ဓာတ်ပုံသတင်း

“ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကျင်းပ” (Chan Mya)

ချမ်းမြ၊ သြဂုတ် ၁၆၊ ၂၀၁၂

            ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာ ဘာသာရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့(၁၂-၈-၂၀၁၂)ရက်နေ့ မွန်းလွဲ ၂းဝဝ-နာရီတွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်၊ ဒေးဝန်းရပ်ကွက်၊ ဒေဝဓမ္မိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

            အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ၊ ရေတံခွန်တောင် သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာဆရာတော် ဘဒ္ဒန္တခေမာစာရ၊ စစ်ကိုင်းမြို့၊ သဒ္ဓမ္မပါလကျောင်း၊ မေတ္တာရှင် ဖောင်ဒေးရှင်း ဆရာတော်ဦးကောဝိဒ-နှင့် ဆရာတော်သံဃာတော်များ၊ ဓမ္မာရုံဂေါပကလူကြီးများ၊ ရပ်မိရပ်ဖများ၊ ရင်သွေးငယ်တို့၏ မိဘများ၊ ဧည့်ပရိသတ်များ၊ ကျောင်းသားကျောင်းသူ ရင်သွေးရတနာလေးများ၊ တက်ရောက်ခဲ့ကြပါတယ်။

            အခမ်းအနားမှူးအဖြစ် ဒေဝဓမ္မိကဓမ္မာရုံ ဘဏ္ဍာရေးမှူး ဦးမျိုးခင်က ဆောင်ရွက်ပြီး၊ အခမ်အနားကို အစီအစဉ် ခြောက်ရပ်ဖြင့် ကျင်းပကာ နမောတဿ မဟာပဏာမ ဘုရားရှိခိုးဂါထာတော်ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ကြောင်း၊ ရေတံခွန်တောင်၊ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာဆရာတော် ဘဒ္ဒန္တခေမာစာရ-က ငါးပါးသီလချီးမြှင့်အပြီးမှာ အရှင်ဝီရသူ(မစိုးရိမ်)က သြဝါဒကထာ မိန့်ကြားတော်မူပါတယ်။

            ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံလှဘော်က ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြီး၊ တောင်တန်းသာသနာပြု အဖွဲ့ဝင်၊ ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်း ဖြစ်မြောက်ရေးကော်မတီ ဒေါ်ကြင်ကြင်မြိုင်မှ ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ဖတ်ကြားလျှောက်ထားလို့အပြီးမှာတော့ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု- ဆုတောင်းပတ္ထနာဂါထာ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးစေနိုင်ခဲ့ပါတယ်။

            ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းကို ဆရာတော်ဦးခေမာစာရ နှင့် တောင်တန်းသာသနာပြုအဖွဲ့မှာ ဒေါ်ကြင်ကြင်မြုင်တို့က ဦးစီးဖွင့်လှစ်ခြင်း ဖြစ်ပြီး၊ မထမတန်းမှ သတ္တမတန်းကျောင်းသူ ကျောင်းသား ရင်သွေးငယ်လေးများ အယောက်(၂၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း၊ Sunday School.တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ကြောင်း၊ သင်တန်းသူ သင်တန်းသား ရင်သွေးငယ်လေးများအား အပတ်စဉ် အာဟာရဒါန အဖြစ် ကျွေးမွေး လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 “အရှင်ဝီရသူ၏ သြဝါဒ အနှစ်ချုပ်

            ကလေးတွေကို လွတ်လပ်စွာ ဆော့ကစားခွင့်ပေးပါ။ အန္တရာယ်မရှိအောင် စောင့်ရှောက်ပါ။ ဆော့ကစားခွင့်ရတဲ့ ကလေးတွေက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာကြံ့ခိုင်ပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးတတ်တယ်။
            ကလေးတွေကို စာစရာကျွေးပါ။ ကလေးဆိုတာ အစားမက်တယ်။ ဘယ်လောက်ချမ်းသာတဲ့ ကလေးဖြစ်ဖြစ် အများနှင့် ဝိုင်းစားရတာကို ပိုကြိုက်တယ်။
            ကလေးတွေကို ပုံဝတ္ထုလေးတွေ ပြောပေးပါ။ ပုံပြင်လေးတွေက လိမ္မာယဉ်ကျေးအောင် ဆုံးမတဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်။
            ကလေးတွေကို ပျော်အောင်မွေးပြီးမှ စာကျက်ခိုင်းပါ။ စာကျက်ရတာ ပျော်သွားရင် လူလိမ္မာလေးတွေ ဖြစ်သွားမှာပါ။
            မိဘတွေအနေနဲ့ ကလေးတွေရဲ့ ပညာရေးကို ယာဉ်ကျေးမှုနှင့် တွဲစပ်ပေးနိုင်မှ ကလေးတွေ လိမ္မာလာမှာပါ။ ကလေးတွေ လိမ္မာရင် အရင်ဆုံးခံစားရမှာက မိဘတွေပဲ ဖြစ်ပါတယ်။ ကလေးတွေ မလိမ္မာရင် မိဘတွေဟာ နေ့စဉ်မျက်ရည်နှင့် မျက်ခွက်ဖြစ်နေပြီး၊ ဆင်းရဲတွင်းနက်ရပါတယ်။ ဒါကြောင့် ပညာရေးကိုသာ ဦးစားပေး သင်ကြားခိုင်းမနေဘဲ ယဉ်ကျေးမှုကိုပါ တွဲစပ်ဦးစားပေးဖို့ လိုအပ်ပါတယ်။
            ဂေါပကတွေ အနေနဲ့ ဓမ္မာရုံတိုင်းမှာ ဒီလိုသင်တန်းတွေ ဖွင့်နိုင်အောင် ကြိုးစားကြပါ။ လူနားပေမယ့် ဓမ္မာရုံမနားစေနှင့် လူအားပေမယ့် ဓမ္မာရုံ မအားစေနှဲ့ ဓမ္မာရုံတွေဟာ ကလေးသူငယ် လူရွယ်လူလတ် လူကြီးပါမကျန် အရွယ်အားလုံး အလွှာအားလုံးအတွက် အမြဲတန်း အလုပ်လုပ်ရာ ဌာနကြီးတွေ ဖြစ်နေရမယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

2 thoughts on ““ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကျင်းပ” (Chan Mya)
  1. Bante verathu,
    i pay respect to you. please not only try to cultivate mental culture of buddhist childrean but also please try to organize the young buddhist monks community not to do bad things. espacially, in Mandalay some of the young monks lost their aims and objections. don’t know what to do for future sasana. please try to pursuade them to work for sasana and people like you do. i just want to remind you that the main humenbeings resourses of the THERAVADA BUDDHA SASANA are the youngs buddhist norvice and monks. they should be stroung like bante. please show the way to them how establish real good life for buddha sasana.
    ps i apoligise most of the spelling may be wrong i did not know how to type in burmese plus i did not write letter in english for along time.
    respectfully,
    your deciple

  2. အမျိုးဘာသာ သာသနာတည်တံ့ရေးအတွက် ကိုယ်ကျိုးစွန့်ကြိုးပမ်းနေသော အရှင်ဝီရသူကို ၀န်းရံအာပေးကြပါ။

Comments are closed.