ကဗျာ

ငါမရှိတော့တဲ့နောက် (Naing Oo Nyo (Po Zero))

နိုင်ဦးညို(ဖိုးဇီးရိုး)၊ သြဂုတ် ၁၆၊ ၂၀၁၂
ငါ့ရင်ခွင်ထဲမှာ
ငါဆိုတာမရှိတော့တဲ့နောက် …
သုံးစွဲလို့မရနိုင်တော့တဲ့
ဘီယာဘူး အခွံတွေကျန်ရှိမယ်
ဆေးလိပ်တို အစီခံတွေကျန်ရှိမယ်
အရက်ပုလင်း အလွတ်တွေကျန်ရှိမယ်
ထမင်းလုံး စားလက်စတွေကျန်ရှိမယ်
စာအုပ် ဖွင့်လျှက်သားတွေကျန်ရှိမယ်
ကဗျာ အကျိုးအပျက်တွေကျန်ရှိမယ်
စကားလုံး တဝက်တပျက်တွေကျန်ရှိမယ်
သီချင်းတီလုံး အဟောင်းနွမ်းတွေကျန်ရှိမယ်
ကြေမွနေတဲ့ ဒေါင်းအသည်းတခြမ်းကျန်ရှိမယ် ၊
သုံးလို့မရတော့တဲ့
မှတ်ပုံတင်ဟောင်းနွမ်းနွမ်းတခုကျန်ခဲ့မယ်
သက်တမ်းမကုန်သေးတဲ့
အမြဲတမ်းနေထိုင်ခွင့်ကဒ်တခုကျန်ခဲ့မယ်
မရေးဖြစ်တာကြာပြီဖြစ်တဲ့
ဒိုင်ယာရီအဟောင်းတအုပ်ကျန်ခဲ့မယ်
တိုလီမိုလီထဲ့ထားတဲ့
ကျောပိုးအိတ်တပတ်ရစ်တလုံးကျန်ခဲ့မယ်
အကြွေးဝယ်လို့ရသေးတဲ့
ဘဏ်ကဒ်သေးသေးတကဒ်ကျန်ခဲ့မယ်
သုံးလို့ရိုက်လို့ရသေးတဲ့
ဆိုနီအယ်လ်ဖာကင်မရာတလုံးကျန်ခဲ့မယ်
အချက်အလက်တွေမှတ်ထားတဲ့
တထောင်ဂျီဂါဟတ်ဒ်ဒစ်တချပ်ကျန်ခဲ့မယ်
နားထောင်လက်စကိုခင်ဝမ်းဆိုတဲ့
နှုတ်ဆက်ခဲ့ပါတယ်သီချင်းတပုဒ်ကျန်ခဲ့မယ်
ဖေ့ဘုတ်ခ်ပေါ်မှာတင်ထားတဲ့
မှတ်စုများဓါတ်ပုံများစာတချို့ကျန်ခဲ့မယ်
နေမပူမိုးမရွာဆောင်းနေကြဖြစ်တဲ့
မြို့အမည်တွေရေးထားတဲ့ဦးထုပ်တွေကျန်ခဲ့မယ်
ငါ့ကိုအရမ်းသည်းညည်းခံခဲ့တဲ့
ငါ့မိတ်ဆွေအပေါင်းသင်းရောင်းရင်းတချို့ကျန်ခဲ့မယ် ၊
အဲဒီအချိန်မှာ
ငါဆိုတဲ့ငါကတော့
စကြာဝဠာတနေရာမှာ
မတွေ့ရတာကြာပြီဖြစ်တဲ့
ငါ့သူငယ်ချင်းဟောင်းတချို့နဲ့
စကားလက်ဆုံကြနေလောက်ပြီပေါ့ ။
(ငါ့ဂျင်းဘောင်းဘီအိပ်ကပ်ထဲက ဂလက်ဆီဟမ်းဖုန်းလေးတော့ ငါနဲ့အတူ ယူသွားခွင့်ပြုပါ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts