>Mar Mar Aye – 360

>

“ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” အမှတ်(၃၆၀)

ဂီတပဒေသာ
မာမာအေး
ဒီဇင်ဘာ၂၅၊ ၂၀၁၀

အသံဖိုင် – http://www.bbc.co.uk/burmese/programmes/2010/12/101223_mma_music.shtml


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … …။
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့ အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အရင်တပတ်က “မြန်မာနိုင်ငံ ခေတ်ပေါ်တေးဂီတကောင်စီ” ဖွဲ့စည်းကြတုန်းမှာ အပြုံးဝေဝေနဲ့ ဆိုခဲ့မိဖူးတဲ့ အကိုတို့ ဆရာတို့ရဲ့ သီချင်းလေးတွေအကြောင်း ပြောရ ဆိုပြရတာ အေးချမ်းတဲ့ ကိုယ့်ဘဝလေးထဲကို တခဏ ပြန်ရောက်သွားသလို ခံစားရလို့ ထင်ပါရဲ့၊ အမြဲ တက်နေတဲ့ သွေးပေါင်ချိန်တောင် နံပါတ် တစ်ရာအောက် ရောက်သွားတယ်ရှင့်။ တကယ်ပြန်ရောက်ပြီး ကိုယ့်လူတွေနဲ့ ကိုယ် … အတူ ဆိုကြ တီးကြ၊ လှုပ်ရှားနိုင်ကြမယ် ဆိုရင် “ဆေးစားပြီးပုံ” ရိုက်ကြရုံပေါ့။ မာအေးအတွက် အအေးဓါတ်လေး ရနေနိုင်တဲ့ ကိုယ့်ဂီတအကြောင်းတွေကို ဆက်ပြောပါရစေဦးနော်။

အဲဒီ (၆၃)ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ဂီတညီလာခံကို အစိုးရသစ် ဖြစ်လာတဲ့ ‘တော်လှန်ရေး ကောင်စီ’ရဲ့ ဥက္ကဋ္ဌကိုယ်တိုင် လာဖွင့်ပါတယ်။ သူက “ပညာကို တိုးတက်အောင် လုပ်တဲ့အပိုင်းမှာ ရှေးမူ မပျက်အောင်လည်းဘဲ ထိန်းသိမ်းရပါလိမ့်မယ်၊ တိုးတက်အောင် တီထွင်တဲ့နေရာမှာ နည်းနည်းတော့ သတိ ချပ်စေချင်ပါတယ်၊ တီးမှုတ်နေကြတဲ့ ရေးစပ်နေကြတဲ့ ဒီခေတ်သီချင်းတွေဟာ သူ့စည်းသူ့ကမ်း ရှိပါတယ်၊ ခု ဒီစည်းကမ်းဘောင်မှာ သိပ်မကိုက်ကြတော့ဘူး၊ အအုပ်အခံဆိုတာ ဂရုမစိုက်ဘူး၊ ဒေါသသင့်လား မသင့်လားဆိုတာ ဝေးလို့ အသံထွက်ရင်ပြီးရော ဆိုသလို ဖြစ်နေတယ်” လို့ ငေါက်တောက်တောက် မာတာတာ ပါဝါအပြည့်နဲ့ ပြောပါတယ်။

(၁) ဂီတသမားများအားလုံး ညီညွှတ်ကြရန်၊
(၂) မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊
(၃) မိမိတို့၏ ရိုးရာယဉ်ကျေးမှုဂီတအပေါ်တွင် အခြေခံပြီး ခေတ်နှင့်လျော်ညီစွာ ဆန်းသစ် တီထွင်ခြင်း၊ သုတေသနပြုခြင်းများ ပြုလုပ်ရန် ဆိုတာတွေကိုပါ ဦးတည်လမ်းချ ပြောပြသွားပါတယ်။ ကောင်းပါတယ်။ လုပ်သင့်တဲ့ကိစ္စပါပေါ့။

ဒီတုန်းက မာအေးက လူငယ့်သဘာဝမို့လား၊ မြှောက်ပေးရင် က ချင်တဲ့ အထဲ ပါတာပ။ ကိုယ်က ငြိမ်းချမ်းချင်တာနဲ့ ဂီတကလွဲလို့ ရင်ထဲမှာ ဘာအတိမ်အနက်မှ ခွဲခက်ကြည့်တတ်သေးတာမှ မဟုတ်ပဲကိုး။ အခု ပြန်ပြီး စဉ်းစားကြည့်တော့ ကိုယ့်လောကသားတွေကို ဘာတွေ လုပ်ရမယ်လို့သာ စေခိုင်းတာ၊ ဘာလုပ်ပေးမယ် ဆိုတာ ပါမှ မပါတာ ပါကလား . . . နင်းပြားဟာ နင်းပြား ပါပဲလေ။ သူတို့မူချ ခိုင်းသမျှချည်း လိုက်ပြီး ဖြည့်ဆီး လုပ်ပေးနေရတာနဲ့ဘဲ ဂီတသမားတို့ အကျိုးစီးပွား ဘယ်မှာသွား လုပ်ပေးအားနိုင်ပါ တော့မလဲရှင်။

တနှစ်တနှစ် သူတို့လုပ်ခဲ့တဲ့ “နေ့ကြီးငါးနေ့ – တို့မမေ့” ဆိုတာ ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက် လာတဲ့ (ရှစ်လေးလုံးကာလ) အထိပဲဟာ။ ချစ်ဆွေတို့ သိမှာပါ။

“လွတ်လပ်ရေးနေ့” “ပြည်ထောင်စုနေ့” “တော်လှန်ရေးနေ့” (နောင်မှာ တပ်မတော်နေ့လို့ ပြောင်း ခေါ်ရတဲ့နေ့) “အလုပ်သမားနေ့” “တောင်သူလယ်သမားနေ့” တွေပေါ့ရှင်။ မြန်မာနိုင်ငံ ကိုယ့်နိုင်ငံကို လွတ်လပ်စွာ ပြန်လည်ရနိုင်ဖို့ အရေး၊ အသက်တွေ ပေးခဲ့ကြတဲ့ သူရဲကောင်းတွေနဲ့ အမြဲတမ်း အနစ်နာခံ ဝန်းရံပေးနေကြရတဲ့ ပြည်သူလူထုတရပ်လုံးနဲ့ပါ ဆက်စပ်နေတဲ့ အဲဒီနေ့ကြီးတွေကို အလေးအနက်ထားရှိတဲ့ ပြည်သူ့ကြားမှာ မာအေးက ပါဝင်သင့်တယ်လို့ ယူဆတာမို့လည်း ရဲဆေးတင် ဝင်ရပ်တာပါရှင်။

အဲဒီနေ့ကြီးငါးနေ့မှာ နိုင်ငံတော်က ပွဲတော်ကြီးအဖြစ် ခင်းကျင်းခဲ့သေးတယ်လေ။ ကန်တော်ကြီး ကနေဒီကျွန်း၊ အင်းလျားက ကြက်ကျွန်းနဲ့ ကျိုက္ကဆံကွင်းတို့မှာပေါ့။ ပြည်ထောင်စုအလံတော် နိုင်ငံအနှံ့ ခရီးဆန့်တော့လည်း ရပ်နားသမျှ မြို့တွေ၊ ဖြတ်သွားသမျှ ရွာတွေကပါ အားလုံး မနားနိုင်ခဲ့ကြပါဘူး။ မာအေးတို့တွေလည်း နယ်မှာ ပွဲတော်လုပ်တဲ့ဆီအထိ လိုက်ပါ ကူညီခဲ့ကြရပါတယ်။ On Duty တောင်းပေးရတဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ နိုင်ငံတော်ကကြီးမှူးတဲ့ သည်ပွဲတော်ကြီးတွေမှာ ဂီတကောင်စီဟာ အများပြည်သူတို့အတွက် ဖျော်ဖြေရေးဖက်က တာဝန်ယူခဲ့ရပါတယ်ရှင်။ စင်ပေါ်ပွဲကြီး တထီးတနန်း လုပ်ရမယ်ဆိုတော့ အဆိုလေး အတီးလေးနဲ့တင်ထားလို့က မထူးခြားနိုင်ဘူး မဟုတ်လား။ ပြဇာတ်တို့ တေးသရုပ်ဖေါ်တို့ အငြိမ့်ခန်းတို့လည်းတွဲမှ ပရိသတ်သဘောဆန္ဒ ဝမ်းမြောက်ပျော်ရွှင် အားပေးချင်မှာလို့ ဆုံးဖြတ်ခဲ့ကြတာမို့ မာအေးတို့ ကပွဲစင်ဟာ ‘ဂီတပဒေသာ’ ရယ်လို့ နာမည်အစဉ် ဖြစ်သွားတော့ပါပဲ။

ဂီတပဒေသာ စင်တော်မှာ လူတိုင်း နှစ်သက်တာက ‘တေးသရုပ်ဖေါ် အစီအစဉ်’လို့ ပြောရမှာ ဖြစ်ပါတယ်။ ခေမာမိဖုရားကြီးအကြောင်း တင်ဆက်ခဲ့တဲ့ ‘အလှမာန ကျဆုံးခန်း’၊ ဗိမ္မိသာရ ဘုရင်ကြီးနဲ့ သားတော် အဇာတသတ်တို့ရဲ့ ဇာတ်လမ်း၊ ‘လမင်းသာချိန် နေကွယ်ချိန်’ တေးသရုပ်ဖေါ်၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့အဖိုး – အခု ဒီမိုကရေစီရေး ဆောင်ကျဉ်းပေးနေတဲ့ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးတော် – မင်းကြီးရွှေလရောင် ခေါ် ဗိုလ်မင်းရောင်ဇာတ်လမ်း၊ မိမာယာ တေးသရုပ်ဖေါ် စုံလို့ပါပဲ။ အဆိုတော်တွေကလဲ ဇာတ်ခုံပြည့်၊ အားလုံးဟာ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်ကား ကိုယ်စီး၊ ကုန်းကြောင်းခရီးလည်း မငြီးခဲ့ကြောင်းပါ။ ကဲရှင် … ဒီသီချင်းလေးတွေ နားထောင်ထားနှင့်ပါဦး၊ … နောက်တော့မှ ပြောတာပေါ့။

ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts