သြဂုတ် ၃၀၊ ၂၀၁၂
ဗိုလ်မှူးချုပ်ကျော်ဇော၏အမည်ရင်းမှာ ကိုရွှေဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင်များဖြစ်ကြသည့် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ ကိုလှမောင် (ဗိုလ်ဇေ ယျ)၊ ကိုလှ(ဗိုလ်မင်းရောင်) တို့ကဲ့သို့ ကိုရွှေသည် ကျောင်းသားအဖွဲ့မှဖြစ်သည်။ ကျောင်းသားအဖွဲ့ဆိုသော်လည်း စင်စစ် ယင်းတို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံးသြဇာခံများသာ ဖြစ်ကြသည်။ ကိုရွှေသည် ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန် အမည်မှာ “တာနီဂုချိရှင်အိချီ” (Taniguchi Shinichi) ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗိုလ်အမည်ခံယူရာတွင် ဗိုလ်ကျော်ဇောဖြစ် လာသည်။
ဗိုလ်ကျော်ဇောကို သာယာဝတီခရိုင် သုံးဆယ်မြို့ဆိုင်းစုရွာတွင် ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက် (ကျော်ငြိမ်း၏ ရဲဘော်သုံးကျိပ် စာအုပ်စာ မျက်နှာ ၁၃၉ ၌ ၁၉၁၈ နိုဝင်ဘာ ၃၀ ရက်ဟူ၍ ဖေါ်ပြထားသည်။) ၌ အဖလယ်သမားကြီးဦးပန်း၊ အမိဒေါ်တင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။
ငယ်စဉ်က သုံးဆယ်မြို့နှင့် ဆိုင်းစုရွာအကြားရှိ ရွာမရွာမြန်မာမူလတန်းကျောင်း၊ ညောင်ဝိုင်းမူလတန်းကျောင်း၊ သုံးဆယ်မြို့အာရ်စီအမ် ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ယင်းနောက် ရန်ကုန်သို့ပြောင်းရွှေ့၍ ရန်ကုန်မြို့ မြူနီစီပယ်အထက်တန်းကျောင်းမှ မြန်မာ (၁၀)တန်းအောင်မြင်ခဲ့သည်။ ဟိုက်ယားဂရိတ်ခေါ် ဆရာဖြစ်သင်တန်းတက်နေဆဲမှာပင် ကျောင်းသားသမဂ္ဂအတွင်းရေးမှူးလုပ်ခဲ့သည်။ ၁၉၃၈ တတိယကျောင်းသားသပိတ်တွင် ကိုရွှေတို့၏ ဆရာဖြစ်သင်ကျောင်းမှ ကျောင်းသားများက အတွင်းဝန်များရုံးဝင်ပေါက်၊ ထွက်ပေါက်များ ပိတ်၍ သပိတ်ထားခဲ့ကြသည်။ ယင်းနောက် သုံးဆယ်မြို့သို့ပြန်၍ မူလတန်းပြဆရာဝင်လုပ်ခဲ့သည်။
သာယာဝတီတွင် တို့ဗမာအစည်းအရုံးဝင် သခင်များလာရောက်ဟောပြောစဉ် သခင်ခင်အောင်နှင့် တွေ့ဆုံရင်းနှီးပြီး ကိုရွှေကို စင်ပေါ်တင် ပေးသဖြင့် စတင်ဟောပြောဖြစ်ခဲ့သည်။
ထို့နောက် ရန်ကုန်သို့ပြန်လာကာ ဆရာမကြီးဒေါ်မမထံတွင် အင်္ဂလိပ်စာသင်ယူခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီတွင် စစ်ရဲဘော်လေ့ကျင့်ရေးတာဝန်ခံကိုညိုနှင့်တွေ့ဆုံပြီး အင်္ဂလိပ်ကိုတိုက်ရန် ဂျပန်သို့ စစ်ပညာသင်သွား မည့်မျိုးချစ်လူငယ်များနှင့်အတူလိုက်ရန် တိုက်တွန်းသည့်အတွက် သခင်မြနှင့်ဆက်သွယ်ပြီး ဂျပန်သို့စစ်ပညာသင်ရန် စေလွှတ်သည်။ ရဲဘော်သုံးကျိပ် ရဲဘော်သုံးကျိပ် ဒုတိယအသုတ်ဖြစ်သော သခင်စိုး (ဗိုလ်မြင့်အောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ သခင်သန်းတင်-၂ (ဗိုလ်မြဒင်)၊ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်း ယုန်) တို့နှင့်အတူ ကိုင်ရှိုမာရူး (Kaisho Maru) သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ၁၉၄၁ ဧပြီ ၁၃ တွင် ထွက်ခွာခဲ့သည်။ ၁၉၄၁ ဧပြီ ၂၈ တွင် ဂျပန် နိုင်ငံ အိုဆာကာမြို့သို့ရောက်ရှိခဲ့ပြီး ထိုမှတဆင့် တိုကျိုမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ တိုကျိုမှတဆင့် ဟိုင်နန်ကျွန်းသို့ ၁၉၄၁ မေ ၁၀ တွင် ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းတွင် ဖွင့်လှစ်ထားသော စန်းယစစ်ပညာသင်ကျောင်းနှင့် ထိုင်ဝမ်ကျွန်းတို့တွင် တိုက်ခိုက်ရေးသင် တန်းများ တက်ရောက်ခဲ့သည်။
ထို့နောက် ၁၉၄၁ ဒီဇင်ဘာ ၂၆ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာလူမျိုး မျက်စိကုဆရာဝန်ကြီး ဦးထွန်းဖေနေအိမ်၌ ရဲဘော်သုံးကျိပ် ဝင်များ လက်မောင်းသွေးဖောက်ကာ သစ္စာအဓိဋ္ဌာန်ပြုရာတွင် ပါဝင်ခဲ့သည်။ ယင်နောက် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာ ဗိုလ် ကျော်ဇောဖြစ်လာသည်။ ရဲဘော်သုံးကျိပ်ဝင်များ၏ ဗိုလ်ဘွဲ့များကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကမှည့်ပေးခဲ့သည်ဟု ဆိုသည်။
၁၉၄၂ ဇန်နဝါရီ ၁၁ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်၍ ဗြိတိသျှနယ်ချဲ့တို့ကို တိုက်ခိုက်ခဲ့သည်။ ၁၉၄၂ ဇူလိုင် ၂၇ တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ပြန် လည်ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၄ သြဂုတ် ၄ မှ ၇ ထိ ပဲခူးမြို့ ဗမာ့တပ်မတော်ခံပြတပ်ရင်းရှိ ဗိုလ်ကျော်ဇော နေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်သခင်စိုးတို့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးပြီး ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ဖွဲ့ရန် သဘောတူညီခဲ့သည်။
၁၉၄၄ သြဂုတ် ၁၂ တွင် ဗမာ့တပ်မတော်ခေါင်းဆောင်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။ ၁၉၄၅ စက်တင်ဘာ ၄ တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သီဟိုဠ်ကျွန်း(ယခုသီရိလင်္ကာနိုင်ငံ) ကန္နီမြို့သို့သွားရောက်ရာ၌ အဖွဲ့ ဝင်အဖြစ် လိုက်ပါခဲ့သည်။
၁၉၄၅ ဒီဇင်ဘာ ၁၅ တွင် ဗမာ့တပ်မတော်၌ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြောက်ပိုင်းတိုင်း တိုင်း မှူးအဖြစ်လည်းကောင်း၊ ၁၉၄၉ ဖေဖေါ်ဝါရီ ၄ တွင် တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ်လည်းကောင်း ဆောက်ရွက်ခဲ့သည်။ ၁၉၅၂ တွင် မြန်မာ စစ်မစ်ရှင် ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယမ်၊ နော်ဝေး၊ ဆွီဒင်နှင့် ယူရိုဆလားဗီးယား နိုင်ငံ များသို့ သွားရောက်ခဲ့သည်။
၁၉၅၃ တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ပြန်လည်တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဗမာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန် ထမ်းရွက်ခဲ့သည်။၁၉၅၄ မတ် ၂ တွင် မြန်မာ့မြေသို့ ကျူးကျော်ဝင်ရောက်လာသော တရုတ်ဖြူကိုမင်တန် (Kuomintang) တပ်များကို ဘုရင့် နောင်စစ်ဆင်ရေးဖြင့်လည်းကောင်း၊ ၁၉၅၅ မတ် ၇ တွင် တရုတ်ဖြူတပ်များကို ရန်ကြီးအောင်စစ်ဆင်ရေးဖြင့်လည်းကောင်း ကိုယ်တိုင်ဦးစီး ကွပ်ကဲ၍ တိုက်ခိုက်ချေမှုန်းခဲ့သည်။
၁၉၅၅ စက်တင်ဘာလတွင် စစ်ဘက်ချစ်ကြည်ရေးမိတ်ဆက်အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့သည်။
ဗမာ့တပ်မတော်မှ ၁၉၅၆ ဇန်နဝါရီ ၆ တွင် အောင်မာဃထိုးစစ်ဆင်နွှဲစဉ် ဗကပဌာနချုပ်သို့ ရဲဘော်ကြီးမြင့်နှင့် ဗိုလ်ကျော်ဇောတို့ပေးပို့သော စစ်ရေးထိပ်တန်းလျှို့ဝှက်သတင်းများပါရှိသည့် စာရွက်စာတမ်းများကို သိမ်းဆည်းမိခဲ့သည်ဟုဆိုကာ ၁၉၅၇ ဖေဖေဝါရီ ၁၃ ရက်နေ့ပါစာ အမှတ် ၂၀ ရာထူး (၁၅) ၅၇ အရ ၁၉၅၇ မတ် ၆ တွင် တပ်မတော်မှ ဒုဗိုလ်မှူးကြီးအဆင့်သို့လျှော့ချ၍ အငြိမ်းစားပေးခြင်းခံရသည်။ အောင်မာ ဃစစ်ရေးဆိုသည်မှာ ပခုက္ကူခရိုင်အတွင်းရှိ ဗကပပါတီဌာနချုပ်ကို ထိုးစစ်ဆင်သောစစ်ရေးဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်စာအုပ်မှ စာ ၁၉၄ တွင် အောက်ပါအတိုင်း ရေး သားထားသည်။
“ထို(အောင်မာဃ)စစ်ဆင်ရေးအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်မှ စာရွက်စာတမ်းအတော်များများသိမ်းဆီးမိရာ ထိုအထဲတွင် ဥက္ကဋ္ဌသခင်သန်းထွန်း၏ ထိပ်တန်းလျှို့ဝှက်ဖိုင်တွဲ တစ်တွဲပါရှိသည်။ ထိုဖိုင်တွဲ တွင်ပါရှိသောစာအချို့မှ အချက်အလက်များအရ သခင်သန်း ထွန်းထံ ကျွန်တော်ကရေးပေးသည်ဟု ထင်ရသောအကြောင်းအရာများပါရှိနေရာ ထိုကိစ္စကိုအကြောင်းပြု၍ ကျွန်တော့်ကို အကြီးအကျယ် အရေးယူရန် တပ်တွင်းတပ်ပြင်ရှိ ဆိုရှယ်လစ်များ စီစဉ်ကြပါတော့သည်။
ဤနေရာတွင် ကျွန်တော်နှင့် ထိုခေတ်ထိုအချိန်က နိုင်ငံရေးဇာတ်ခုံများတွင် အရေးပါစွာရောက်ရှိနေသူများအကြား ဆက်ဆံရေးကို ရေးပါ ဦးမည်။
ထိုအချိန်ကာလ ၁၉၅၆ ခုနှစ်သည် ဆိုရှယ်လစ်များက တပ်တွင်းတပ်ပြင်သြဇာလွှမ်းမိုးရေး အကြီးအ ကျယ်ကြိုးစားနေမှု အရှိန်ရနေချိန်နှင့် လည်း တိုက်ဆိုင်နေပါသည်။ သူတို့သည် ပြင်ပအန္တရာယ်ဖြစ်သည့် တရုတ်ဖြူတိုက်ရေးထက် ပြည်တွင်းစစ်ကိုသာ အလေးပေးအပြုတ် တိုက်ချင်သူများ ဖြစ်ကြသည်။ ပြည်သူလူထုနိုးကြားပြီး တောင်းဆိုလွန်း၍သာ (တဖက်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီက ဖေါ်ထုတ် ဖွင့်ချနေ၍သာ) တရုတ်ဖြူတိုက်ရေးကို လုပ်ကြခြင်းဖြစ်သည်။ ထိုတိုက်ပွဲများအရှိန်နှင့် ကျွန်တော်သြဇာကြီးမားလာမှုကိုလည်း သူတို့စိုးရိမ် နေကြသည်။
တပ်တွင်းမှ ဆိုရှယ်လစ်ပါတီဆန့်ကျင်သည့် တပ်မှူးများလည်းရှိရာ ကျွန်တော်နှင့်ပူပေါင်းစည်းရုံးမိပြီး သူတို့ဆိုရှယ်လစ်များကို အာခံခေါင်းမာ လာကြမှာလည်း စိုးရိမ်ကြသည်။ အဓိကမှာ ဆိုရှယ်လစ်များအနေနှင့် တိုင်းပြည်ကို ၎င်းတို့စိတ်ကြိုက်ချယ်လှယ်လိုကြရာတွင် တပ်မတော်ကို ပထမဆုံး သူတို့စိတ်ကြိုက်အုပ်စီးနိုင်ဖို့ရာမှာ ဆူးငြောင့်ခလုတ်ဖြစ်သော ကျွန်တော်ကို ဖယ်ရှားပစ်ဖို့လိုလေသည်။
ကျွန်တော် ဤကဲ့သို့တပ်မှထုတ်ပစ်ရေးကို ပုဂ္ဂိုလ်ရေးအရ အဓိကကြိုးစားကြိုးကိုင်သူ (၃) ဦး (ဦးကျော် ငြိမ်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်နေဝင်း) တို့ ရှိပါသည်။
ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းသည် တလျှောက်လုံး ကျွန်တော့်ကို သတိဖြင့်စောင့်ကြည့်ခဲ့ပါသည်။ ဦးကျော်ငြိမ်းသည် ကျွန်တော့်ကို သူ၏ ဆိုရှယ်လစ်ပါတီတွင်းရောက်အောင် များစွာအားထုတ်လုံးပန်း ကြိုးစားခဲ့ပါသည်။ ဆိုရှယ်လစ်ပါတီမှာ ပြည်သူတို့၏အကျိုးကိုဆောင်ရွက်ဖို့ထက် ကွန်မြူနစ်ပါတီဆန့်ကျင်ရေး၊ အပြုတ်တိုက်ရေးကိုသာ အဓိကလုပ်နေသောပါတီဖြစ်ရာ (အဓိက ၎င်းတို့ကိုယ်ကျိုးစီးပွားကိုသာလုပ် နေရာ) ကျွန်တော့်အနေနှင့် တိုင်းပြည်နှင့်ပြည်သူ့မျက်နှာမထောက်ဘဲ မိမိတဝမ်းတစားအတွက် ဆိုရှယ်လစ်ပါတီဝင်မလုပ်နိုင်ပေ။ ဦးကျော် ငြိမ်းအနေနှင့်ကလည်း ကျွန်တော်၏ပြင်းပြသော ပြည်ချစ်စိတ်၊ အကျင့်စာရိတ္တ၊ သီလ၊ ရာထူးစည်းစိမ်မမက်မောမှု စတာတွေကိုကြည့်ပြီး သူသိမ်းသွင်းနိုင်မည့်သူမဟုတ်ရုံမက သူ့ရှေ့ရေးရည်မှန်းချက်ကိုပါ နှောင့်ယှက်နိုင်သူဟုမြင်နေသဖြင့် ထိုဖိုင်တွဲကိစ္စပေါ်လာသောအခါ တပ်တွင်းဆိုရှယ်လစ်များနှင့်ပူးပေါင်းပြီး တက်ကြွစွာ ကျွန်တော့်ကို အရေးယူလုပ်ဆောင်လာခြင်းဖြစ်ပါသည်။
ဗိုလ်အောင်ကြီးမှာ နိုင်ငံရေးထက် ပုဂ္ဂိုလ်ရေးရာထူးအတွက်ပါ ကျွန်တော့်ကိုဆန့်ကျင်သဖြင့် အလွန်ပြင်းထန်ပြီး ကျွန်တော့်အပေါ် ပုဂ္ဂိုလ်ရေး အရလည်း အလွန်မုန်းတီးပါသည်။ ကျွန်တော်တပ်တွင်းရှိနေသရွေ့ သူ့အနေနှင့် ကျွန်တော့်ကိုကျော်ကာ ထိပ်ရောက်နေဖို့မဖြစ်နိုင်ပါ။
ဗိုလ်နေဝင်းမှာ ကျွန်တော့်ကို ဂျပန်ခေတ်ကတည်းက မလိုလား၊ မနှစ်မျို့သော်လည်း လက်တွေ့ထည့်သွင်းစဉ်းစားရမည့်အချက်များရှိပါသည်။ (ဗိုလ်နေဝင်းသည် တပ်တွင်းဆိုရှယ်လစ်များအနက် ၎င်း၏ကိုယ်ကျိုးစီးပွားနှင့်ပတ်သက်လာလျှင် အလွန်လက်တွေ့ကျစွာ စဉ်းစားနိုင် သူဖြစ်သည်။)
တိုင်းပြည်တွင် စစ်တပ်ကထမ်းဆောင်ရမည့် တာဝန်ကြီးများပေါ်ပေါက်လာပါက သူ့တွင်အားကိုးဖို့မရှိပေ။ သူကိုယ်တိုင်က ဘာမှစွမ်းရည်ရှိသူ မဟုတ်။ သူ့ဆိုရှယ်လစ်တပ်မှူးများကလည်း အားမကိုးရ။ အရေးအ ကြောင်းဆိုက ကျွန်တော့်ကိုခေါ်ပြီး တာဝန်ပေးရ။ ကျွန်တော်ကလည်း တခါမျှမငြင်းဆို။ ခေါ်ပြီးတာဝန်ပေးသမျှ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့။ တခါမှလည်း ရာထူးကိစ္စ၊ ကိုယ်ရေးကိစ္စ မတောင်းဆိုဖူး။ ထိုအချက်များကြောင့် ကျွန်တော့်ကို တပ်မတော်မှထုတ်ပစ်ရေးအထိတော့ သူကအစပိုင်းတွင် မလိုလားခဲ့ပါ။ သို့သော် နောက်ပိုင်း ကျွန် တော့်သြဇာအရှိန်တက်လာသောအခါ သူလည်း ဗိုလ်အောင်ကြီးနှင့်အတူပူးပေါင်းပြီး ကျွန်တော့်ထုတ်ပစ်ရေးကို တက်ကြွစွာ လုပ်လာပါတော့ သည်။
ဤသူများအပြင် ဦးနုနှင့် ဦးဗဆွေ (ထိုအချိန်က ဝန်ကြီးချုပ်လုပ်နေသူ) တို့လည်း ကျွန်တော့်ကို မလိုလားကြဘဲ ဖြစ်နေပါသည်။ ထို့ကြောင့် သူတို့ကလည်း ထိုဖိုင်ကိစ္စပေါ်လာသောအခါ ကျွန်တော်ကိုဖယ်ရှားပစ်ရန် လိုလားပုံရပါသည်” ဟူ၍ ရေးသားထားလေသည်။
၁၉၆၀ ဖေဖေါ်ဝါရီ ၆ တွင် ကျင်းပသောပါလီမန် ပြည်သူ့လွှတ်တော် အထွေထွေရေးကောက်ပွဲ၌ တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ကြည့် မြင်တိုင်အောက်ပိုင်း မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ့်ခဲ့သည်။ အထွေထွေရွေးကောက်ပွဲ၌ သန့်ရှင်းဖဆပလအမတ်လောင်း သခင်စံဝေ အရွေးခံရသည်။
၁၉၆၁ ဖေဖေါ်ဝါရီ ၂၇ တွင် တရုတ်ဖြူကျူးကျော်မှုဆန့်ကျင်ရေး အမျိုးသားကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီနှင့် တောတွင်းလက်နက်ကိုင်အဖွဲ့များ ပြည်တွင်းငြိမ်း ချမ်းရေးဆွေးနွေးပွဲကျင်းပစဉ်ကာလက ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၇၆ ဇူလိုင် ၁၈ တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာပြီး ၁၉၇၆ သြဂုတ်လ ၁၀ တွင် ဗကပနှင့်ပူးပေါင်းခဲ့သည်။ ၁၉၇၆ နိုင် ဝင်ဘာ ၃ တွင် ဗကပဗဟိုဌာနချုပ်၌ စစ်အကြံပေးနှင့် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ဗကပဗဟိုစစ်ဦးစီးဌာန ဗဟိုစစ်ကော်မရှင်တွင် ပထမ၊ ဒုဥက္ကဋ္ဌတာဝန်များကို ထမ်းရွက်ခဲ့သည်။
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည် ပြည်တွင်းငြိမ်းချမ်းရေးသဘောထားနှင့် လက်ရွေးစင်မိန့်ခွန်းများ (၁၉၅၇)၊ ဖက်ဆစ်တော်လှန်ရေး (၁၉ ၅၉)၊ ကမ္ဘာစစ်နှင့်ငြိမ်းချမ်းရေး (၁၉၆၀)၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ (၁၉၆၁)၊ သမိုင်းမှန်ကူကွက်များ၊ တရားခံအစစ်ဘယ်သူလဲ၊ မီဒီယာလောကနှင့် အင်တာဗျူးများ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ် (၂၀၀၇) တို့ကို ရေးသားပြုစုခဲ့သည်။
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများကြောင့် ၁၉၅၅ ဇန်နဝါရီ ၁၀ တွင် ယူဂို စလားဗီးယားသမ္မတတီးတိုး၏ စစ်သည်တော်ကောင်း (ပထမဆင့်) နှင့် ၁၉၅၉ မတ် ၂၇ တပ်မတော်နေ့တွင် လွတ်လပ်ရေးမောကွန်းဝင် (ပထမဆင့်) တံဆိပ်တို့ကို ချီးမြှင့်ခံရသည်။