>So many phone so many charges in Burma – drying pockets of Burmese

>

စားသုံးတို့ ငွေကုန်ကြေးကျ များစေတဲ့ဖုန်းအမျိုးမျိုး ၀န်ဆောင်မှု စာရိတ်အမျိုးမျိုး
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၇၊ ၂၀၁၁
မြန်မာနိုင်ငံ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်တွင် မတူညီသည့် နည်းစနစ် မတူညီသည့် မိုဘိုင်းဖုန်းများ၊ ဧရိယာကန့်သတ်မှုများ ၊ ကုန်ကျစရိတ်ကြီးမားသည့် ပြောဆိုခနှင့် အခြားသောဝန်ဆောင်မှုများကြောင့်  ဖုန်းသုံးစွဲသူများမှာ မကြာခဏ ငွေထပ်မံ သုံးစွဲကြရသည့်ပြင် ၀န်ဆောင်မှုအပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံများထက်ညံ့ဖျင်းလျက်ရှိကြောင်း ဖုန်းသုံးစွဲသူများက ပြောဆိုသည်။
အင်တာနက်ဖုန်း ကဒ်လဲရန် ငွေ ၃ သောင်းက ၅ သောင်း
လွန်ခဲ့သည့် ဇန်န၀ါရီလလယ်က စတင်လိုက်သည့် မိုဘိုင်းဖုန်းတွင် အင်တာနက် ၀န်ဆောင်မှုအတွက် နကိုဖုန်းလက်ဝယ်ရှိသူများပင် အင်တာနက်တပ်ဆင်ခ အဖြစ် ကျပ်ငွေ ၃ သောင်းမှ ၅ သောင်းဝန်းကျင်ထိထပ်မံ သုံးစွဲကြရပြန်သည်။ ယမန်နှစ်ဆန်းက စတင်ရောင်းချခဲ့သည့် ငါးသိန်းတန် ၈၀၀ မီဂါဟတ်ဇ စီဒီအမ်အေ ဖုန်းများအားအင်တာနက် သုံးစွဲခွင့်ပြုရာတွင် ကဒ်လဲလှယ်ရန်ဟု အကြောင်းပြပြီး ကျပ်ငွေ ၃ သောင်းထပ်မံပေးသွင်းရမည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် လက်တွေ့လိုက်လံလုပ်ဆောင်သည့်အခါ အနည်းဆုံးကျပ်ငွေ ၃ သောင်းခွဲမှ ကျပ် ၅ သောင်းအထိကုန်ကျကြရသည်။
နကိုရှိပြီးသား RUIM ကဒ် (ဆင်းကဒ် အမျိုးအစားတမျိုး) ကို ကျပ်ငွေ သုံးသောင်းပေးသွင်းပြီး အလားတူကဒ်မျိုးဖြင့်သာပြန်လဲလှယ်ခြင်းဖြစ်သည်။ သုံးစွဲသူများထံမှ ငွေကောက်ခံလိုသဖြင့် ထိုသို့ကဒ်လဲလှယ်ခြင်း အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးစွဲသူအချို့က ထင်မြင်ယူဆကြသည်။
အင်တာနက်ဖုံး ဟင်းဆက်လဲရန် ၁ သိန်းက ၂ သိန်း
နကိုက ကိုင်ဆောင်လျက်ရှိသည့် ၈၀၀ မီဂါဟတ်ဇ ဟန်းဆက်များမှာ အင်တာနက်သုံးစွဲရန် ခေတ်မမှီသဖြင့် အင်တာနက် သုံးသူများအနေဖြင့် အင်တာနက် သုံးနိုင်သည့် တရုတ်နိုင်ငံထုတ် ဟန်းဆက်များကို အနည်းဆုံးကျပ် ၁သိန်းမှ ၂ သိန်းကျော်ပေးဝယ်ပြီး လဲကြရသည်ဟု ငါးသိန်းဖုန်းဖြင့် အင်တာနက် သုံးသူများက ပြောသည်။
ကားပွဲစား လုပ်သူတစ်ဦးက 
“အင်တာနက် သုံးဖို့လျှောက်လို့ရပြီဆိုတော့ သားအတွက် ကျွန်တော် သွားလျှောက်တယ်။ တန်းစီ လျှောက်လွှာတင်၊ ပြီးတော့ငွေသွင်း ကဒ်လဲပြီး အင်တာနက်သုံးလို့ရတယ်ဆိုတဲ့ Huawei ဟန်းဆက်ကို ၁ သိန်း ၂သောင်းနဲ့ဝယ်လိုက်တယ်။ အခုအဲဒီဟန်းဆက်က အင်တာနက်တိုက်ရိုက်သုံးလို့ အဆင်မပြေတာတွေရှိလို့ ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ လိုက်လုပ်ရပြန်တယ်။ အရင်သုံးပြီးသား ငါးသိန်းဟန်းဆက် တစ်လုံးကလည်း အိမ်မှာ ဒီအတိုင်းပဲ။ သူတို့စနစ်တွေပြောင်းနေတာနဲ့ နောက်ကလိုက်ရတဲ့သူက ငွေတွေကုန်တာလည်း မပြောနဲ့တော့”
ဟုပြောသည်။ 

ငါးသိန်းဖုန်းကို ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ လိုအပ်တဲ့ မိုဒမ် ကြော်ငြာကို အလုံအိတ်ချိန်းရုံးမှာ ချိတ်ဆွဲထား

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း နအဖ စစ်အစိုးရက ဂျီအက်စ်အမ်၊ CDMA 800Mhz ၊ WCDMA၊  ကမ်းရိုးတန်း450 Mhz CDMA ၊ ငါးသိန်း CDMA  အစရှိသည့် နည်းစနစ် အမျိုးမျိုး၊ ဈေးနှုန်းအသီးသီးဖြင့် ငှားရမ်းခွင့်ပြုခဲ့သည်။ မကြာမီ ၅ သိန်းဂျီအက်စ်အမ်လည်း ရောင်းချတော့မည်ဟု ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်များတွင် ဖေါ်ပြထားချက်အရ သိရသည်။
၁ ခါသုံး ဖုံးကဒ် ၁ နာရီ ပြော ငွေ ၂ သောင်းခွဲ …
၂၀၀၉ ခုနစ်ဆန်းမှ စတင်ပြီး တစ်ခါသုံး ဖုန်းကဒ်များအား ကျပ် ၂သောင်းကျော်ဖြင့်ရောင်းချခဲ့သည့် အတွက်လည်း သိန်းနှင့်ချီတန်သည့်မိုဘိုင်းဖုန်း မကိုင်နိုင်သူများ ၀ယ်ယူသုံးစွဲခဲ့ကြသေးသည်။ တစ်လသာခံသည့် ဆင်းကဒ်တကဒ်အတွက် ကျပ် ၂သောင်းကျော်ကို အကုန်ကျခံခဲ့ကြရသည်။ ကဒ်သက်တမ်းမှာ တစ်လဟုဆိုသော်လည်း တစ်မိနစ်ကို ကျပ်၃၀၀ ၀န်းကျင်ကျသင့်သဖြင့် အမှန်တကယ် တောက်လျှောက်ခေါ်ဆိုလျင် တစ်နာရီသာသာဖြင့် ကုန်ဆုံးသွားမည်ဖြစ်ပြီး အ၀င်ခေါ်ဆိုမှုကိုလည်း လက်ခံနိုင်မည် မဟုတ်တော့ပေ။ အရောင်းစာရေး တဦးအနေဖြင့် တစ်လလျင် လုပ်ခလစာ ကျပ် ၃သောင်းမှ ၅ သောင်းဝန်းကျင်သာရှိသည့် မြန်မာနိုင်ငံတွင် မိနစ် ၆၀ စာဖုန်းကဒ်တကဒ်အား ကျပ် ၂သောင်းခွဲဖြင့် ၀ယ်ယူသုံးစွဲဖို့ လူတိုင်းမတတ်နိုင်ခဲ့ကြပေ။ 
 ငါးသိန်းဖုန်းများ အသစ်လျှောက်ရန်နဲ့ အင်တာနက် တပ်ဆင်ရန် အတွက် အလုံအိတ်ချိန်းရုံးမှာ လျှောက်ထားသူတွေ စည်ကားနေစဉ်
နယ်ကျော်ပြီး ပြောခွင့်မရှိတဲ့ လက်ဝါးကြီးအုပ် မိုဘိုင်းဖုန်း
၂၀၁၀ ခုနှစ်တွင်ယခင်က သိန်း၁၆သိန်း၊ ၁၈ သိန်း ပေါက်ဈေးရှိခဲ့သည့် မိုဘိုင်းဖုန်းများအာ်း ၅သိန်းကျပ်ဖြင့်ရောင်းချပေးခဲ့ပြီး ဆက်သွယ်နိုင်သည့် ဧရိယာကို ကန့်သတ်ထားခဲ့သည်။ သုံးစွဲသူလူထုအနေဖြင့်  ငါးသိန်းဖြင့် မိုဘိုင်းဖုန်း ၀ယ်ယူနိုင်သည့် အချက်ကို အခွင့်အရေး တခုအဖြစ် မြင်ခဲ့ကြပြီး အလုံးရေ သိန်းနဲ့ချီဝယ်ယူခဲ့ကြသည်ကိုတွေ့ရသည်။
၂၀၀၈ ခုနှစ်အကုန်မှစတင်ပြီး မြန်မာ့ တယ်လီဖုန်း ဆက်သွယ်ရေး နယ်ပယ်အတွင်းသို့ စစ်အစိုးရနှင့် အကျိုးတူလုပ်ကိုင်နေသည့် ပုဂ္ဂလိက လုပ်ငန်းရှင် ဦးတေဇက ပါဝင်လုပ်ကိုင်ခွင့်ရလာခဲ့သည်။ အက်အီးစီ ၂၀ နှင့် ၅၀ တန်ကဒ်များ စတင်ရောင်းချသည့် အစီအစဉ်မှ စပြီးယခု ၈၀၀ မီဂါဟတ်ဇ စနစ်သုံး ငါးသိန်းဖုန်းများ ၊ အင်တာနက် သုံးစွဲသည့်ဝန်ဆောင်မှုများတွင် အီလိုက်တက်ခ ကုမ္ပဏီနာမည်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက ဆက်သွယ်ရေးနှင့် မိုဘိုင်းဖုန်းလုပ်ပိုင်ခွင့်များကို လက်ဝါးကြီးအုပ်ထားသည့် အတွက် လွတ်လပ်သည့် ပြိုင်ဆိုင်သည့် ဈေးကွက်မရှိပဲ သုံးစွဲသူအများစုမှာ ၀င်ငွေနှင့်မမျှသည့် ငွေကြေးပမာဏကို သုံးစွဲနေကြရသည်ကို တွေ့ရသည်။
အိမ်နီးချင်းထိုင်းနိုင်ငံတွင် မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ခ တစ်မိနစ်လျင် တစ်ဘတ် (၂၉ ကျပ် ) သာကျသင့်ပြီး အေဒီအက်စ်အယ် တစ်လျင် ဘတ် ၅၉၀ ( ကျပ် သောင်း ၇ထောင် )သာ ကျသင့်သော်လည်း မြန်မာနိုင်ငံတွင် တမိနစ် အနည်းဆုံး ၅၀ ကျပ်မှ ၆၀ ကျပ် (ထိုင်းနိုင်ငံထက် ၂ဆ) အထိကျသင့်ပြီး အေဒီအက်စ်အယ် အင်တာနက်လိုင်းတစ်လိုင်း သွယ်ယူရန် အမေရိကန်ဒေါ်လာ ၁၅၀၀ အနည်းဆုံးကျသင့်သည့် အနေအထားလည်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts