>Burmese Currency Value climbing high

>

ကျပ်နှင့် ဒေါ်လာလဲနှုန်း စံချိန်တင်ကျ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန္န၀ါရီ ၁၊ ၂၀၁၁
  ယခု သီတင်းပတ်အတွင်း ကျပ်နှင့်ဒေါ်လာလဲလှယ်နှုန်း တရက်ထက်တရက် ကျဆင်းလာရာမှ သီတင်းပတ်မကုန်ဆုံးမီ သောကြာနေ့တွင် ကန်တဒေါ်လာ ကို ၈၆၀ ကျပ်အထိကျဆင်းခဲ့သည်ကို တွေ့ရသည်။ သီတင်းပတ် အစတွင် တဒေါ်လာ ၈၇၅ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ နေ့စဉ်ရက်ဆက် တဖြည်းဖြည်းခြင်း ကျဆင်းလာနေခြင်း ဖြစ်သည်။ ဒေါ်လာလဲလှယ်နှုန်း ကျဆင်းသကဲ့သို့ အက်ဖ်အီးစီ တယူနစ်လဲလှယ်နှုန်းလည်း ၈၀၀ ကျပ်ဝန်းကျင်တွင်သာရှိနေသည်ဟု သိရသည်။
ဒေါ်လာနှင့် အက်ဖ်အီးစီ စံချိန်တင်ကျဆင်းမှုများကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့သူများ၊ ဆန်စပါး တင်ပို့သူများနှင့် နိုင်ငံခြားငွေဖြင့် လစာသတ်မှတ်ထားသူ နိုင်ငံတကာအန်ဂျီအိုများမှ ၀န်ထမ်းများအထိ ထိခိုက်လျက်ရှိနေပြီး နောက်ထပ်ကျဆင်းမည့် အရိပ်လက္ခဏာများလည်း ရှိနေသလို ပြည်တွင်းဈေးကွက်တွင်လည်း ယခင်ကလို ဒေါ်လာဖြင့်ပေးချေလျင် မျက်နှာပန်းမလှတော့ဟု နိုင်ငံခြားသား ခရီးသည်လမ်းညွှန်တဥိးက ပြောသည်။
         နိုင်ငံတကာမှာလည်း ဒေါ်လာတန်ဖိုး ကျဆင်းနေသော်လည်း မြန်မာကျပ်ငွေနဲ့ လဲလှယ်သည့်တန်ဖိုးက အခြားနိုင်ငံငွေကြေးတွေထက် ပိုပြီး ကျဆင်းနေသည်။ နှစ်စက တဒေါ်လာ ကျပ် ၁ထောင်ကျော်ရှိရာကနေ နှစ်ကုန်ချိန်မှာ ၈၅၀ ကျပ်ဝန်းကျင်သာရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၅-၂၀ ၀န်းကျင် ကျဆင်းလာသည်ကို တွေ့ရသည်။
အမေရိကန်ဒေါ်လာ အားပျော့နေခြင်း၊ နိုင်ငံရဲ့ သယံဇာတရောင်းရသည့် နိုင်ငံခြားငွေများ စီးဝင်နေခြင်း၊ ရေအားလျှပ်စစ်၊ ရေနက်ဆိပ်ကမ်း၊ ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှု အစရှိသည့် ရင်းနှီးမြှုပ်နှံမှုများ စတင် ၀င်ရောက်လျက်ရှိခြင်း၊ ကျောက်မျက်များ ရောင်းချနေသည့် ဈေးကွက်များထံမှ နိုင်ငံခြားငွေ စီးဝင်နေတဲ့ အချက်နှင့် ပြည်တွင်း စီပွားရေးများ နှေးကွေးနေပြီး ၀ယ်လိုအားများ ကျဆင်းနေခြင်း စသည့် အချက်တွေကြောင့် မြန်မာငွေတန်ဖိုးမြင့်မားစေသည့် အကြောင်းအရင်းများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိရန် ခက်ခဲပြီး စနစ်တကျ စုဆောင်းထားရှိခြင်းလည်း မရှိသဖြင့် ကျပ်ငွေတန်ဖိုး တက်လာခြင်းအကြောင်းရင်းကို မည်သည့် စီးပွားရေး ပညာရှင်လေ့လာသူမျှ တိကျသည့် ကောက်ချက်မထုတ်နိုင်သော်လည်း မြန်မာနိုင်ငံစီးပွားရေး ဦးတည်နေသည့် လမ်းကြောင်းကို ကြည့်ပြီး အထက်ပါ ကောက်ချက်ချကြခြင်း ဖြစ်သည်ဟု စီးပွားရေး သတင်းအယ်ဒီတာ တဦးကပြောသည်။
ဒေါ်လာငွေနဲ့ သတ်မှတ်ပြီး လစာပေးသည့် နိုင်ငံတကာ အန်ဂျီအိုအချို့မှာမူ တဒေါ်လာ ကျပ် ၁ထောင်နှုန်းထားပြီး အပိုဆောင်းပေးခြင်း ၊ လစာပေးသည့်ငွေကို ကျပ် ၁ထောင်ဖြင့် အရှုံးခံဝယ်ယူပေးခြင်း တို့လုပ်ဆောင်ပေးနေကြရသည်ဟု နိုင်ငံတကာ အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောသည်။ 
“ မြန်မာပြည်တွင်းမှာ အစိုးရရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးကလွဲရင် အခြား ပုဂ္ဂလိကလုပ်ငန်းလည်ပတ်မှုတွေ၊ ထုတ်လုပ်မှုတွေ နည်းပါးတယ်။ ပြည်သူလူထု အများစုဟာ လက်ဝါးကြီးအုပ် စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့ လက်ဝေခံတွေဖြစ်နေတယ်။ ဒေါ်လာက လုပ်ငန်းရှင်ကြီးများနဲ့ စစ်အုပ်စုလက်ထဲမှာ လည်ပတ်နေပြီးတော့ ပြည်သူလူထုတွေက ဒေါ်လာက လဲပေးလိုက်တဲ့ မြန်မာငွေစက္ကူကို သုံးစွဲနေရတဲ့ လက်ဝေခံ လူတန်းစားဘ၀ကို ရောက်နေပြီ။ မြန်မာငွေစက္ကူဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်ရေးကို ပြည်တွင်း ပြည်ပ ကုန်ကူးသန်း ရောင်းဝယ်မှုတွေ ထုတ်လုပ်မှုတွေက လွတ်လပ်စွာ ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။”
ဟု ငွေစက္ကူ အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်သူ ငွေပွဲစားတဦးက မှတ်ချက်ပေးသည်။
 မြန်မာနိုင်ငံတွင် ဒေါ်လာနှင့် ကျပ်ငွေ တရားဝင် လဲလှယ်နှုန်းမှာ ၆ကျပ် ခွဲဝန်းကျင်ရှိပြီး အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များတွင်မူ ကျပ် ၁ထောင် သတ်မှတ်ကောက်ခံလျက်ရှိသည်။ အစိုးရက အမေရိကန် တဒေါ်လာနှင့် ညီမျှသည်ဟု ဆိုပြီးထုတ်ဝေထားသည့်  အက်ဖ်အီးစီဈေးနှုန်းမှာ ဒေါ်လာငွေထက် လျော့နည်းနေပြီး ယခုလက်ရှိ အချိန်တွင် တစ်ယူနစ် ကျပ် ၈၀၀သာ ရှိသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အဓိက အတားအဆီးတခုမှာ တရားဝင်ငွေလဲနှုန်းနှင့် ပြင်ပငွေလဲနှုန်း အဆပေါင်းရာချီကွာဟ နေခြင်းဖြစ်သည်ဟု ပြည်ပရင်းနှီးမြှုပ်နှံသူများက ထောက်ပြကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts