>Khin Hnin Lwin – The 2000 home returns

>

လူနှစ်ထောင်ကျော်ရဲ့ အိမ်အပြန်
ခင်နှင်းလွင် ၊ ရန်ကုန်
ဖေဖော်ဝါရီ ၉၊ ၂၀၁၁
အထီးကျန်နေတဲ့ အိမ်
လူနေသိပ်သည်းတဲ့ ရပ်ကွက်တစ်ခုဆိုတဲ့အတိုင်း အိမ်ရှေ့ အိမ်နောက် မကွဲပြားလောက်အောင် ကျဉ်းမြောင်းတဲ့ လူတကိုယ်စာ လမ်းသွယ်လေးတွေကအတော်ပင်ပေါများလှသည်။ လမ်းကျဉ်းလေးအတိုင်း လျှောက်လာရင်း အုတ်ရိုးတံတိုင်းအဆုံးမှာတော့ ပျဉ်ထောင်အိမ်နှစ်ခန်းတွဲကို တွေ့မြင်ရပါသည်။ နှစ်ခန်းတွဲရဲ့ အစွန်ဆုံး အခန်းရောက်တဲ့အခါ ထိုအခန်းနဘေး ခြံဝင်းတ၀င်းရဲ့ အုတ်နံရံက အိမ်မျက်နှာစာကို ပိတ်ထားသည်။
အကျယ် ၈ ပေ၊ အလျား ၁၅ပေသာသာ အလင်းရောင်သိပ်မရှိသော အိမ်ရှေ့ခန်းးရဲ့ သစ်သားခင်း ကွပ်ပျစ်ကလေးပေါ်မှာတော့ အသက်၇၀၀န်းကျင် အဖိုးအိုတစ်ဦး။  ခပ်လျော့လျော့ စည်းထားတဲ့ ပုဆိုးနဲ့ ရှပ်အကျီဖလန်ထည် အကွက်ကို ၀တ်ဆင်ထားပြီး သူ့ရင်ဘတ်အပေါ်လက်တင်ကာ လှဲလှောင်းနေသည်။ 
သူ့နဘေး သစ်သားကာ ကြွက်လျှောက်မှာတော့ ဟောင်းနွမ်းပြီး ဆေးသားပြယ်စ ပြုနေတဲ့ မိသားစုဓါတ်ပုံလေး တပုံက ထောင်လျက်ရှိနေသညလူ်။ ထိုပုံထဲမှာ လင်မယားစုံတွဲတစ်တွဲနှင့်  ကလေးငယ်၊ အဲဒီနောက် တဦးကတော့ မြန်မာပြည်ရဲ့ အထင်ရှားဆုံး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ဓါတ်ပုံမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဓါတ်ပုံဟုယူဆရသည်။
သမီးနှင့်ပတ်သက်သည့် ဧည့်သည်ရောက်လာ၍ သမီးကို သတိတရဖြစ်နေသည့် ပုံပေါ်လွင်နေပြီး
“အဘလည်း သူ့ကိုမျှော်နေပါတယ်ကွယ်”
ဟု ခပ်ဖြေးဖြေး ပြောဆိုလိုက်သည်။ သူ့ရဲ့ အကြည့်က  ခေါင်းရင်းဘက်က ပြတင်းပေါက်မှ အဝေးတနေရာဆီ မျှော်ကြည့်နေခဲ့သည်။
ခဏအကြာမှာ အဖိုးအိုက       ထဖို့ကြိုးစားလိုက်ရာ   ကုတင်နှင့်မနီးမဝေးအခန်းအပြင်တွင် အ၀တ်လျှော်နေသည့် ရင်လျားနှင့် အမျိုးသမီးတစ်ဦးက လာရောက်ပြီး ချိုင်းမှ မချီကာ ထိုင်ဖို့ ကူညီပေးလိုက်သည်။
လေဖြတ်ထားသဖြင့် လမ်းမလျှောက်နိုင်ပဲ  ကြမ်းပျဉ်ပေါ် အမြဲလဲလှောင်းနေရရှာတဲ့ အဖိုးအိုကတော့ ယခုအင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်အနှစ်၂၀ကျော် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ “မဏီ”  ရဲ့ဖခင်ဖြစ်သည်။ တစ်ဦးတည်းသော သမီးဖြစ်သူရဲ့ အိမ်ပြန်အလာကို စောင့်နေတဲ့ အဘဦးညိုလို မိဘတွေ၊ ခင်ပွန်းသည်တွေ ပြန်အလာကို စောင့်နေရတဲ့ ဇနီးသည်တွေ အများအပြားရှိနေကြသည်။
အဝေးဆီက ကန္တာရနှစ်များ
 မြန်မာနိုင်ငံမှာ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိသည်ဟု အေအေပီပီခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ပေးရေး အဖွဲ့ကထုတ်ပြန်ထားသည်။ ထိုနိုင်ငံရေးအကျဉ်းသားများကို ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထားရှိတာ မဟုတ်ပဲ မိသားစုတွေနဲ့ မဝေးဝေးအောင်  မြန်မာနိုင်ငံ တနံတလျားမှ ထောင်များသို့ ပြောင်းရွေ့ချုပ်နှောင်ထားလျက်ရှိသည်။
အဲဒီလိုခက်ခဲအောင် နအဖ စစ်အစိုးရရဲ့ လုပ်ဆောင်မှုကြောင့်  နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုဝင်များအနေနဲ့ နယ်ထောင်များအထိ  ထောင်ဝင်စာသွားမတွေ့နိုင်တဲ့ အဖြစ်တွေ၊  အခက်အခဲတွေလည်း မကြာခဏကြားနေဖတ်နေရသည်။
“အရင်တုန်းက အင်းစိန်ထောင်မှာ ဆိုရင် ဆယ်ရက်တစ်ခါ တွေ့လို့ရတယ်။ အခုနယ်ထောင်ကို ရောက်သွားတော့ အစက တလ တခါ သွားမယ် စိတ်ကူး ထားပေမဲ့ တကယ့်တကယ် လက်တွေ့မှာ ဒီလမ်းခရီးစရိတ်နဲ့ သူ့ကိုပေးရတာနဲ့ နှစ်လမှတစ်ခါပဲ သွားဖြစ်တော့တယ်”
ဟု ရန်ကုန်မှာ မိသားစုရှိပေမယ့်လည်း သူ့ခင်ပွန်းဖြစ်သူ ကိုဇော်သက်ထွေးကို တောင်ကြီးထောင်ကို ပြောင်းရွေ့ အကျဉ်းချခံထားရတဲ့ မခိုင်ချိုဇော်ဝင်းတင်က  ပြောပြသည်။
အဲဒီလို အဝေးပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဖို့ရာ  မိသားစုဝင်များအနေဖြင့် ခရီးလမ်းစရိတ် သောင်းနဲ့ သိန်းနဲ့ ကုန်ကျခံကြရသည်။  သိန်းဂဏန်းနဲ့ချီတဲ့ လေယာဉ်လက်မှတ်ကို မတတ်နိုင်သဖြင့် တစ်နှစ်မှာ တစ်ကြိမ် နှစ်ကြိမ်သာ တွေ့ဆုံနိုင်တဲ့ မိသားစုတွေလည်း ရှိသည်။
လမ်းစရိတ်က အထဲမှာအကျဉ်းကျသူအတွက် ၀ယ်ခြမ်းသွားရသည့် စားစရာ၊ ဆေးဝါး၊ အခြားတိုလီမိုလီတို့ထက် များနေသည့်သဘောလည်း ဖြစ်သည်။ စစ်အစိုးရ၏ ညစ်ပရိယာယ်ကြောင့် မိသားစုတွေရဲ့ ဘ၀ပိုမိုပင်ပန်းဆင်းရဲကြရှာသည်။
တချို့ကလည်း အင်းစိန်ထောင်မှာပင်ထားစေဦးတော့  တစ်လတစ်ခါပင် လာရောက်ပြီး ထောင်ဝင်စာ မတွေ့နိုင်တဲ့ မိသားစုဝင်များရှိသေးတာကိုလည်းတွေ့ရသည်။ သူတို့ဘ၀တွေအနေနဲ့ ပြင်ပက  မိသားစုတွေ ဘ၀ရပ်တည်ရေး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာကြောင့်ဟု သိရသည်။
“အန်အယ်ဒီကပေးတဲ့ လူမှုထောက်ကူ ငွေ တစ်လ ငါးထောင်ကိုပဲ အထဲကလူအတွက် အားထားရာဖြစ်ခဲ့တယ်။ အိမ်ကမှမလာနိုင်ဘဲ။ တချို့မိသားစုဆို ဆင်းရဲတော့ အဲဒီငွေငါးထောင်ပဲ သုံးလိုက်ရတော့ အထဲကလူဆီ မရောက်တာတွေလဲရှိတယ်။”
လို့ အန်အယ်ဒီအဖွဲ့ဝင် တစ်ဦးကပြောပြသည်။
ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ထောင်ချခံခဲ့ရတဲ့ သံဃာတော်များအတွက် သံဃာနှင့်မအပ်စပ်တဲ့ အကျဉ်းထောင်မှာတော့ ဒုက္ခပေါင်းစုံကို ခံစားနေရသည့်အပြင် ငယ်ဖြူသံဃာတော်များအဖို့ နီးစပ်ရာ ဒကာ၊ ဒကာမအချို့ ပေးအပ်လှူဒါန်းတဲ့ ငပိကြော်တစ်ထုပ်၊ ငခြောက်ကြော် တစ်ထုပ်၊ ကော်ဖီမစ် အနည်းကိုသာ အားပြုမှီဝဲနေခဲ့ရသည်ဟု  မကြာမှီမှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်က ပြောပြသည်။
ယုံကြည်ချက်ဖြင့် ဖွင့်ထားသော နား မျက်စိများ
အထက်က ဘ၀တွေက အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ သူတို့ရဲ့ ရုန်းကန်နေရတဲ့ဘ၀တွေ ဖြစ်ပြီး ထောင်နံရံ တံတိုင်းရဲ့ အတွင်းဘက်က နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လိုနေကြသလဲ ဆိုတာကိုလည်း နည်းနည်း စေ့ငုကြည့်မိသည်။
အထဲမှာနေကြရတဲ့အတွက် ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေ၊ ပြင်ပကအခြေအနေတွေကို မသိဘူးလို့ ယူဆလျင် ထိုယူဆချက်မှားယွင်းလိမ့်မည် ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသူ မဏီက
“ အန်တီပြန်လွတ်လာပြီလို့ ကြားတုန်းက အရမ်းဝမ်းသာတယ်။ မိဘမရှိတဲ့ ကလေးတွေလိုပဲ အခုမှ မိဘပြန်ရောက် လာသလိုခံစားရတယ်။ အန်တီလွတ်လာတော့ ထောင်ထဲမှာလဲ အန်တီ့မျက်နှာနဲ့ အခွင့်အရေး ပြန်ပေးလာတယ်လို့ထင်တယ်။ ကိုယ့်အမေ ပြန်ရောက်လာပြီ ဆိုတဲ့အသိနဲ့ အဲဒီနေ့က အထဲမှာအရမ်းပျော်ကြတယ်”
လို့ ထောင်ဝင်စာတွေ့ရာတွင် ပြောပြခဲ့သည်။
ဒီပြောဆိုချက်ကို ကြည့်ခြင်းဖြင့် သူတို့အနေနဲ့ ပြင်ပမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေများကို မျက်ခြေမပြတ်သည်ကို သဘောပေါက်နိုင်ပါသည်။ တရားဝင်သွင်းခွင့်ရတဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေကို မျှဝေဖတ်ကြခြင်း၊ အပြင်မှ မိသားစုလာတွေ့တဲ့အခါ တစွန်းတစ သတင်းများကို ဆက်စပ်နားထောင်ခြင်းဖြင့် နိုင်ငံရေး ဖြစ်ပေါ်မှုတွေကို အမြဲစိတ်ဝင်တစားရှိနေကြသည်။
နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတိုင်းအတွက် အိမ်ကမိသားစုတွေ လာတွေ့ရင် မပါမဖြစ် ပါစေချင်တဲ့ အရာကတော့ စာအုပ်များပင် ဖြစ်သည်။
အကျဉ်းကျ နိုင်ငံရေးသမားများ အတွက်တော့ အပြင်ကသတင်းတွေက သူတို့အသက်ပါပဲလို့ မဏီကပြောခဲ့သည်။ ထို့ကြောင့်လဲ အာဏာပိုင်တို့က သာမာန်အကျဉ်းသားများကို အိမ်မှမိသားစုဝင် များနှင့် ထောင်ဝင်စာတွေ့ဆုံ စကားပြောဆိုလျှင် မည်သို့မျှစောင့်ကြည်ခြင်း နှောက်ယှက်ခြင်း မပြုသော်လည်း နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ တွေ့ဆုံပြီဆိုရင်တော့ ထောင်ဝန်ထမ်း တစ်ဦးလိုက်ပါပြီး စာရွက်နှင့်ရေးမှတ်ခြင်း၊ အချိန်တိုတောင်းစွာသာ ကန့်သတ်ပြောဆို ခိုင်းခြင်းများကို ပြုလုပ်လေ့ရှိသည်။
သူကပဲ
“ဒီအစိုးရသစ်အပေါ် အမြင်ကတော့ အပြင်ကထောင်ဝင်စာ လာတဲ့လူတွေ သွင်းပေးတဲ့ ဂျာနယ်တွေကို ဖတ်ပြီးတော့ ပြောရမယ်ဆိုရင် အာဏာရပါတီလို ဖြစ်နေတဲ့ ကြံ့ခိုင်ဖွံဖြိုးရေး ကပဲ နိုင်မယ်ဆိုတာ တစ်ထစ်ချတွက်ပြီးသားပဲ။ အဆိုးထဲကအကောင်း ဖြစ်ပြီးတရားဝင် လုပ်ခွင့်ရတဲ့ အပေါ်လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားပြီးလုပ်ကိုင် လာနိုင်မယ်မျှော်လင့်ရတာပဲ။ နောက်သဘောထား ပျော့ပျောင်း လာမလား ဆိုတာအကဲခတ်ရမှာပဲ။ သိပ်တော့ မမျှော်လင့်ပါဘူး။ တကယ်လို့ ရိုးသားပြီး ဆွေးနွေးချင် တယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမှာပဲ”
လို့ ပြောပြခဲ့သည်။
“ဝေးကွာနေတဲ့ မိသားစုတွေ၊ သူတို့အိမ်ပြန်လာမဲ့ အချိန်ကို စောင့်မျှော်နေတဲ့ မိဘတွေအတွက် ၀မ်းနည်းမိပေမဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့အခန်းကဏ္ဍမှာ ပါဝင်နိုင်သရွေ့ ဆက်လက်ပါဝင်ဖို့ သူခံယူထားတယ်”
ဟု စိတ်ကိုပိုင်းဖြတ်ထားတဲ့ မျက်နှာအမူရာပေါ်လွင်စွာဖြင့် ပြောပြသည်။
လေဖြတ်ထားလို့  အိပ်ယာထဲ လဲနေတဲ့ ဖခင်ဖြစ်သူရဲ့အဖြစ်၊ အသက်အရွယ်အိုမင်းပြီး ကျန်းမာရေးချူချာတဲ့ဘ၀မှာ တဦးထည်းသော သားသမီးကို ဘယ်လောက် တမ်းတရှာမည်လဲဆိုသည်တို့ကို သူ့အနေဖြင့် မစဉ်းစားမိမည်မဟုတ်။ စဉ်းစားမိမည်မှာ အမှန်ပင် ၊ သို့ပေမယ့် နိုင်ငံရေး တိုက်ပွဲက မပြီးဆုံးသေး၊ ယခုအချိန်မှာ အထက်က အကြောင်းတွေကြောင့် လက်နက်ချ အရှုံးပေးလို့ မဖြစ်နိုင်ဟု ခံယူထားလေသလား မသိ။
“ကျမတို့အတွက် ဒီအထဲမှာ တစ်မိနစ်နေရင် တစ်မိနစ် တန်ဖိုးတက်နေတယ်လို့ ခံယူထားတယ်။ မတရားအကျဉ်းချခံထားရတာလဲ လူတိုင်းသိတယ်။ ကမ္ဘာကလဲသိတယ်။ ကိုယ်တိုင်အကျဉ်းအကျပ် ထဲကလွတ်မြောက်ချင်သလို ပြည်သူတွေကိုလဲ ဒီစနစ်ဆိုး လက်အောက်ကနေ လွတ်စေချင်တယ်”
လို့ သူကပင်ပြောပြခဲ့သည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတို့ အဖို့ထောင်တွင်း ဒုက္ခပေါင်းစုံကို ခံစားနေရပါသေးတယ်။ အလှည့်ကျ လမ်းလျှောက်ခွင့် သာရတဲ့တိုက်တွေမှာဆို အနံခြောက်ပေ၊ အလျား ၈ပေသာသာ အခန်းကျဉ်းလေးထဲမှာပဲ တရားထိုင် ၊ပုတီးစိပ်၊ အခန်းသန့်ရှင်းရေးလုပ်ရင်း  လမ်းလျှောက်ခွင့် ရမဲ့အချိန်အထိ စောင့်နေကြရတာလဲ နေ့စဉ်အလုပ် တစ်ခုပါပဲ။
ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး အကျဉ်းသား
ဟိုတလောက အရမ်းအေးတယ်။ တိုက်တွေက ပူလွယ်အေးလွယ်တော့ အေးရင်လဲ အသေပဲ။ ခြေအိတ်က မရှိတော့ ကိုယ့်လိုပဲ နိုင်ငံရေးနဲ့ ကျနေတဲ့ ညီမတယောက်က တီရှပ်အကျီဟောင်းတထည်ကို ဖြတ်ပြီးခြေစွပ်ဖြစ်အောင် ချုပ်ပေးရှာတယ်။ ခြေထောက်မှာမြဲရအောင် သားရေကွင်းတကွင်းစီနဲ့ အ၀တ်စကို ချုပ်ထားတာ၊ လမ်းလျှောက်တဲ့အခါ ဘတ်လပ်ဘတ်လပ်နဲ့ ကြည့်ပြီးရယ်နေရသေးတယ်၊ ဆရာဝန်တွေက တိုက်တွေဆိုရင်တော့ ဂရုစိုက်ပါတယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်ရင် ကိုယ်ကအရင်ဖြစ်မှာ ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျန်းမာအောင် တော်တော်ဂရုစိုက်နေရတယ်”
လို့ သူမကပင်ပြောပြခဲ့သည်။
အခြားအကျဉ်းသားများအတွက် ထောင်ဖွင့်ချိန် မနက် ၆နာရီမှ  ညနေ ၆နာရီအထိ လွတ်လပ်စွာ ထောင်ဝန်းအတွင်း နေထိုင်သွားလာခွင့် ရရှိနိုင်ပေမဲ့ နိုင်ငံရေး အကျဉ်းသားတို့အဖို့ တနေ့လျှင် လမ်းလျှောက်ခွင့် ၅နာရီမျှသာ ရပါသည်။
“ကျမတို့အတွက် အစားအသောက် အနေအထိုင် အစစအရာရာ ချို့တဲ့ပေမဲ့ ဒါဟာတိုက်ပွဲဝင် နေတာဆိုတဲ့ အသိလေးနဲ့တင် ကျမတို့စိတ်ကို ပြန်အားတင်းထားနိုင်ခဲ့တယ်။ ဒါပေမဲ့ အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေအပေါ် တာဝန်မကျေတာတော့ စိတ်မကောင်းဘူး”
လို့သူမကမျက်ရည်စို့ရင်း ပြောပြခဲ့သည်။
တကယ်တော့ ထောင်အုတ်ရိုးအတွင်းမှာ ချုပ်နှောင်ထားရုံ မျှမက ခြင်္သေတွေ ကျားတွေလို သံတံခါးအထပ်ထပ်နဲ့ လှောင်အိမ်တွေထဲမှာ နေနေရတဲ့ အကျဉ်းသားတွေရဲ့ ဘ၀ကတော့ စိတ်ဓါတ်ကို သံမဏိလုပ်ထားနိုင်မှ တော်ကာကျမယ်လို့ သူမကပြောပြခဲ့သည်။ 
မျှော်လင့်ချက်တို့ဖြင့် လင်းနေတဲ့ သန်းကောင်ယံ
အကျဉ်းသားတိုင်း မျှော်လင့်ဖူးတဲ့ အစိုးရကနေ လွတ်ရက်မစေ့ခင် လွှတ်ပေးတဲ့ ဖိုးအိုဝမ်း (၄၀၁) နဲ့ ပတ်သတ် ပြီးတော့ အန်အယ်ဒီရဲ့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက
“အကျဉ်းသားတစ်ယောက်ကို လွတ်ရက်မစေ့မှီ လွှတ်တာက ပုဒ်မ ၄၀၁နဲ့လွှတ်တာပေါ့နော်။ အဲဒီမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာတွေပါမယ်။ နောက်လျော့ပေါ့ ပြောင်းလဲတာတွေ ပါမယ်။ ဒီပုဒ်မရဲ့ သဘောက တစ်ယောက်ယောက်ကို ပြစ်ဒဏ်ချမှတ်ပြီးတဲ့အခါ နိုင်ငံတော်သမ္မတကနေ ဘယ်အချိန်မဆို စည်းကမ်းချက် မထားပဲနဲ့ဖြစ်ဖြစ် ပြစ်ဒဏ်ချမှတ်ခံရတဲ့သူ သဘောတဲ့ စည်းကမ်းချက်တစ်ခုခု ထားပြီးဖြစ်စေ သူ့အပေါ်မှာ ချမှတ်ထားတဲ့ ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်တယ်”
လို့ ပြောပြခဲ့သည်။
နိုင်ငံအရေးအကျဉ်းသား ၂၀၀၀ကျော် လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပမှ တွန်းအားပေး တောင်းဆိုနေကြတာလဲ အချိန်နဲ့အမျှပါပဲ။ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကို လွှတ်ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး ခဲ့လျှင် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားဖို့ စဉ်းစားမည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး(အရှေ့အာရှ ပိစိဖိတ်ရေးရာတာဝန်ခံ) ဂျိုးဇက် ၀ိုင် ယန်းက ဂျာကာတာပို့စ် သတင်းစာကို ပြောဆိုခဲ့သည်။
ထို့အတူ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လွှတ်တော်တွင် တင်ပြသွားရန် ရွေးကောက်ပွဲဝင် အန်ဒီအက်ပါတီမှလည်း သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီ ၇ရက်နေ့က ပြုလုပ်သော ရှမ်းအမျိုးသားနေ့တွင် အကျဉ်းကျခံ ရှမ်းနိုင်ငံရေးခေါင်းဆောင်များ လွတ်မြောက်ရေး အတွက် ရှမ်းအန်အယ်ဒီအဖွဲ့မှ တောင်းဆိုခဲ့သည်။
ယုံကြည်ချက်နှင့် အကျဉ်းကျခံထားရသော နိုင်ငံရေး အကျဉ်းသားများတွင် တိုင်းရင်းသားလူမျိုးစုများမှ နိုင်ငံရေးအကျဉ်းသား ၂၂၅ဦးပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးပါဝင်တာကို တွေ့ရသည်။ ထို့အပြင် သတင်းစာ ၊စာနယ်ဇင်းသမား ၄၂ဦးနှင့် ရှေ့နေ ၁၁ဦးတို့ အကျဉ်းကျခံထားရဆဲ ဖြစ်သဖြင့် နယ်ပယ်အသီးသီးမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အကျဉ်းသားပေါင်း ၂၀၀၀ကျော်ရှိသည်။ ထို့အပြင် ထောင်တွင်း အနေအစားချို့တဲ့မှုကြောင့် ရောဂါဝေဒနာ ခံစားနေရသော နိုင်ငံရေး အကျဉ်းသား ၁၄၂ ဦးရှိကြောင်း အေအေပီပီက ထုတ်ပြန်သည့် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကို ပြထားသည့် စာရင်း အရသိရှိရသည်။
လူ ၂၀၀၀ ရဲ့ အိမ်အပြန်
ယခုလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အစိုးရသစ် အကူးအပြောင်း ကာလတွေဟာ ထောင်တွင်း အကျဉ်းချခံထားရတဲ့ လူတွေအဖို့ နိုင်ငံတော်လို့ ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နိုင်တဲ့ အခြေအနေပါ။ သို့ပေမဲ့ နိုင်ငံရေးအကျဉ်းသား မည်ရွေ့မည်မျှ လွတ်နိုင်သည်ကိုတော့ ခန့်မှန်းရနိုင်တဲ့ အနေအထား မဟုတ်တဲ့အတွက် မျှော်လင့်ချက်နဲ့ သာမိမိတို့ သားသမီး ၊ ဇနီး၊ ခင်ပွန်းတို့ကို စောင့်နေရုံသာ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားတစ်ဦးရဲ့ မိခင်က ပြောပြခဲ့သည်။
“အမကတော့ အချိန်မရွေး မျှော်လင့်တယ်။ ရုံးကနေပြန်လာရင်တောင် ငါ ပျော်အောင်များ ရုံးကို အကြောင်းမကြားပဲ ထားတာလား ၊ သူရှိနေမလား ဆိုတဲ့အသိကတော့ အမြဲရှိနေတယ်”
လို့ မခိုင်ချိုဇော်ဝင်းတင်က ပြောသည်။
အားလုံးသော မြန်မာပြည်သားများကလည်း သူတို့ အိမ်ပြန်လာချိန်ကို မျှော်နေကြသည်။
          သူတို့ကလည်း စောင့်မျှော်နေမည့် အိမ်နဲ့ မိသားစုသားချင်းများထံ ရဲရင်တည်ကြည်သော ခြေလှမ်းများဖြင့် အရောက်ပြန်လာကြမည် ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts