင်ဖို့အတွက် ကြိုးစားနေကြကြောင်း  ထို့ကြောင့်သူသည် သူ့လူထုက သူ့ကို ခေါင်းဆောင်အဖြစ်လိုအပ်နေချိန်မှာပင် သူသည် နမ့်ပန်း ကနေ အမေရိကန်သို့ထွက်ခွာလာခဲ့လေသည်။ 
စစ်ဖိနပ်သံများ သူ့တဲလေးနားရောက်လာသံကိုကြားလိုက်ရသောအခါ သူ့စိတ်တွေသည် တကယ်အဖြစ်မှန်သို့ ပြန်ရောက်လာသည်။ တံခါးကို သတိကြီးစွာဖွင့်လိုက်သောအခါ ပြင်ပမှ ပထမဆုံးသော အလင်းတန်းလေးက တဲအမှောင်ထဲ ထိုးဝင်လာသည်။ ခက်ထန်မာတင်းသော မျက်နှာထားဖြင့် သောင်းကျန်းသူခေါင်းဆောင်တယောက် တဲထဲမှာပေါ်လာသည်။
          စ၀်သူ့ကိုမှတ်မိလိုက်သည်။ ထိုသူသည်လွန်ခဲ့သော တနှစ်က သူ့နမ့်ပန်းနယ်နားက ရွာလူကြီးလေးယောက်ကို  လျှပ်စစ်ကျဉ်စက်ဖြင့် ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ဖူးသူဖြစ်လေသည်။ သူ့အဆိုအရ ထိုလူကြီးလေးယောက်သည် ဓါးပြများနှင့် ဆက်သွယ်သောကြောင့် သင်ခန်းစာပေးလိုက်ခြင်းဖြစ်သည်ဟု ပြောခဲ့ဖူးသူလည်းဖြစ်လေသည်။
“ကျွန်တော့်နံမယ် ဗိုလ်ဆမ်လွယ် ပါ။ မေးခွန်းနည်းနည်း မေးချင်လို့ပါ ဆရာ”
သူကပြောပြီး ဖျာပေါ်တွင် တောင့်တောင့်ကြီးရပ်နေပုံမှာ စ၀်ကို ခြိမ်းခြောက်နေသလိုဖြစ်နေသည်။
          “ခင်ဗျားတို့ထဲက အကြီးဆုံး တာဝန်ခံ ခေါင်းဆောင်နဲ့ပဲ စကားပြောချင်ပါတယ်။”
  စ၀်က အေးဆေးတည်ငြိမ်စွာပြန်ပြောသည်။
အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ် ငြိမ်သက်သွားပြီးနောက်  ထိုသူက
          “ ကျွန်တော်မေးတဲ့မေးခွန်းတွေ မဖြေဘူးဆိုရင် တော့ မဖြစ်နိုင်ပါဘူး ။  ကျွန်တော် ဆရာကို အကူအညီပေးချင်ပါတယ် ။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုယုံပါ။ ဒါပေမဲ့ ဆရာက ကျွန်တော်တို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အရင်ပေးရမယ်”
“ကျွန်တော်က တောင်းဆိုနေတာပါ တခြား ဘာကိုမှ ထပ်ပြောဖို့ အစီစဉ်မရှိ သေးပါဘူး”
စ၀်ကပြောပြီး သူ့ဘက်လှည့်လိုက်သောအခါ သူသည် အတော် သိသာစွာပင် စိတ်ရှုပ်သွားပုံရလေသည်။ မျက်နှာတော့ အပျက်မခံဘဲ သူကစ၀်အပေါ်စီးက ရှိနေကြောင်းကို သာပြလိုဟန်ရှိနေသည်။ စကားတော့ ပြန်မပြော။
‘ ခင်ဗျား နောင်တရလိမ့်မယ် ‘
သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် လှည့်ထွက်ပြီး ၀ါးတံခါးကို ပိတ်လိုက်လေသည်။ တဲလေးသည် ပြန်မှောင်သွားပြီး ၀ါးထရြံကားလေးမှာ ထိုးဝင်နေသော အလင်းတန်းလေးတွေသာ ဟိုနား သည်နား ထိုးကျနေသည်။ စစ်ဖိနပ်သံက တဖြည်းဖြည်း ဝေးပြီးပျောက်သွားတာ စ၀်ကြားနေရသည်။
စ၀်သည် ဖျာပေါ်ပြန်ထိုင်ချလိုက်ပြီး သူ့အိပ်ရာပေါ် တရားထိုင်ဖို့ ပြင်လေသည်။ သူမျက်စိမှိတ်လိုက်ပြီး သူ့စိတ်ကို နှာဖျားလေးဆီ ပို့ထားလိုက်သည်။ နှာဖျားကို တိုးဝင်သွားသော လေက အေးစိမ့်နေပြီး ရှုထုတ်လိုက်သော လေသည် နှာဖျား ၌နွေးနေလေသည်။ သူအာရုံကိုစူးစူးစိုက်စိုက် ရနေချိန်တွင် ယောကျာ်းတယောက်၏ အသံကို သူ့ဘေး၌ ကြားလိုက်ရသည်။
‘ ဆရာ ကျွန်တော် အခု တယောက်တည်းရှိနေတယ် နောက် ဂျူတီချိန်းဖို့ တယောက်မလာသေးဖူး အချိန်နည်းနည်းရတယ် ။ကျွန်တော်က ကချင်ပါ။ ကျွန်တော့်လူမျိုးအတွက်ပဲ သစ္စာရှိပါတယ် ။ဒီကောင်တွေအတွက် သစ္စာမရှိနိုင်ဘူး ။ ဆရာ့ကိုညကပြောခဲ့တိုင်းအတိုင်းပါပဲ ကျွန်တ်ာတို့က ဆရာ့ ကိုသိပ်လေးစားပါတယ် ဆရာ့ကို ကျွန်တော်ကူညီ နိုင်မှာပါ ‘
တံခါးကအနည်းငယ်ဟနေရာ ထိုကြားလေးမှ စ၀်အပြင်က သူ့ကိုမြင်နေရသည်။ သူက မြေကြီးပေါ် ဆောင့်ဆောင့်ထိုင်ပြီးပြောနေသည်။ သူသည် ရိုသေလေးစားမှုကိုပြသည့်အနေဖြင့် သူ့ဘွတ်ဖိနပ်ကိုချွတ်ပြီး ပြောနေသည်။ သူ့သေနတ်ကိုတော့မမြင်ရ။သူ့ပုံက အရပ်ရှည်ရှည် နှာခေါင်းချွန်ချွန် မျက်နှာထားရှိသည်။ ထိုပေါ်လွင်သော နှာတန်သည် တောင်ပေါ်သားဖြစ်တာကိုပြနေသည်။
‘ ခင်ဗျား ဘယ်လိုထင်လဲ ကျွန်တော့်ကို ကူညီနိုင်မလား ‘ စ၀်က မေးလိုက်သည်။
‘ကျွန်တော် နောက်ထပ် စာတစောင်ထပ်ပြီး မဟာဒေ၀ီဆီ အရောက်ပို့ပေးပါ့မယ် ။မနေ့ကစာထက် နောက်တစောင်ကိုပြောတာပါ။’
သူဖြေသည်။
          “ကျွန်တော် ဒီသတင်းပို့ပေးရင် မဟာဒေ၀ီတော့ သိပ်စိတ်လှုပ်ရှားသွားမှာပဲ”
စ၀်သည် တွန့်ဆုတ် မနေတော့ပဲ သူ့ပိုက်ဆံအိတ်ထဲက ပြက္ခဒိန်စာရွက်လေးကို ဖြဲလိုက်ပြီး ချက်ခြင်းစာရေးလေသည်။
“အချစ်  မောင်အခု ဒီစာကို ခိုးရေးလိုက်တာ မောင်အခု ရပ်စောက်နားက တောထဲမှာ အဖမ်းခံထားရတုန်းပဲ ။ခင်မောင်ချိုကိုပြောပြပြီး သူကတဆင့် တော်မီ ကလဖ်(ဒ) ဆီ အကြောင်းကြားပါ မောင့်ကို လာကယ်ထုတ်ဖို့ ပေါ့။  ကိုလှမိုး ၊ မိုင်လီ တို့လည်း ကူနိုင်တာပဲ ။သူတို့နဲ့ တွေ့ဖြစ်အောင်တွေ့ပါ။ ဒီကအခြေအနေတွေက ရှုပ်နေတယ်။ မကြာခင်ပြန်တွေ့ပါစေလို့ မျှော်လင့်ပါတယ် ။ ကျန်းမာ ရွှင်လန်းပါစေ။ မောင် အဆင်ပြေပါတယ် ။ ချစ်တဲ့   စ၀်ခွန်ဖ …”
နောက်ထပ်စာရွက်ပေါ်တွင်မူ စ၀်သည် ဤသတင်းကိုပဲ ရန်ကုန်တွင်ရှိသော  သူ့သူငယ်ချင်း ဂျင်မီယန်းထံ ခပ်သွက်သွက်ရေးချလိုက်သည်။ ဂျင်မီယန်းမှ တဆင့် ၀န်ကြီးချူပ်ဦးနုထံ သူ့ကို ကယ်ထုတ်ပေးဖို့ အကူညီတောင်းခိုင်းလိုက်လေသည်။
          “ခင်ဗျား ဒီစာနှစ်စောင် ရောက်အောင်ပို့ပေးနိုင်မလား …”
 စ၀်က သူ့ကိုပြောရင်း ပြက္ခဒိန်စာရွက်ကို ဆုတ်ဖြဲလိုက်သည်။
“ကျွန်တော် ကတိပေးပါတယ် ဆရာ နောက်တခုကဆရာ သတိထားပါ ဒီကကောင်တွေကို မယုံပါနဲ့ ဒီကောင်တွေက ငညစ် တွေပဲ”
 စ၀်၏ ၀ါးတဲ အချူပ်ခန်း တံခါးနားမှ သူသည် လှစ်ကနဲ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေသည်။
နာရီအနည်းငယ် ကြာသောအခါ နောက်ထပ် အစောင့်တယောက် ပြောင်းရောက်လာသံကို စ၀်ကြားလိုက်ရသည်။ လွန်ခဲ့သော ၂၄နာရီက စ၀်ကို သူ့ညီကားပေါ်မှ ဖမ်းဆီးခေါ်ဆောင်ခံလာရသောအကြောင်းကို ကချင်တပ်သားက သယ်ဆောင်သွားလေပြီ။ သူ့အတွက်  ပြင်ပ ကမ္ဘာနှင့် ဆက်သွယ်ရသော တခုတည်းသော မျှော်လင့်ချက်လေးလည်း ဖြစ်လေသည်။ သူ့အတွက် အခြားနည်းလမ်းမရှိ။ သို့သော်သူစောင့်ရမည်။ သူတရားမှတ်သည်။ ဒီ အကြံအောင်မြင်နိုင်ပါ့မလား ။ စောင့်ကြည့်ရပေမည်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts