မိုးမခကို ပေးတဲ့စာ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ကျေးဇူးတင်ခံချင်လို့လား

Illustration – Cartoon ATH

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ကျေးဇူးတင်ခံချင်လို့လား
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၆

ချစ်သူငယ်ချင်းတို့ရေ… မင်္ဂလာနှစ်သစ်ပါ။

ရွှေရီ တယောက် “ကျောင်းသားတွေ အကျဉ်းထောင်တွေက လွတ်မြောက်လာလို့ ဝမ်းသာလိုက်တာဟယ်” လို့ စကားမဆုံးခင်မှာ ဖွဘုတ်မှာ “အမေစုကို ကျေးဇူး မတင်ရကောင်းလား။ သပိတ်မလှန်၊ ဆက်လက် တိုက်ပွဲဝင်သွားမယ်” ဆိုတဲ့ ပြောဆိုချက်တွေကြောင့် စစ်အစိုးရ ပြစ်ဒဏ်ထက် ကြီးမားတဲ့ သေဒဏ်မျိုးပေးဖို့ ပြောဆိုလာကြတဲ့ သွေးဆူလွယ်တဲ့ ဒို့ရွှေမြန်မာ သာကီနွယ်ဝင်တွေရဲ့  ဖရုသဝါစာ ဆိုစကားတွေကြောင့် အတော်လေး တုန်လှုပ်စိတ်မကောင်း ဖြစ်ရတယ်လို့ ကြားသိရတယ်။

အဲဒီလို ဖွဘုတ် စွမ်းအားရှင်တွေက စစ်အာဏာရှင်တွေ ချပေးချကျွေးတဲ့အတိုင်း အကျိုးအကြောင်း၊ အခြေအနေမှန်ကို လေ့လာမသုံးသပ်ဘဲ၊ အကျိုးအကြောင်း မခိုင်လုံ ဖွသမျှကို လေဖမ်းဒန်းစီး ခုတ်မယ်ထစ်မယ်၊ ပါးပါးလှီးမယ် ဟစ်ကြွေးသလို၊ အမေကို ဖား၊ ကလေးတွေကို ပြားအောင်ဖိချင်သူတွေကလည်း လက်နက်ပုန်တွေနဲ့ သူပုန်ကျောင်းသားတွေကို ပစ်ကြပြန်တယ်။

တကယ်တော့ မင်းတို့ သိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင် … အခုမှ “ဒို့အမေ” လို့ ခေါ်ရဲပြောဆိုရဲသူတချို့ က … ဒီကျောင်းသားတွေ ဆူးခရောင်လမ်း၊ မီးတောက်မီးလျှုံတွေ ဖြတ်ကျော်ပြီး ပြည်သူတွေရဲ့  လိုအပ်ချက်၊ နိုင်ငံရေးပါတီ (ခေါင်းဆောင်) တွေ (ရွေးကောက်ပွဲ၊ စစ်အစိုးရ ဥပဒေတွေကြောင့်) မလုပ်နိုင်တာတွေကို တောင်းဆို၊ စစ်အာဏာရှင်တွေရဲ့  မျက်နှာဖုံးကို ရိုက်နှက်ခံ၊ ဖမ်းဆီးခံပြီး ခွါချပြစ်နေချိန်မှာ … သူတို့မှာ ရင်တထိတ်ထိတ်၊ စိုးရိမ်စိတ်များစွာနဲ့ ဘေးဝဲယာကြည့် မပြောရဲမဆိုရဲ နေခဲ့သူတွေ။

သူငယ်ချင်း ရွှေရီ … ဘာမှ စိတ်မကောင်း၊ စိတ်မပျက်ပါနဲ့။ ငါကတော့ ဒို့ညီငယ်၊ ညီမငယ် မျိုးဆက်သစ် အနာဂတ် ခေါင်းဆောင်တွေ တရားမဲ့ အကျဉ်းစံဘဝက ပြန်လည်လွတ်မြောက်လာတာကို အထူးဝမ်းမြောက်နေပြီး၊ သူတို့ရဲ့  တရားမျှတတဲ့ တောင်းဆိုမှုတွေကို ထောက်ခံ၊ ပြည်သူ့အကျိုး စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့တာတွေကို အမြဲဂုဏ်ယူ ဦးညွှတ်နေခဲ့တယ်။

သူတို့ လွတ်မြောက်လာတာကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ DVB TV သတင်းကို ကြည့်ပြီး ဝမ်းပန်းတသာ ကြိုဆိုနေကြတဲ့ သူတို့မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ထပ်တူထပ်မျှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာမဆုံး ဖြစ်ခဲ့တယ်။ ပြီးတော့ သတင်းသမားတွေ အလုအယက် မေးမြန်းချက်တွေကို သူတို့ ရင်ထဲစိတ်ထဲရှိတဲ့ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုနေတာကို ကြည့်ပြီး တွေးမိတာက အတင်းအဓမ္မ ချုပ်နှောင်းထားတဲ့ လှောင်ချိုင့်ထဲက လွတ်မြောက်လာတဲ့ ကျေးငှက်တွေလို အသံတစာစာနဲ့ လွတ်မြောက်ရေး တေးသံကို ဟစ်ကြွေးကြသလို၊ သူတို့ ဘယ်ခရီးဆက်၊ ဘာတွေလုပ်ကြမှာကို ဖွင့်အန်ကြတော့ ကွဲပြားတဲ့ အသံတွေကို ကြားရမှာပေါ့။

ဒီလို ခံစားချက်၊ ယုံကြည်ချက်တွေကို လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း (မတူကွဲပြား) ပြောဆိုကြတာအပေါ် အချိန်ပြည့် အကောက်ကြံ ချောင်းမြောင်းနေတဲ့ ဖိနှိပ်သူတွေ၊ ဒို့ပြည်သူတွေ သွေးစည်းညီညွှတ်မှုကို မလိုလားတဲ့ နောက်ကြောင်းပြန်လှည့်ချင်သူတွေရဲ့  လှုံဆော်သွေးထိုးမှုထဲ ကျဆင်းမျောပါပြီး ဖွဘုတ်မှာ ဖွနေသူတွေ (ပုဆိုးခြုံထဲက လက်သီးပြ) နဲ့ မီးထိုးယပ်ခတ်နေသူတွေရဲ့  ကျောင်းသားလူငယ်တွေအပေါ် ဝိုင်းထိုးနှက်နေကြတာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာကို သိနားလည်၊ သတိရစေချင်တယ်။ တိုင်းပြည်ကို တောက်လျှောက် ဖျက်ဆီးခဲ့သူတွေရဲ့  မမြင်ရတဲ့ ကျော့ကွင်းကို မြင်အောင်ကြည့်ကြပါလို့ ပြောချင်တယ်။

“အမေရဲ့  ကြိုးပမ်းစွမ်းဆောင်မှုကို ကျေးဇူးစကားဆို၊ တိုင်းပြည်ရဲ့  ပြဿနာအားလုံးကို အမေ ခေါင်းခံ ဖြေရှင်းပေးသွားမယ်။ စကားမများနဲ့ အထွန့်မတက်နဲ့။ အမေ့စကား နားထောင်၊ အမေကို ခေါင်းမစားနဲ့ အမေ ဘုန်းတန်ခိုးနဲ့ အစစအရာရာ အဆင်ပြေသွားလိမ့်မယ်။ ကျောင်းသားအလုပ် ကျောင်းသားလုပ် (စစ်အစိုးရ လက်သုံးစကား) အေးအေးဆေးဆေး အိမ်ပြန်အိပ်၊ စာဖတ်လေ့လာ၊ ကျောင်းပြန်တက်၊ တိုက်မယ်တော်လှန်မယ် စကားတွေ မဆိုတော့နဲ့ လိမ်လိမ်မာမာ နေကြတော့” လို့ ဆူပူကြိမ်းမောင်း ပြောဆိုသံတွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ၊ ကိုယ်တိုင်ပါဝင်စွမ်းဆောင်၊ မစွန့်စားရဲသူတွေရဲ့  အတွေး၊ ခံယူချက်အလွဲတွေ ဖြစ်တယ်။ မလိုအပ်တဲ့ ဖော်လံဖား၊ အတွေးတိမ် ပုတ်သင်ညိုတွေ မဖြစ်ကြဖို့ သတိပေးပြောချင်တယ်။

လွတ်မြောက်လာတဲ့ ကျောင်းသူ/သားတွေ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်စကား ပြောခြင်း မပြောခြင်းကို ဒေါ်အောင်ဆန်းစုကြည် အလေးမထားဘူး။ မမျှော်လင့်ဘူး။ သူ့အနေနဲ့ ကျောင်းသူ/သားတွေ၊ ပြည်သူတွေရဲ့  ကျေးဇူးတင်ခံချင်လို့ တရားမဲ့ ဥပဒေမဲ့ နှစ်ရှည်အကျဉ်းစံနေရတဲ့ ကျောင်းသူ/သား၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို လုပ်ဆောင်တာ မဟုတ်ဘူးဆိုတာ မင်းတို့ အသိ။ တရားဥပဒေ စိုးမိုးရေးကို တည်ဆောက်သွားမယ့် ခေါင်းဆောင်ကောင်းတယောက်၊ ပြည်သူ့အစိုးရကို ဦးဆောင်နေတဲ့ ခေါင်းဆောင်အနေနဲ့ သပွတ်အူ စစ်အစိုးရ ထားပစ်ခဲ့တဲ့ ပြဿနာသောင်းခြောက်ထောင်ထဲက အစိုးရ၊ ခေါင်းဆောင် အပြောင်းအလဲမှာ လုပ်နိုင်တဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်နဲ့ ဖြေရှင်းလုပ်ခဲ့တာ။ အစိုးရတရပ်၊ ခေါင်းဆောင်ကောင်းတွေ လုပ်ရမယ့် တာဝန်ဝတ္တရား ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ရှိ အစိုးရခေါင်းဆောင်တွေ (တမတ်သား အုပ်စုကလွဲလို့) ကောင်းကောင်းသိတယ်။

ဒီအတွက် နှစ်ဖက်အကျိုးရှိခဲ့တယ် – ကျောင်းသူ/သားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုက လွတ်မြောက်ခဲ့တယ်။ ပြည်သူတွေနဲ့ နိုင်ငံတကာက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး ဦးထင်ကျော် အစိုးရတို့ကို ကောင်းချီးသြဘာ ပေးခဲ့တယ်။ ကျောင်းသူ/သားတွေက အလွတ်သဘော သူတို့ လွတ်မြောက်ရေးကို တောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြည်သူ့အစိုးရ ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း ဖြေရှင်းပြောနေကြတာ လိုတာထက်တောင် ပိုနေသေးတယ်။ ပြီးတော့ သူတို့အနေနဲ့ စစ်အစိုးရလက်ထက်မှာ တိုင်းကျိုးပြည်ကျိုးအတွက် တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်တွေကို အစိုးရသစ်ကို ဆက်လက်တောင်းဆိုပြီး၊ ဆွေးနွေးသွားမယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုချက်က သူတို့ လုပ်ရမယ့်အလုပ် ဖြစ်တယ်။ ဒါကို လက်ရှိ အစိုးရအနေနဲ့ အလေးထား ဆောင်ရွက်ဖြေရှင်းသွားရမယ်။ မလိုအပ်တဲ့ လမ်းမပေါ်ထွက် ဆူပူဆန္ဒပြမှုတွေကိုတော့ ငါ့အနေနဲ့ အားမပေးပါဘူး။

အချုပ်ပြောရရင် မင်းတို့ သိတဲ့အတိုင်း … ငါ့ ယုံကြည်ချက်၊ ရပ်တည်ချက်က နိုင်ငံတော်အစိုးရ၊ ပြည်သူ့ခေါင်းဆောင်ဆိုတာ ပြည်သူတွေ ကျေးဇူးတင်ခံဖို့၊ လက်အုပ်ချီ ဂါရဝပြုခံဖို့ မဟုတ်ဘူး။ ဒါမျိုး မျှော်ကိုးပြီး အစိုးရလုပ်မယ်ဆိုရင်တော့ ကယ်တင်ရှင်လို့ တစာစာအော်ဟစ်နေတဲ့ စစ်အုပ်စုနဲ့ အတူတူပဲ။ ဒို့ပြည်သူတွေ ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်လိုက်တာ တိုင်းပြည်ရဲ့  လိုအပ်ချက်တွေ၊ ပြည်သူတွေရဲ့  ပြဿနာတွေကို ဖြေရှင်းစွမ်းဆောင်ပေးဖို့ ဖြစ်တယ်။ ဒီအတွက် ဒို့ပြည်သူတွေက ကျေးဇူးတဖွဖွ ပြောဆိုနေစရာ မလိုဘူး။ အားလုံးတာဝန်ကိုယ်စီ ကိုယ်တာဝန် ကိုယ်လုပ်ကြဖို့ အရေးကြီးတယ်။

နောက်ဆုံးပြောချင်တာက အခု ဖွဘုတ်မှာ အရေးမဟုတ်တာ အရေးလုပ်ပြီး ပြဿနာရှာ၊ စစ်အုပ်စုအကြိုက် သွေးခွဲလှုံဆော် ပြောဆိုရေးသားမှုတွေကို ညီငယ်ညီမငယ် တော်လှန်ခွပ်ဒေါင်းတွေ အလေးမထားဘဲ၊ မိမိ ယုံကြည်ချက်၊ ခံယူချက်၊ စွန့်လွှတ်စွန့်စားမှုတွေနဲ့ ရဲရဲဝံ့ဝံ့ လွတ်လွတ်လပ်လပ် ပျံသန်ကြပါ။ မြန်မာ့သမိုင်းမှာ ခွပ်ဒေါင်းတို့ သမိုင်း ကြီးမားလှပါတယ်။

ကဲ ကောင်းပါပြီ … နောက်မှာ ပြောချင်တာတွေ၊ ပြောသင့်တာတွေ ဆက်ပြောကြတာပေါ့။ မင်းတို့အားလုံး မင်္ဂလာနှစ်သစ်မှာ ကောင်းမှုကုသိုလ်တွေ များများလုပ်နိုင်ပြီး၊ ဒို့ပြည်သူနိုင်ငံသားတွေလည်း အမြင်သစ် အမြင်ကျယ်ကျယ်နဲ့ နှစ်သစ်မှာ တိုင်းကျိုးပြည်ကျိုး ကောင်းကျိုးတွေ ပိုစွမ်းနိုင်ကြပါစေ။

မင်းတို့ရဲ့ 
ဇွန်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts