လူများ၊ ရုပ်ပုံလွှာများ

ပြည်သူတွေကြားထဲက မသန္တာ (MoeMaKa)

မိုးမခ ကောက်နုတ်စုဆောင်းသည်၊ သြဂုတ် ၁၆၊ ၂၀၁၂

ကျွန်မနာမည် မသန္တာပါ။ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ဦးခင်ညို ဒေါ်မေမေရဲ့ တဦးတည်းသော သမီးပါ။ ကျွန်မအဖေက ကွန်မြူနစ်ပါတီဝင် တယောက်အနေနဲ့ ထောင်ကျခဲ့ဖူးပါတယ်။ ကျွန်မ အထက်တန်းထိ အိမ်မဲမှာ စာသင်ခဲ့ပြီး ပုသိမ်ဒီဂရီကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့မှ မြန်မာစာ အဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ ကျောင်းသားထုကို ခေါင်းဆောင်ပြီး အိမ်မဲမြို့နယ်မှာ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ အတွက် တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် လက်မှတ်နဲ့ ပြည်ပြေးကြေညာခဲ့ပါတယ်။ ပြည်ပြေးမဟုတ်ကြောင်း ရန်ကုန် NLD ရုံးချုပ်မှာ အလုပ်လုပ်နေတဲ့အကြောင်း NLD ယခုနာယက အဘ ဦးတင်ဦးနဲ့ အဲဒီတုန်းက NLD ရုံးအဖွဲ့မှူး ဦးဝင်းခက် လက်မှတ်နဲ့ ပြန်စာပို့ခဲ့ပါတယ်။

နောက်တဆင့် ဧရာဝတီတိုင်းက တိုင်းနှင်ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး သုံးရောင်ခြယ် အဖွဲ့ဝင် ကိုအောင်ကျော်နိုင် (ပါကြီး) နဲ့ အိမ်ထောင်ကျပြီး သမီးလေး တယောက် ထွန်းကားခဲ့ပါတတယ်။ သမီး ၁၀ တန်းအောင်တဲ့နှစ်မှာပဲ နိုင်ငံရေးကို ပြန်လည်ဇောက်ချပြီး လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဧပြီလ မဲဆောက်က အပြန် မြ၀တီမှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇ (၁)၊ လ၀က ၁၃ (၁) ရာဇသတ်ကြီး ၁၂၄ တို့ဖြင့် အရေးယူခြင်းခံခဲ့ရပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲက အထူးတရားရုံးနဲ့ တရားစွဲခံခဲ့ရပါတယ်။ ရှေ့နေငှားခွင့်လည်း မရခဲ့ပါဘူး။ ထောင်ဝင်စာလည်း ပိတ်ခံခဲ့ရပါတယ်။ ထောင်ဒဏ်ကို တသက်တကျွန်းနဲ့ ၉ နှစ်ချမှတ်ခံရပါတယ်။ အယူခံကိုမ၀င်ခဲ့ပါ။ ထောင်ထဲမှာ ထောင်အရာရှိ မမှန်ကန်မှုကို ဝေဖန်ခဲ့တဲ့အတွက် တိုက်ထဲမှာ တိုက်ပိတ်ခံရတာ လွတ်ခါနီးအထိပဲ ဖြစ်ပါတယ်။ ထောင်ထဲမှာ ၅ နှစ်ခန့်နေခဲ့ရပါတယ်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာခဲ့ပါတယ်။ ကျွန်မ ထောင်ထဲမှာရှိနေစဉ် အသက် (၈၀) ရှိနေပြီဖြစ်တဲ့ အဖေဟာ လေဖြတ်ရောဂါနဲ့ အိပ်ယာထဲ လဲနေခဲ့တာ (၃) နှစ်ကျော်ခဲ့ပါပြီ။ နိုင်ငံရေး လောကက အပေါင်းအသင်းများကပဲ ကြည့်ရှုစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ ဆွေမျိုးများက နိုင်ငံရေးနဲ့ပတ်သက်ရင် ကြောက်လို့ဆိုပြီး လာမတွေ့ခဲ့ကြပါဘူး။ ကျွန်မလွတ်တော့ အဖေဟာ သတိမရှိတော့ပါဘူး အဖေဟာ အိပ်ယာထဲလဲနေတဲ့အထိ အလုံမြို့နယ် NLD စည်းအဖွဲ့ဝင်အနေနဲ့ နောက်ဆုံး ယာယီဥက္ကဋ္ဌ အနေနဲ့ အိပ်ယာထဲ လဲတဲ့အထိပါပဲ။

ထောင်ထဲက လွတ်လာမှပဲ ဖေဖေ့ကို ဆေးရုံပြန်တင်ရပါတယ်။ ကျွန်မထောင်ကျတာ စကတဲက အမျိုးသားကိုလည်း ပြည်ပြေးကြေညာခံရပြီး နယ်စပ်ရောက်နေပါတယ်။ သမီးလည်း ပြည်ပကို ရောက်နေပါတယ်။ မြန်မာနိုင်ငံထဲမှာ ဖေဖေနဲ့ ကျွန်မ ၂ ယောက်ထဲ ကျန်ခဲ့တာပါ။ ဖေဖေ ကလည်း မေလ ၂၆ ရက်နေ့မှာ ဆုံးသွားခဲ့ပါတယ်။ ဖေဖေဆုံးပြီးနောက်ပိုင်းမှာ ကျွန်မနိုင်ငံရေးကို အစဉ်တစိုက်ပြန်လုပ်ခဲ့ပါတယ်။ အားနည်းတဲ့ ပြည်သူဘက်က ရပ်တည်ခဲ့ပါတယ်။ ခြိမ်းခြောက်ခံရတာတွေ၊ မတရားပြုကျင့်ခံရတာတွေ ဥပဒေမဲ့လုပ်ရပ်တွေကို ရှေ့က ရပ်တည်ပြီး ကူညီခဲ့ပါတယ်။

မြောက်ဒဂုံမှာ အနှစ် (၂၀) နီးပါး နေလာခဲ့တဲ့ ပြည်သူတွေကို စည်ပင်သာယာက အင်အားသုံးပြီး အိမ်တွေ တဲတွေ ဖျက်ပစ်တဲ့ကိစ္စကိုလည်း ကျွန်မတို့ မားမားမတ်မတ်ရပ်တည်ပြီးကူညီခဲ့ပါတယ်။

ကျွန်မတို့ဆိုရာမှာ အမျိုးသမီး နိုင်ငံရေး ထောင်ထွက် အမျိုးသမီးတွေစုပြီး အမျိုးသမီး ကွန်ရက် တခုဖွဲ့စည်းဖို့ စတင်ဆောင်ရွက်နေပါပြီ။ အဲဒီမှာ ကျွန်မ ၊ ဒေါ်ချိုချိုအေး၊ ဒေါ်စန်းစန်းမြင့်၊ ဒေါ်ခင်ဝင်းကြည်၊ ဒေါ်နော်အုန်းလှ အပါအ၀င် အမျိုးသမီး တော်တော်များများ ပါဝင်ပါတယ်။ မြို့နယ် ပေါင်းစုံမှာလည်း အဖွဲ့ဝင်တော်တော်စုမိနေပါတယ်။

အခုလောလောဆယ် မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် မှာရှိတဲ့ ကျေးရွာ ၁၃ ရွာက ယာမြေဧကပေါင်း (၁၂၇၀၀) ကို ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် (၈) က အဓမ္မသိမ်းထားတဲ့ ကိစ္စကို ကူညီနေပါတယ်။ ယာမြေ အသိမ်းခံရတဲ့ ကျေးရွာတွေအထိ ၂ ခေါက်တိတိ ဆင်းခဲ့ရပါတယ်။ ဒီတခေါက်က ၈-၈- ၂၀၁၂ ညကျမှ ပြန်ရောက်တာပါ။ ကျွန်မတို့ရောက်နေတုန်း စစ်တပ်ကလည်း ရွာထဲမှာ အစောင့်ချ စောင့်ကြည့်တာ ခံခဲ့ရပါတယ်။ အခုတော့ အဲဒီကျေးရွာတွေရဲ့ ကိစ္စကို သမ္မတဦးသိန်းစိန်ထံ အသနားခံစာတင်ဖို့ လုပ်နေပါတယ်။ ကျွန်မကတော့ အဲဒီလိုဆက်ပြီး ကူညီသွားမှာပါ။           ။

(မိုးမခမှာ ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးတခု)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ပြည်သူတွေကြားထဲက မသန္တာ (MoeMaKa)
  1. အများအကြိုးအတွက်လုပ်ဆောင်နေသူများအားလုံးကိုလေးစားလျက်ပါ။ကျန်းမာချမ်းသာကြပါစေ။

  2. အစ်မ
    အစ်မအကြောင်းဖတ်ရတာ လေးစားမိပါတယ်။
    ဆင်ပေါင်ဝဲကိစ္စကို မသန္တာနဲ့အတူ ဒေါ်နော်အုန်းလှ၊ နိုင်ငံရေး အကျဉ်းသားဟောင်း အောင်ကိုကိုတို့က Hygienic Legal Clinic မှ ရှေ့နေ ဦးရောဘတ်စန်းအောင်ရဲ့ စီစဉ်ရေးသားပေးမှုနဲ့ အားလုံးက အိတ်စိုက်ကူညီကြတယ်လို့ သိရပါတယ်။
    ဆက်ပြီး ကူညီသွားနိုင်ပါစေလို့ အားလုံးကို ဆုတောင်းပေးပါတယ်။

Comments are closed.