ပြန်လည်ဆန်းသစ်ခြင်း

(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ – ၂

(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ – ၂

သန်းဝင်းလှိုင်ဖေဖော်ဝါရီ ၁၊ ၂၀၁၂။

(မိုးမခပြန်လည်ဆန်းသစ်ခြင်း ဆောင်းပါး၊ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု)

 


● သမိုင်းဝင်ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဒုတိယဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၊ အမှုဆောင်ကောင်စီဝင်များ၊ စော်ဘွားများ၊ ရှမ်းပြည်နယ်၊ ကချင်တောင်တန်းဒေသမှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံညီလာခံတွင် ကျင်းပမည့် အစည်းအဝေး၌ ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိနိုင်လိမ့်မည်ဟု အစည်း အဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း အောက်ပါအတိုင်းသဘောတူညီကြသည်။

(၁) တောင်တန်းဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်တန်းသားများစည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့မှ ကိုယ်စားလှယ်များက ထောက်ခံသည့် ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ ဘုရင်ခံ၏ အတိုင်ပင်ခံအမှုဆောင်ကောင်စီတွင် အတိုင်ပင်ခံ ကိုယ်စားလှယ် တစ်ဦးအဖြစ် ခန့်အပ်ရမည်။

(၂) ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်အဖြစ်လည်း ခန့်အပ်ရမည်။ ကာကွယ်ရေး နှင့်နိုင်ငံခြားရေးဌာနနည်းတူ တောင်တန်းဒေသရေးရာဌာနကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင်ကောင်စီ၌ထားရှိရမည်။ ထိုတောင် တန်းဒေသဆိုင်ရာ အတိုင်ပင်ခံကောင်စီဝင်အား အလားတူနည်းအတိုင်း အုပ်ချုပ်ခွင့်အာဏာများကို အပ်နှင်းရမည်။

(၃) ထိုအတိုင်ပင်ခံကောင်စီဝင်အား ကူညီရန်အတွက် ယင်းနှင့်လူမျိုးစုတူ မဟုတ်သည့် အခြားတောင်တန်းဒေသများအား ကိုယ်စားပြုသော တွဲဘက်အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦး ထားရှိရမည်။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာနယ်ပယ်ရေးရာများ ကျန်ရှိ သည့် အခြားသော တောင်တန်းရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ်သုံးဦးတို့သည် အခြေခံဥပဒေပြဌာန်းသည့်အတိုင်း တာဝန်ယူလုပ်ကိုင်ရမည်။

(၄) အတိုင်ပင်ခံကောင်စီဝင်သည် အမှုဆောင်ကောင်စီအဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်းဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်သော်လည်း တောင်တန်းဒေသကိစ္စများကိုဆွေးနွေးသော တွဲဘက်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီအတွင်းသို့ တက်ရောက်နိုင်ခွင့်ရှိရမည်။

(၅) အထက်ပါသဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုလုပ်လိမ့်မည်မဟုတ်။ တောင် တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိကြောင်း မူအားဖြင့် လက်ခံသည်။

(၆)မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ်ထူထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ်ရမည်ဖြစ်သော်လည်း ထိုကဲ့သို့ ပြည်နယ်မှ လိုအပ်သည်ဟု သဘောတူလက်ခံရကြောင်း၊ ဤရည်ရွယ်ချက်ကို ပထမအဆင့် အကောင်အထည်ဖော်သည့်အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရ ဥပဒေအရ အပိုင်း ၂ ခြွင်းချန်ဒေသများနှင့် ဗန်းမော် ခရိုင်အတွင်းရှိ ဒေသများအုပ်ချုပ်ရေးနှင့်ပတ်သက်၍ လည်း တောင်တန်းဒေသမအတိုင်ပင်ခံဝန်ကြီးနှင့် တွဲဘက်အတိုင်ပင်ခံတို့ကို တိုင်ပင် ဆွေးနွေးရမည်။

(၇) တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။

(၈) ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခုကျင့်သုံးခွင့်ပြုထားသော ဘဏ္ဍာရေးကိုယ်ပိုင်ပြဌာန်းခွင့်ကို မည်သို့မျှ ထိ ခိုက်ခြင်းမရှိစေရ။

(၉) ဤစာချုပ်ပါအစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်း ဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေးအကူအညီများအား မည်သို့မျှ ထိခိုက်ခြင်းမရှိစေရ။ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေးအစီ အစဉ် ဆက်သွယ်မှုများကဲ့သို့သော အလားတူဘဏ္ဍာရေးစီစဉ်ဆောင်ရွက်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိမရှိ အမှုဆောင်ကောင်စီ သည် တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီး၊ တွဲဘက်အတိုင်ပင်ခံများနှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးကြသော ကိုယ်စားလှယ်တော်ကြီးများမှာ …
(၁)ဗိုလ်ချုပ်အောင်ဆန်း – မြန်မာနိုင်ငံတော်အစိုးရ (ကိုယ်စား)

● ရှမ်းကော်မတီ
(၂) စ၀်ခွန်ပန်းစိန် (တောင်ပိုင်းစ၀်ဖလုံ)
(၃) စ၀်ရွှေသိုက် (ညောင်ရွှေစ၀်ဖလုံ)
(၄) စ၀်ဟုံဖ (မြောက်ပိုင်းသိန္နီစ၀်ဖလုံ)
(၅) စ၀်နွံ (လဲချားစ၀်ဖလုံ)
(၆) စ၀်စံထွန်း (မိုင်းပွန်စ၀်ဖလုံ)
(၇) စ၀်ထွန်းအေး (သာမိုင်းခမ်းစ၀်ဖလုံ)
(၈) ဦးဖြူ (သထုံစ၀်ဖလုံကိုယ်စားလှယ်)
(၉) ဦးတင်အေး (တောင်ကြီး) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၀) ဦးခွန်ဖုန်း (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၁) ဦးခွန်ထီး(ပင်လုံ) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၂) ဦးခွန်စော (ပင်းတယ) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၃) ဦးကြာပု(သီပေါ) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၄) ဦးထွန်းမြင့် (လင်းခေး) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၅) ဦးခွန်စော (ပင်းဒယ) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၆) စ၀်ယိပ်ဖ (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)

● ကချင်ကော်မတီ
(၁၇) ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)
(၁၈) ဒူးဝါးဒင်ရတန် (မြစ်ကြီးနား)
(၁၉) ဒူးဝါးဇော်လွန်း (ဗန်းမော်)
(၂၀)ဒူးဝါးလဗန်ဂရောင် (ဗန်းမော်)

● ချင်းကော်မတီ
(၂၁) ဦးလွှာမှုန်း(ATM,I.A.S) (ဖလမ်း)
(၂၂) ဦးထောင်ဇာခုတ် (တီးတိန်)
(၂၃) ဦးကီယိုမန်း (ဟားခါး)

စသည်တို့ဖြစ်ကြသည်။

တိုင်းရင်းသားအားလုံးက ပင်လုံညီလာခံကို အောင်မြင်စွာကျင်းပနိုင်သဖြင့် တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရန်မလိုအပ်တော့ဟု ယူဆလာခဲ့သည်။ သို့သော် ဘုရင်ခံဆာဟူးဘတ်ရန့်ခ်နှင့် ဘော်တွန်မလေ (Arther George Boltomley) တို့က တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ (Frontier Area Enquiry Committee) ကိုဖွဲ့စည်းရန်လိုအပ်ကြောင်း အကြံပေးသောကြောင့်သာ ထိုအဖွဲ့ကို ဖွဲ့စည်း၍ တောင်တန်းဒေသ၏သဘောထားကို စုံစမ်းရန်လက်ခံပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြလေသည်။

ယင်းစုံစမ်းရေးအဖွဲ့ဥက္ကဌ ဗြိတိသျှလွှတ်တော် လေဘာအမတ် မစ္စတာရီးစ်ဝီလျံ (Lt. Col D.R Rees William) က ဆောင်ရွက်ပြီး မြန်မာ ကိုယ်စားလှယ်များအဖြစ် သခင်နု၊ ဦးတင်ထွတ်၊ ဦးဗိုလ်ခင်မောင်ကလေး၊ ဦးကျော်ငြိမ်း၊ နယ်ခြား ဒေသ ကိုယ်စားလှယ်အဖြစ် မိုင်းပွန် စော်ဘွား စ၀်စံထွန်း၊ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဦးဝမ်ကိုဟော၊ စောစံကေး (ကရင်အမျိုးသားယူနီယံ) မစ္စတာလက်ဝီဂ်ျ (Mr. W.B.J Ledwidge)၊ တွဲဘက်အတွင်းရေးမှူးအဖြစ် နယ်ခြားဝန်ထမ်းအဖွဲ့ဝင် ဦးထွန်းဖေ၊ လက်ထောက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးရှမ်းလုံ တို့ ပါဝင်ကြသည်။

စုံစမ်းရေးအဖွဲ့သည် ၁၉၄၇ မတ်လ ၁၉ မှ ၂၆ ရက်အထိ ရန်ကုန်မြို့တွင် ရုံးထိုင်၍ သံလွင်ခရိုင် ရွှေကျင်နယ်၊ ရခိုင်တောင်တန်းဒေသနှင့် ကရင်လူငယ်များအစည်းအရုံးတို့မှ ကိုယ်စားလှယ်များ၏ ထွက်ဆိုချက်များကို ကြားနာသည်။ ထို့နောက် မေမြို့ (ပြင်ဦးလွင်) သို့ ပြောင်း ရွှေ့၍ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်း၊ ရခိုင်ပြည်နယ်များသို့ သွားရောက်၍ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းအချို့တို့အား ၁၉၄၇ ဧပြီလ ၂၃ ရက်အထိ တွေ့ဆုံစစ်ဆေးခဲ့သည်။ အဖွဲ့၏ အစီရင်ခံစာထွက်လာသောအခါ တောင်တန်းနှင့်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေး ရလိုသည်မှာ တိုင်းရင်းသားတို့၏ ဆန္ဒအမှန်ဖြစ်ကြောင်း ထင်ရှားခဲ့သဖြင့် ဗြိတိသျှအစိုးရက ၁၉၄၇ မေ ၂၂ နေ့တွင် လက်ခံအတည်ပြုခဲ့ရသည်။

ယင်းသို့ ပင်လုံစာချုပ်တွင် ဖော်ပြခဲ့သည့်အတိုင်း ပြည်ထောင်စုဖွားတိုင်းရင်းသားတို့ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် လက်တွဲမဖြုတ် စတမ်း နေထိုင်ကြမည်ဟု သစ္စာပြုခဲ့သောကြောင့် သူ့ကျွန်ဘ၀တွင် နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ရသော မြန်မာတိုင်းရင်းသားအားလုံးတို့သည် ၁၉၄၈ ဇန်န၀ါရီလ ၄၇က်နေ့တွင် လွတ်လပ်ရေးရရှိနိုင်ခဲ့လေသည်။

● လက်ရှိအခြေအနေ
သို့သော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြိးများ အမြော်အမြင်ကြီးမားစွာ ဆွေးနွေးကာ အခြေခံချမှတ်ခဲ့သော လွတ်လပ်သည့်နိုင်ငံဖြစ်ရေး၊ အချုပ်အခြာအာဏာပိုင်ဖြစ်ရေး၊ ဒီမိုကရေစီသမ္မတနိုင်ငံ ဖြစ်ရေး၊ စစ်မှန်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ရေးနှင့် တိုင်းရင်းသားအားလုံး တန်းတူရည်တူကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့်၊ စစ်မှန်သော ပင်လုံစိတ်ဓာတ် ထားရှိရေး စသည့်အချက်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ၁၉၄၇ ဇူလိုင် ၁၉ ရက်တွင် ကျဆုံးခဲ့မှုကြောင့် နောက်ပိုင်းတွင် ပင်လုံစိတ်ဓာတ်ပဋိညာဉ်နှင့် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများတန်းတူရေးကိစ္စရပ်များကို ဖော်ဆောင်ရန်အားနည်း သွားသဖြင့် ၁၉၄၉ ဇန်န၀ါရီ (၃၁) တွင် KNU မှ ဦးဆောင်ပြီး ဖဆပလ အစိုးရကို လက်နက်စွဲကိုင် တိုက်ခဲ့သဖြင့် ပြည်တွင်းစစ်မီးစတင် တောက်လောင်ခဲ့ရလေသည်မှာ ယခုအခါ နှစ် ၆၀ ကျော် တိုင်ခဲ့ပြီဖြစ်သည်။

ထို့နောက် အာဏာရ ဖဆပလအစိုးရသည် တိုင်းရင်းသားများလိုလားနေသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည့် ဖက်ဒရယ်မူများကို အခြေခံဥပဒေတွင် ပြန်လည်ပြင်ဆင်ရေးဆွဲရန် အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲခဲ့ခြင်း၊ ကူမင်တန်တရုတ်ဖြူကို အကြောင်းပြပြီး ရှမ်းပြည်စော်ဘွားနယ် (၁၃) နယ်၌ စစ်အုပ်ချုပ်ရေးသတ်မှတ်ခဲ့သဖြင့် ရှမ်းပြည်နယ်ပြည်သူလူထုသည် မတရားဖိနှိပ်ညှဉ်း ပမ်း အနိုင်ကျင့်ခံရခြင်း၊ ကချင်ပြည်နယ်လူထု၏ သဘောဆန္ဒကို ရယူခြင်းမရှိဘဲ ဖီဖော်၊ ဂေါ်လံ၊ ကန်ဖန်နယ်မြေများကို တရုတ်ပြည်သို့လွှဲ အပ်ပေးခြင်း၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့ခြင်းတို့ကြောင့် ခရစ်ယာန်ဘာသာနှင့် အခြားဘာသာဝင်များဖြစ်ကြသော တိုင်းရင်းသားအများစုက ဘာသာရေးအရ ခွဲခြားသည်ကို ယူဆခဲ့မှုကြောင့် ရှမ်း၊ ကချင် လက်နက်ကိုင်တော်လှန်ရေးများ ထပ်မံပေါ်ပေါက် လာကာ ပြည်တွင်းစစ်မီးထပ်ဆင့် လောင်ကျွမ်းခဲ့ရလေသည်။

ထိုသို့ပြည်တွင်းစစ်မီး အရှိန်မြင့်လာသည်နှင့်အမျှ စစ်တပ်၏ အခန်းကဏ္ဍပေါ်ပေါက်လာပြီး၊ ဖဆပလအတွင်း ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ ပြင်းထန် လာကာ ဖဆပလအဖွဲ့ချုပ်သည် သန့်ရှင်း၊ တည်မြဲ နှစ်ခြမ်းကွဲထွက်သွားခဲ့ရသည်။ သို့သော် အရပ်သားနိုင်ငံရေးသမားများသည် နိုင်ငံရေး ပြဿနာများကို အချင်းချင်းဖြေရှင်းညှိနှိုင်းရမည့်အစား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သောအဖွဲ့ကို အိမ်စောင့်အစိုး ရဖွဲ့စေခဲ့သဖြင့် စစ်တပ်သည် သြဇာအာဏာလွှမ်းမိုးကာ နိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။

အိမ်စောင့်အစိုးရ (၂) နီးပါး အာဏာစည်းစိမ်အရသာကို သိရှိသွားသော ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီသည် ဦးနုဦးဆောင်သော ပထစအစိုးရနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များ ရန်ကုန်မြို့၌ တွေ့ဆုံကာ မြန်မာနိုင်ငံလူမျိုးပေါင်းစုံ ပြည်ထောင်စုနှီးနှောဖလှယ်ပွဲကြီး ကျင်းပနေစဉ်အတွင်း ၁၉၆၂ မတ်လ ၂ ရက်နေ့ အာဏာသိမ်းပိုက်လိုက်မှုကြောင့် စစ်မှန်သော ပြည် ထောင်စုဖော်ဆောင်ရေး ရည်မှန်းချက်ကြီးသည်လည်း ပျက်သုဉ်းသွားခဲ့ရလေသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း တော်လှန်ရေးကောင်စီ လက် ထက်တွင် ဖက်ဒရယ်မူသည် ခွဲထွက်ရေး၊ တိုင်းပြည်ဖြိုခွဲရေးဖြစ်ကြောင်း၊ မဟုတ်မမှန်ဝါဒဖြန့်မှုနှင့် တိုင်းရင်းသားနယ်မြေများတွင် စစ်တပ်မှ မတရားနှိပ်စက်လုယက် ဖျက်ဆီးသတ်ဖြတ်မှု လုပ်ငန်းများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုပျက်စီးသွားခဲ့ရသည်။

● အနာဂတ်အခြေအနေ
ယခုအခါ သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် အပစ်အခတ်ရပ်ဆိုင်းရေး သ ဘောတူမှုရရှိခဲ့သော်လည်း စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု မတည်ဆောက်နိုင်သေးပေ။

စင်စစ်ပြည်ထောင်စုနိုင်ငံတော်ဆိုသည်မှာ ပြည်နယ်များကို ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ယင်းပြည်နယ်များရှိ ပြည်သူများ၏ ဆန္ဒနှင့် မွေးရာပါ အခွင့်အရေးများကို လေးစားလိုက်နာခြင်း၊ ဒီမိုကရေစီအခွင့်အရေးများရှိခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်း၊ အေးအတူပူအမျှဆိုး တူကောင်း ဖက် ညီမျှသောအခွင့်အရေးများကို ခံစားခွင့်ရှိခြင်းပင်ဖြစ်သည်။

ထို့နည်းတူစွာ ပင်လုံစိတ်ဓာတ်ဟူသည်မှာ ပင်လုံမြို့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်ပါ အချက်အလက်အပြင် ပင်လုံညီလာခံ၌ ဆွေးနွေးတင်ပြချက်များ၊ အပြန်အလှန်သဘောတူညီ ချက်များ၊ အပြန်အလှန်ပေးခဲ့သည် ကတိက၀တ်များပါ အကျုံးဝင်လျက်ရှိသည်။

ပစ္စက္ခမြန်မာနိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်ပါက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့နှင့် အပစ်အခတ်ရပ်စဲထားနိုင်ခြင်း၊ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီအား ပြန်လည်တည်ထောင်ခွင့်ပေးခြင်းနှင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် အသင့်အတင့် ဖြေလျှော့ပေးခြင်း၊ နိုင်ငံတကာ သံတမန်ဆက်ဆံရေး စာမျက်နှာသစ် ပွင့်လန်းလာခြင်း စသည့် တိုးတက်မှုဆောင်သော အပြောင်းအလဲအချို့ လုပ်ဆောင်လာသည်ကို တွေ့မြင်ရပေသည်။ ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဖြစ်သော ယုံကြည်မှုတည်ဆောက်ရေးအပိုင်းနှင့် ဒီမိုကရေစီအရေး ပီပြင်ခိုင်မာလာစေရန် ဖော် ဆောင်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးစတင်ရန်နှင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို ရှေးရှု၍ စိတ်စေတနာမှန်၊ သဘောထားမှန်၊ ဆွေးနွေးလုပ်ဆောင်မှုအမှန်များဖြင့် ဆက်လက်ဆောင်ရွက်နိုင်ပါက ပြည်သူတရပ်လုံးမျှော်လင့်တောင့်တနေသည့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အမြန်ဆုံးတည်ဆောက်နိုင်ကာ ကမ္ဘာ့ အလယ် ၌ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ၀ံ့ကြွားစွာရပ်တည်နိုင်မည်မှာ အမှန်ပင်ဖြစ်ပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts