speeches of Nan Kalyar Win and John Thet

စာအုပ်ထုတ်ဝေရေး အနာဂတ် အလားအလာများအကြောင်း ရန်ကုန်တွင် ဆွေးနွေး
ဟန်သစ်နိုင်
သြဂုတ် ၂၆၊ ၂၀၁၃
 

နည်းပညာခေတ်တွင်ပေါ်ပေါက်လာသော မီဒီယာအပြောင်းအလဲများအကြောင်း  ဟောပြောပွဲကို စနေနေ့က ရန်ကုန်မြို့တွင် ကျင်းပရာ ပေါ်ပြူလာဂျာနယ် နှင့် အခြားစာစောင်များကိုထုတ်ဝေနေသည့် ဒေါ်နန်းကလျာဝင်း၊ စင်္ကာပူတွင် နေထိုင်သည့် ဦးဂျွန်သက်တို့က ဟောပြောခဲ့ကြသည်။

 စာအုပ်များကို အင်တာနက်မှ ဒေါင်းလုတ် ဆွဲယူပြီး ဝယ်ယူ ဖတ်ရှုလာကြခြင်း၊
note pad ကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းတွင် စာအုပ်အများအပြား ထည့်သွင်းယူဆောင်ခြင်း အစရှိသည့် အပြောင်းအလဲများ ပေါ်ပေါက်နေသည်ဟု ဒေါ်နန်းကလျာဝင်းက မြန်မာပြည်မှ ထုတ်ဝေသူအများအပြား တက်ရောက်သည့် ထိုဟောပြောပွဲတွင် ပြောကြားခဲ့သည်။

“ထုတ်ဝေသူတစ်ယောက် …  စာဖတ်သူ ဘာလိုချင်တာလဲ … ကောင်းကောင်း သိဖို့လိုပါတယ်။ ပြောင်းလဲနေတဲ့ မီဒီယာများကနေ စာဖတ်သူကို ဘယ်လို ဆွဲဆောင်မလဲ၊ …. ဘယ်လို ဖြန့်ချိမလဲ၊ အချိန်ယူပြီး ဘယ်လို ပြောင်းမလဲ၊ အင်တာနက် မီဒီယာတွေ ဖြစ်လာတဲ့အတွက် ဘယ်လို ပြောင်းလဲမလဲ (ဆိုတာ လေ့လာရတော့မယ်)”  ဟု  ဒေါ်နန်းကလျာဝင်းက ပြောသည်။

အင်တာနက်ခေတ်တွင် ကမ္ဘာတဝန်းရှိ  Ebook ဖတ်သူ အများအပြားထံ စာအုပ်ဖြန့်ချိခြင်းကို အချိန်တိုအတွင်း လုပ်ဆောင်နေပြီဖြစ်သောကြောင့် ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းက ခေတ်နှင့်အညီ လိုက်လျောညီထွေ ပြောင်းလဲခြင်းမပြုနိုင်ပါက ခေတ်နောက်ကျလိမ့်မည်ဟု  သူက သုံးသပ်သည်။
တချိန်ကလည်း စာကူးသမားများသည် ပုံနှိပ်လုပ်ငန်းနှင့် လိုက်လျောညီထွေဖြစ်အောင် မပြောင်းလဲခဲ့သောကြောင့် နောက်တွင် ကျန်ခဲ့ဖူးသည်ဟု သူက ဆိုသည်။

စင်္ကာပူတွင် နိုင်ငံတကာကိုဖြန့်နေသည့် Asian Geographic Magazine အပါအ၀င် မဂ္ဂဇင်း ၆ စောင်ကို ထုတ်ဝေနေသူ ဦးဂျွန်သက်က သူ၏ ထုတ်ဝေရေးလုပ်ငန်း အောင်မြင်မှုများ ရရှိပုံ၊ လုပ်ငန်း စီမံခန့်ခွဲပုံတို့ကို ရှင်းပြသွားသည်။

လစဉ်ထုတ် မဂ္ဂဇင်းတစ်ခုတွင်  ဆောင်းပါး၊ ဒီဇိုင်း၊ ဓာတ်ပုံတို့အတွက် နယ်ပယ်စုံမှ  အရည်အချင်းရှိအယ်ဒီတာများကို ခန့်ထားခြင်းဖြင့် စာစောင်အရည်အသွေး ကောင်းမွန်နိုင်ကြောင်း၊ အယ်ဒီတာများသည် ရှေးရိုးဆန်မှုကို စွန့်လွှတ်ရုံသာမက ဒစ်ဂျစ်တယ်မီဒီယာအကြောင်းကိုလည်း ကောင်းစွာ သဘောပေါက်ရတော့မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

 မြန်မာစာပေလောက၏ အနာဂတ် အလားအလာများအကြောင်း ဟု အမည်ပေးထားသည့် ထိုဟောပြောပွဲကို မြန်မာနိုင်ငံ စာပေထုတ်ဝေသူ နှင့် ဖြန့်ချိသူများအသင်းကြီးက စီစဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။