>Kyaw Thu – 2011 Eve

>

၂၀၁၁ အကြို
ကျော်သူ
ဇန်နဝါရီ ၁၊ ၂၀၁၁

၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း ၂၀၁၁ ခုနှစ် အကြိုအဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ (အခမဲ့) နာရေးပို့ဆောင်မှုများ၊ (အခမဲ့) ဆေးဝါးကုသပေးမှုများအပြင် မျိုးဆက်သစ် လူမှုရေးသင်တန်းများ၊ ပညာရေးသင်တန်းများပါ အခမဲ့ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

ယင်းကဲ့သို့ သင်တန်းများပို့ချရာတွင် လူမှုရေးသင်တန်းများကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ကိုဇင်ထွန်းအောင်၊ အလုပ်အမှုဆောင် ဒေါ်မေဇွန်ဦး၊ ဒေါ်ကြည်ကြည်စိန်တို့နှင့် အတွေ့အကြုံရှိသော အသင်းသား/သူတို့မှ ပို့ချပေးခဲ့သည်။ ဈာပနပို့ဆောင်ရေးသင်တန်းများ၊ ဈာပနသယ်ဆောင်ခြင်း လက်တွေ့/စာတွေ့ သင်ကြားလုပ်ဆောင်မှုများဖြင့် ပြသခဲ့သည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သဘာဝသီးနှံများဖြင့် ထုတ်လုပ်သော (ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်) တို့ကို လက်တွေ့/စာတွေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့် အောင်ဦးစီး၍ ဒေါ်ကြည်ကြည်စိန်၊ ဒေါ်ခင်ပပမျိုး၊ ဒေါ်အေးအေးခိုင်တို့မှ လူမှုရေးသင်တန်းသူ/ သားများအား လက်တွေ့ထုတ်လုပ် သင်ကြားပြသခဲ့သည်။ ယင်း ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့မှ ဓာတုပစ္စည်းများ မပါဝင်ဘဲ သဘာဝသီးနှံတို့ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် သုံးစွဲသူတို့အား ဈေးနှုန်းသက်သာ၍ ကျန်းမာရေးအရလည်း ဘေးဥပါဒ်ဖြစ်ခြင်းတို့ကို ကာကွယ်နိုင်သည်။

မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်းတွင်လည်း တဦးချင်း တယောက်ချင်း အင်္ဂလိပ်ဘာသာဖြင့် စကားပြောခြင်း၊ ပုံပြင်များပြောကြားခြင်းတို့နှင့် စာရေး စာဖတ် အင်္ဂလိပ်စာ အခြေခံများကို ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေးတို့နှင့် လုပ်အားပေးအသင်းသူများမှ ပူးတွဲသင်ကြားပေးခဲ့သည်။

ထို့ပြင် အဆင့်မြင့် အကြီးတန်း အင်္ဂလိပ်စာသင်တန်းအဖြစ် တက္ကသိုလ်ဝင်တန်းမှ တက္ကသိုလ် တက်ရောက်နေကြသောသူများအား English Four Skills သင်တန်းအဖြစ် အင်္ဂလိပ်စာ ဆရာမ ဒေါ်မြသန်း (ဦးကျော်သူ မိခင်)၊ ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေး တို့မှ လုပ်အားပေးအသင်းသူများနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း တွင် မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သော မျက်စိခွဲစိပ်ခန်းအတွက် အလှူငွေများကိုလည်း ပြည်တွင်း/ပ အလှူရှင်များမှ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုများရှိခဲ့သည်။ ၂၁.၁၂.၂၀၁၀ နေ့တွင်လည်း အဆိုတော် ကော်နီမှလည်း အလှူငွေများ လာရောက်လှူဒါန်းခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ အဝဝတို့ကို အထောက်အကူပြု လူအား၊ ငွေအား၊ လုပ်အားတို့ဖြင့် လှူဒါန်းကြကုန်သော ဆရာဝန်၊ ဆရာဝန်မကြီးများ၊ ပညာသင်ကြားပေးသော ဆရာ/မကြီးများနှင့် လုပ်အားဒါနအလှူကို လာရောက် ပေးဆပ်ကြသော လူမှုရေးသမားများ အသင်းသား/သူများ၊ ဝန်ထမ်းများအားလုံးကို ၂၀၁၁ ခုနှစ် အကြိုတွင် အထူးကျေးဇူး မှတ်တမ်းတင်၍ သာဓု သာဓု သာဓု ဟု ခေါ်ဆိုလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts