>treasure of my life, poems from my heart – 08

>

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၈)
တင်မိုး
ဇန်န၀ါရီ ၁၅၊ ၂၀၁၁

၁။
“အိပ်မက်ကိုအလှည့်ပေး၊ အတွေးပျံ့လွင့်စဉ်” တဲ့။ ဆရာမြို့မငြိမ်းက “မပြီးသေးသောပန်းချီကား” မှာ ၀ိုးတ၀ါးဆိုခဲ့တယ်။
ကျနော် ခရီးတွေသွားလာနေတုန်းက အိပ်မက်နဲ့ဝေးခဲ့တယ်။ အိပ်မက်မက်ချိန်မရ။ သွားခဏ၊ နေခဏ၊ ပြန်ခဏ။ အခုတော့ သမီးရှိရာ ဥရောပမှာ ခဏနားပြီ။ ညမှာ အိပ်မက်လေးတွေ တောင်ပံခတ်၊ မျက်လွှာကိုလှပ်ပြီး ဖျတ်ခနဲ ဖျတ်ခနဲ ၀င်လာကြတယ်။ အိပ်မက်တောင်ပံခတ်ချိန်။

ကိုယ့်ဘ၀အိပ်မက်၊ ကိုယ့်ဘ၀နဲ့ ပတ်သက်သမျှ
ဘ၀များစွာတွေရဲ့ အိပ်မက်၊ နိုင်ငံအိပ်မက်။

၂။
၂၀၀၁ ခုနှစ် နှစ်သစ်ဆန်းချိန်မှာ ဂျပန်ကိုရောက်တယ်။ တိုကျိုနှင်းပွင့်လေးတွေက မိတ်ဖွဲ့တယ်။ နူးညံ့တယ်။ ဖြူဖြူသန့်သန့် တမြို့လုံးနှံ့တယ်။ ဒီအချိန်မှာ ကောင်းသတင်းတွေ လွင့်ပျံလာတယ်။ ကိုယ့်နိုင်ငံမှာ လူထုခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင်တို့ ဆွေးနွေးကြသတဲ့။ တင်းမာမှုတွေလျော့တဲ့ လက္ခဏာတဲ့။

တိုကျိုက လွှတ်တော်အမတ်တွေ၊ ဂျပန်စာရေးဆရာ၊ သတင်းစာဆရာတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ကြတယ်။ သူတို့မျက်နှာက ပြုံးပန်းဆင် ရွှင်ရွှင်လန်းလို့။ မြန်မာနိုင်ငံက အာဃာတတွေ ပြေလျော့သွားတဲ့သတင်းကို ကြည်နူးလို့။ နှင်းပွင့်ဆမ်းတဲ့ အပြုံးပန်းကိုယ်စီနဲ့။

ကျနော်တို့လဲ အံ့လဲအံ့သြ၊ ပျော်လဲပျော်ရွှင်၊ စိုးလဲစိုးရိမ်တယ်။ တကယ်လား … တကယ်တဲ့လား။ အို … လမ်းစမြင်လာရင် ပျော်ရွှင်ရမှာပေါ့။ အင်း… ချောမောပါ့မလား။ “ဖြုန်းခနဲဝမ်းသာ၊ ပျာကရာဝမ်းနည်း” အဖြစ်မျိုးနဲ့ ကြုံရမှာလား။ အဖုအထစ်တွေရှိမှာမို့ ညှိနှိုင်းမှုမှာ စိတ်ရှည်ပါ့မလား။ … လား။ … လား။
ဝိုးတ၀ါးအိပ်မက်တွေ မက်ခဲ့တယ်။

၃။
အိပ်မက်အစအနမို့ မပီမသ။ “အ အ အိပ်မက်” မက်တဲ့ခံစားမှုမျိုး။ ၀မ်းသာစရာပြောရမှာလဲ ဟုတ်ဟုတ်ညားညား လက်ဆုပ်လက်ကိုင်မရှိ။ ၀မ်းနည်းစရာလားဆိုတော့လဲ မျှော်လင့်ချက်အရောင်လေးက ရေးတေးတေး။ ဆောင်းဖြင့်လဲဆောင်း၊ နွေဖြင့်လဲ နွေ။ ခုတော့လဲ တွေတွေဝေေ၀။ ဆောင်းမပီ၊ နွေမမည်။ ကသီကရီနိုင်လှသမို့ “ဆောင်းကျွတ်လုပြီ နွေရာသီလည်း၊ မပီတတ်သေး၊ ၀ိုးဝါးထွေးသို့” ဆိုတဲ့ စိန္တကျော်သူရဲ့ရတုကို ရွတ်ချင်သလိုလို။ ငယ်အိပ်မက်တွေထဲ ပြေးဝင်ပုန်းချင်သလိုလို။ တကယ်ဖွဲ့မိတော့ သည်လို …

“တရားမရ များစွာ သတ္တ၀ါထဲမှာ ငါလဲပါတယ်”

ဘယ်လ်ဂျီယံမှာ ဘီယာပေါပေမယ့်
အညာထန်းတောက ထန်းရည်တမြူလောက်
ငါ့နှလုံးကို မချူနိုင်ဘူး။
နီလာစိမ်းရောင်၊ ငှက်ခါးတောင်တဲ့
အရောင်ကလှလှ
အတောင်ကြွနေသလို
ပင်ကျရည်ပလုံစီကလေးနဲ့
ရနံ့မွှေးတဲ့ပတတ်ကင်
ပါးစပ်တပြင်ပြင်နဲ့ ခွက်လှည့်မော့
လှည်းယာဉ်ကြော့နဲ့ အိမ်ကိုပြန်
စည်းစိမ်ခံခဲ့ရတဲ့ကာလများကို
ဘယ်သင်းကမှ အစားမထိုးနိုင်ခဲ့။

ငယ်သူငယ်ချင်း မိတ်ရင်းဆွေဖော်တွေနဲ့
ပျော်ချင်တိုင်းပျော်ခဲ့ရတဲ့
ငယ်ဘ၀တလွမ်းလွမ်း
မျက်ရည်ကလေးတစမ်းစမ်းနဲ့
ဘဂျမ်းကဘင်ဂျို
ဗိုလ်သွန်းကဟွန်းတယော
ပါးစပ်တောနဲ့စည်းဝါး
ကိုခွေးတောင်ပါသေးဗျား
တယောပြားကအကိုကျော်
အဆိုတော်က မောင်တင်ရွှေနဲ့ မခင်ညို
ဘင်ဂျိုတလက်က ကိုဗိုလ်ကေ
ဒိုးမွှေတာက ကိုပြူး
ကိုဗေဒါကလည်းကလဲ မြူးသကိုးဗျ
လှည်းဦးကနှဲဆရာ၊ ကိုထွန်းစိန်ခမျာလဲ
လည်ချောင်းသာကွဲရော့၊ နှဲသံကတဂိဂိ
ဆုတောင်းပြည့်နဲ့သိမ်တော်ပွဲ
ပျော်စရာနွှဲခဲ့ကြတယ်၊ တကထဲသည်လိုဘဝ
ဥရောပမှာ ဘယ်မှာရနိုင်ပါ့မလဲဗျာ။

အသက်ကလဲငယ်သေးလို့
ရမ္မကလဲ မပြယ်သေးခင်
ပြည်အဆွေးပြည်အလွမ်း
ဒီလောက်တောင် သန်စွမ်းချင်မှသန်စွမ်းမယ်။

တကယ်တမ်းဆိုတော့
အစွမ်းအစတွေအရည်ပျော် လွမ်းစတွေပေါ်နေတဲ့
ခြောက်ဆယ်ကျော်မှပြည်ပြေးဖြစ်
ခွင့်သာခိုက်မို့လစ်ခဲ့ရ
ပြည်ချစ်သူတို့ရဲ့ တစစ်စစ်ဝေဒနာ
နာတရာအထပ်ထပ်
အာဏာငတ်သူတွေကိုလဲဒေါသဖြစ်
မောဟမြစ်ထဲလက်ပစ်ကူးရတော့တယ်။

ပြည်သူလူထုတန်ခိုးထပြီး
အစိုးရဖြစ်လာမယ့်အချိန်ကို
တပိန်ပိန်တလိမ်လိမ်အောင့်ပြီး
နွားပိန်ကန်ချိန်စောင့်နေရတော့တာပဲဗျို့။

နေညိုချိန် ‘လေ’ ထတော့
ပင်ကျရည်စိမ်းဖျော့ဖျော့ကို
ထန်းပင်ဆီတမော့မော့နဲ့
စိတ်ဆော့တဲ့ဖြစ်ရပ် လွမ်းလွမ်းနဲ့ငတ်မိရဲ့
တို့ဇာတ်တွေဘယ်လိုသိမ်းလို့
တို့ရွှေရင်ဘယ်လိုသိမ်းရပါ့။

ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီ
ရေဒီယိုအသံလှိုင်းရှိသမျှ နေ့တိုင်းကလိ နေ့တိုင်းရှာ
မျှော်လင့်ချက်ရောင်ခြည်ဖြာမယ့်
အခါတော်စောင့်စား
ကိုယ့်စိတ်ကိုတောင့်ထားရ အလွမ်းဖျားတက်
ဘဂျမ်းသားရဲ့ အခက်ပါလားဟရို့။

လက်ဖက်ကလေးတမြုံ့မြုံ့
ပါးရေကလေးတရှုံ့ရှုံ့နဲ့
ခေါင်းငုံ့ခါးမတ်ပြီး တရားမှတ်ပေမယ့်
တရားကပ်မယ်မထင်ပေါင်
‘တို့အရေး … တို့အရေး’ တဲ့
ကြွေးကြော်သံတွေ ကြားယောင်ယောင်။ ။

တင်မိုး
တော်လှန်ရေးနေ့ (၂၇-၃-၂၀၀၁)

ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၆)၊ မေ ၂၀၀၁



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts