>the relation between NMSP and SPDC

>

သောင်းကျန်းသူ ဟု သတင်းစာတွင် ဖော်ပြခြင်းကို မွန်ပြည်သစ်ပါတီ မအံ့သြဟုဆို
ကောင်းဝါ သတင်းဌာန
ဖေဖော်ဝါရီ ၉၊ ၂၀၁၁
နိုင်ဟံသာ

မွန်ပြည်သစ်ပါတီကို သောင်းကျန်းသူဟု သောကြာနေ့ ထုတ်ဝေသော သတင်းစာထဲ၌ ပထမဦးဆုံးအကြိမ် ဖေါ်ပြလိုက်ခြင်းမှာ အံ့သြစရာ မဟုတ်သလို ထူးထူး ခြားခြား မခံစားရကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောလိုက်သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မဲတရိုကျေးရွာ၌ ဇန္နာဝါရီလ(၃၁) ရက်နေ့တွင် မွန်သောင်းကျန်းသူ အဖွဲ့နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွါးရာမှ အပြစ်မဲ့သည့် ပြည်သူတစ်ဦး သေဆုံးသွားသည်ဟု သတင်းစာတွင် ဖေါ်ပြထားသည်။

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာက “ကျွန်တော်တို့ မွန်ပြည်သစ်အပေါ်မှာ လက်နက်ကိုင် သောင်းကျန်းသူလို့ သုံးနှုန်းထားတာဟာ အဲဒီအတွက် ကတော့ ကျွန်တော်တို့ အနေနဲ့ မအံ့သြသလို တဖက်ကလည်း ထူးထူးခြားခြားတော့ မခံစားမိပါဘူး။ ဘာကြောင့်လဲ ဆိုရင် သူတို့အနေနဲ့က ကျွန်တော်တို့အင်အားကို ဖျက်ဆီးဖို့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအဆင့်နေရာကို ဖြိုဖျက်ဖို့ အတွက်ကို ကျွန်တော်တို့တပ်တွေကို နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အသွင်ပြောင်းဖို့၊ အဲဒီကနေ ကျွန်တော်တို့အင်အားကို ဖြိုဖျက်ဖို့ သူတို့သွင်းတဲ့ပုံစံကို ကျွန်တော်တို့ မလိုက်တော့ ကျွန်တော်တို့အပေါ်မှာ ဒီလို သဘောထားမယ် ဆိုတာ ကျွန်တော်တို့ တွက်ထားပြီးသားပါ” ဟု ဆိုသည်။

စစ်အစိုးရက ပါတီ အပေါ် သဘောထား ပြောင်းလဲသွားခြင်း ရှိမဲရှိ မေးမြန်းသည့်အခါ နိုင်ဟံသာက ယခုလို ဖြေကြား သွားသည်။

“ပြောင်းလဲတာက အခုမှ မဟုတ်ပါဘူး။ တပ်အသွင်ပြောင်းဖို့ ဆိုတဲ့ဟာကို ကျွန်တော်တို့ လက်မခံကတည်းက ဒီအမြင် ရှိပြီးသားပါ။ ဒါပေမဲ့ သူတို့က အိနြေ္ဒဆောင်ပြီးတော့ပေါ့ဗျာ မပြောတာဘဲ ရှိမယ်။ အခုတော့ ဟန် မဆောင်နိုင်တဲ့ အနေအထားမှာ ပေါက်ထွက်လာတဲ့ သဘောပါ”

ဇန္နာဝါရီလကုန်လောက်တွင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော် ဦးစီးတပ်ဖွဲ့နှင့် မွန်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော မွန်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့တို့ ကျိုက်မရောမြို့နယ်၊ မဲတရိုကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ခဲ့သည်ဟု ဒေသခံ မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts