>Election Commision committing vovting frauds and let last minute campaigns after deadline

>

မဲစာရင်း ဖျောက်ထားခြင်း၊ လိုသလို ထပ်တိုးခြင်းများရှိနေဟု နိုင်ငံရေး ပါတီများကပြော
ကော်မရှင်၏ သတ်မှတ်ရက်ထက် ကျော်လွန်ပြီး မဲဆွယ်မှုများ ပြုလုပ်နေဆဲ
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၃ ၊ ၂၀၁၀
၂၀၁၀ ရွေးကောက်ပွဲကို တာဝန်ယူကျင်းပမည့် မြန်မာ စစ်အစိုးရအနေဖြင့် ၄င်းတို့ကိုယ်စားပြု  ကြံ့ဖွံ့ပါတီက မဲပိုမိုရရှိစေဖို့ စစ်အစိုးရ ခန့်အပ်သည့်ကော်မရှင်က ထုတ်ပြန်သည့် နည်းဥပဒေများကိုပင် လိုက်နာခြင်းမရှိပဲ အောက်ခြေအဆင့်တွင် လိုသလို ကျင့်သုံးလျက်ရှိသည်ဟု နိုင်ငံရေးပါတီများက ပြောသည်။
          ကြံ့ဖွံ့ပါတီအား ထောက်ခံမဲပေးနိုင်ခြေရှိသည့် ကျေးရွာ၊ ရပ်ကွက်များတွင် မဲစာရင်းကို ပြည့်ပြည့်စုံစုံ ကောက်ယူသကဲ့သို့၊  ကော်မရှင်က သတ်မှတ်ထားသည့် မဲစာရင်း ပြင်ဆင်ဖြည့်စွက်ခွင့် နောက်ဆုံးနေ့ ဖြစ်သည့် စက်တင်ဘာ ၂၆ ရက်နောက်ပိုင်းတွင်လည်း ထပ်မံဖြည့်စွက်မှုများ ပြုလုပ်နေသကဲ့သို့၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစု ပါတီနှင့် လူမျိုးစုပါတီများအား ထောက်ခံမှု အားကောင်းသည့် ကျေးရွာ၊ ရပ်ကွက်များတွင်မူ မဲစာရင်း တွင်ပါဝင်ရမည့်သူ ထောင်နှင့်ချီလျော့နည်းနေသည့် အဖြစ်များလည်း တပြိုင်နက်ထဲ ဖြစ်ပေါ်လျက်ရှိသည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင် တချို့၏ ပြောဆိုချက်အရ သိရသည်။
          မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဌဖြစ်သူ ဦးငွေသိန်းက ပြောရာတွင် “ကော့ဘိန်းရွာ ရောက်တော့ ရွာမှာ လူ ၂ထောင်လောက် မဲစာရင်းလျော့နေတာ သိရတယ်။ မဲစာရင်းမပါတဲ့သူတွေက လာပြောကြတာ၊ ရွာရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကိုမေးတော့လည်း ဟုတ်တယ်လို့ပြောတယ်။ မဲပေးမယ့် ရက်ကလည်း ကပ်နေပြီ ၊ ကျွန်တော်တော့ မြို့နယ်ကော်မရှင်နဲ့ ခရိုင်ကော်မရှင်တွေကို အသိပေး တင်ပြဖို့ ကျေးရွာ ကော်မရှင်ကို တိုက်တွန်းခဲ့တာပဲ၊ ဘယ်လိုလုပ်ကြမယ်တော့ မသိဘူး´´ဟုပြောသည်။ ကော့ဘိန်းကျေးရွာသည် ကရင်ပြည်နယ် တွင်ပါဝင်သော်လည်း မွန်လူမျိုး အများစုနေထိုင်ကြပြီး အမျိုးသားရေး အရ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ထောက်ခံမဲပေးလိမ့်မည်ဟု ခန့်မှန်းထားကြသည့် ရွာဖြစ်ပြီး အိမ်ခြေ ၃ထောင်ကျော်ရှိသည့် ရွာကြီးတရွာဖြစ်သည်။
          အထက်ပါကဲ့သို့ မဲစာရင်းနောက်တိုး လုပ်ဆောင်၍ မရသေးသည့် ကျေးရွာများ ရှိသော်လည်း သူတို့ရွာတွင် ယခုလကုန်ထိ နောက်တိုး စာရင်းလက်ခံလျက်ရှိသည်ဟု ကျိုက်မရောမြို့နယ် အတွင်းရှိ မွန်လူမျိုးများ နေထိုင်ကြသည့် ကျေးရွာတရွာမှ ရွာခံများက ပြောသည်။ “ကျွန်မတို့ရွာမှာတော့ ဒီရက်ပိုင်းအတွင်း ထိုင်းမှာ အလုပ်သွားလုပ်ရာက ပြန်ရောက်လာတဲ့သူ၊ ပြန်လာလည်သူတွေကို မဲစာရင်းမှာ ထပ်သွင်းပေးတယ်။ သူတို့မဲပေးခွင့် ရမယ်လို့ ရွာက ကော်မရှင်ကပြောတယ်။ ´´ဟုလည်း ပြောပြသည်။ သူတို့ရွာတွင် နေထိုင်သူအများစုက ကြံ့ဖွံ့ပါတီကို မဲပေးဖို့ အလားအလာများနေသည်ဟုလည်း အဆိုပါ ရွာတွင်နေထိုင်သည့် မ၀င်းက ပြောသည်။
ထို့အတူ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အစိုးရ၀န်ထမ်းများအား ကြိုတင်မဲ ပေးစေခြင်း၊ မဲစာရင်း တစ်နေရာထက်မက ပိုပြီးပါဝင်စေကာ ကြံ့ဖွံ့ပါတီအား မဲထည့်စေခြင်းနည်းတို့ဖြင့်လုပ်ဆောင်လျက်ရှိသည့် အထောက်အထားများလည်း ရှိနေကြောင်း ရန်ကုန်မြို့မှ အစိုးရ၀န်ထမ်း အငြိမ်းစားတဦးကပြောသည်။ သူ့အနေဖြင့် ရပ်ကွက်တခုတွင် မဲရုံဝန်ထမ်း အဖြင့် ပါဝင်ဆောင်ရွက်ရာတွင် အထက်ပါ အချက်အလက်များကို သိရခြင်းဖြစ်သည်ဟု ဆိုသည်။
          နအဖ စစ်အစိုးရက ခန့်အပ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည့် ဥပဒေနှင့် နည်းဥပဒေများအား အောက်ခြေ ကော်မရှင်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ကော်မရှင်ဝန်ထမ်းများက တိကျစွာ လိုက်နာ လုပ်ဆောင်ခြင်း မတွေ့ရပဲ အထက်ပါ မဲစာရင်းကိစ္စရပ်မှာကဲ့သို့ လိုလျင်လိုသလို ဆောင်ရွက်ခွင့် ပြုထားသည်ကိုတွေ့မြင်နေရသည်။
အခြားသော သာဓက တခုမှာ  ပြည်ထောင်စုကော်မရှင် ဥက္ကဌဖြစ်သူ ဦးသိန်းစိုးက မဲဆွယ်ခြင်း ခွင့်ပြုသည့်နောက်ဆုံးရက် အဖြစ် အောက်တိုဘာ ၃၁ ရက်ကို သတ်မှတ်ထားကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်နေ့က နေပြည်တော်သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ နိုဝင်ဘာ ၆ ရက်ထိ လုပ်ခွင့်ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ပါတီခေါင်းဆောင်များ၏ ပြောဆိုချက်အရ သိရသည်။ 
ပြည်နယ်၊ တိုင်းကော်မရှင်များကလည်း ၄င်းတို့အား မဲဆွယ်ပွဲ နောက်ဆုံးရက်နှင့် ပတ်သက်သည့် ညွှန်ကြားချက် တစုံတရာမျှ မရှိသည့် အတွက်မဲဆွယ်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ကိုယ်စားလှယ်လောင်းများက ပြောသည်။ အထက်ပါ အချက်ကို လေ့လာကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲ ကော်မရှင်သည် ၄င်းတို့ထုတ်ပြန်ထားသည့် ဥပဒေ နည်းဥပဒေများအား အလေးမထားပဲ လက်တွေ့ အကျိုးရလဒ် အပေါ်မူတည်ပြီး အရေးယူခြင်း မယူခြင်းကို ဆုံးဖြတ်လျက်ရှိသည့် သဘော ဖြစ်သည်ဟု ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေများအား နှံ့စပ်စွာ လေ့လာထားသူတဦးက ထောက်ပြသည်။ 
(Photo – USDP’s Campaign Poster at South Dagon Township, Rangoon, Burma)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts