>Kyaw Thu – FFSS Yangon Activity (15th January 2011)

>

ဝဋ်ကြွေးတွေကျေ၊ ကံကြွေးတွေပြေ
ကျော်သူ
ဇန်နဝါရီ ၁၅၊ ၂၀၁၁

ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” သည် ၉ ရက်တိုင်တိုင် ဒေသစာရီ လှည့်လည် အပူဇော်ခံခဲ့ပြီးသည့်နောက် ယနေ့ ၉ ရက်မြောက်သော နေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၂ ရပ်ကွက် မေတ္တာချောင်းကူးရပ်ရှိ ဝဋ်ကြွေးတော်ပြေ စေတီတော်မြတ်ကြီး တည်ရှိရာ ရန်အောင်မြေကျောင်းတိုက်တွင် ပြန်လည်၍ သီတင်းမသုံးခင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွချီကာ အပူဇော်ခံခဲ့ပါသည်။

ဝဋ်ကြွေးတော်ပြေ ဝေယျာဝစ္စအဖွဲ့မှ ရှမ်းရိုးရာ ရှမ်းအိုးစည်၊ ရှမ်းသိုင်းအဖွဲ့များ ဆရာတော်ကြီး၏ တပည့်၊ ဒါယကာများမှ ပင့်ဆောင်လာခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အသင်းသူ/သားများ၊ ဝန်ထမ်းများ၊ ဆေးဝါး လာရောက်ကုသသော လူနာများ၊ လူနာရှင်များနှင့် အလှူရှင်များပါမကျန် ဖူးမျှော်ကြည်ညို လှူဒါန်းခွင့်ကို ရရှိခဲ့ပါသည်။

ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” တည်ထားခြင်း၏ တင်ပြချက်မှာ –

သမ္မာသမ္ဗုဒ္ဓ ခပ်သိမ်းသော တရားတော်တို့ကို သိမြင်တော်မူသော မြတ်ဗုဒ္ဓသည် သတ္တဝါတို့အား (အန္ဓ) အကန်းဘဝမှ (ဝိဇ္ဇာ) အလင်းရောင်သို့လည်းကောင်း ပုထုဇဉ်ဘဝမှ အရိယာသူတော်ကောင်း အဖြစ်သို့ ရောက်ရှိသည်အထိ (ဓမ္မ) တည်းဟူသော တရားတော်မြတ်တို့ကို ဟောကြားတော်မူခဲ့သည်။

(သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ) အမည်အားဖြင့် ခေါ်ဝေါ်သတ်မှတ်ကြပြီး၊ ၂၁,၀၀၀ သော (လိုက်နာရေး) သုတ္တန်တော်တို့ကို၎င်း၊ ၂၁,၀၀၀ သော (ကျင့်သုံးရေး) ဝိနယ ဓမ္မက္ခန္ဓာတော်တို့ကိုလည်းကောင်း၊ ၄၂,၀၀၀ သော (သိမြင်ရေး) အဘိဓမ္မာ ဓမ္မက္ခန္ဓာတော်တို့ကို၎င်း၊ ပေါင်းစပ်အပ်သော ၈၄,၀၀၀ ရှစ်သောင်းလေးထောင်သော “ဓမ္မဝိနယ” အားဖြင့် (၂) ပါး၊ နိကာယ်အားဖြင့် (၅) ရက်၊ ပိဋကတ်အားဖြင့် (၃) ပုံသော တရားတော်မြတ်တို့ကို ဟောကြား ဆုံးမတော်မူခဲ့ပေသည်။

တရားတော်မြတ်တို့ကြောင့် (သံသရာ) ဘဝခရီးသွား ဓမ္မအနှစ်ကို “ရှာမှီးသူ” တို့သည် ထို (ဓမ္မ) အစစ်ကို သိအောင်၊ မြင်အောင်၊ (ကိုယ်ကျိုးစွန့်) ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ခဲ့ကြ၍ ဝဋ် (၃) ပါးမှ လွတ်မြောက်ကြကာ၊ ကိလေသာ (၁၀) ပါး မှ ရပ်စဲကြပြီး မီး (၁၁) တစ်ဆယ့်တစ်ပါးတို့မှ ငြိမ်းသတ်နိုင်ခဲ့ကြလေပြီ၊ ဤကဲ့သို့ အကြောင်းတရား အကျိုးတရားတို့ကို သိမြင်သောအားဖြင့် . . . .

မြတ်ဗုဒ္ဓသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော (ဓမ္မ)ကို ဟောကြားတော်မူခဲ့ပေသည်။ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတရားတော်အပေါင်းတို့သည်ကား၊ မြတ်ဗုဒ္ဓ၌သာ ကိန်းဝပ်စံပယ်တော်မူ၏။ (ဗုဒ္ဓ၌သာရှိ၏) သို့အတွက်ကြောင့် ဗုဒ္ဓသည်လည်း ဓမ္မဖြစ်၏။ ဓမ္မသည်လည်း ဗုဒ္ဓဖြစ်၏။ ထို (ဓမ္မပိုင်ရှင်) မြတ်ဗုဒ္ဓ၏ ဘုန်းတော်၊ ကံတော်၊ ဉာဏ်တော်၊ ကရုဏာတော်၊ သစ္စာတော်၊ မေတ္တာတော်၊ တန်ခိုးတော်တို့သည် (အပြစ်ကင်း၊ ကောင်းမြတ်သော) အရာမှန်သမျှတို့ကို “လိုချင်တိုင်းပြည့်” စုံစေနိုင်၏။ သို့အတွက်ကြောင့် အမြတ်ဆုံး (အာဇာနည်စစ်) မြတ်ဗုဒ္ဓအား ဂုဏ်ပြုလျှက် မိမိတို့စွမ်းနိုင်သော ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၄,၀၀၀) ရှစ်သောင်းလေးထောင်တို့ဖြင့် တပေါင်းတစည်း တနေရာတည်း စုပုံလျက် ဤ ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ လိုချင်တိုင်းပြည့်ဘုရားကြီးကို တည်ထားအပ်ပါသည်။

ရန်အောင်မြင်ကျောင်းတိုက်၊ ဝဋ်ကြွေးတော်ပြေဆရာတော် ဘဒ္ဒန္တ သိရီပါလ (ဒီပါရာမ သာသနာပြု)၏ အာသီသပတ္ထနာ

“ခေတ်ကောင်းရေးဆောင် အမှားအမှန်ဖွေရှာ
ရှစ်သောင်းလေးထောင် တရားဓမ္မက္ခန္ဓာစေတီသာ
ဖြစ်ကြောင်းအေးအောင် သနားရှု့တော့မှာ
ဖြစ်ကြောင်းအားလုံးအေးပါစေ”

ကျွန်တော်/ ကျွန်မတို့ ယခုကဲ့သို့ ဝဋ်ကြွေးတော်ပြေ ကျောင်းဝန်းအတွင်းရှိ ရှစ်သောင်းလေး ထောင် ဓမ္မက္ခန္ဓာစေတီ “လိုချင်တိုင်းပြည့်ဘုရားကြီး” အား ဖူးမျှော်ကြည်ညို အပူဇော်ခံခွင့်ရရှိခဲ့သလို ပြည်တွင်း ပြည်ပရှိ အများပြည်သူ အပေါင်းတို့သည်လည်း ဖူးမျှော်ကြည်ညိုနိုင်ရန် ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။ အများပြည်သူအပေါင်း ဝဋ်ကြွေးများကျေ၊ ကံကြွေးများပြေပြီး လိုရာဆန္ဒပြည့်ဝကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts