>Mar Mar Aye – 352

>

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၅၂)

စန္ဒရား စိန်သောင်း
မာမာအေး
အောက်တိုဘာ ၂၅၊ ၂၀၁၀


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် – မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ပြီးခဲ့တဲ့ တပတ်က ကဗျာဆရာလေး မောင်ဆွေနွယ်ရဲ့ အလွမ်းစာကလေး ဓာတ်ပြားသီချင်း ဖြစ်လာတာနဲ့ အလင်္ကာ အရေးအသား ပုံစံတွေအပေါ် အလွမ်းရသ ထည့်နိုင်အောင် မာအေး တွေးခဲ့တာလေးတွေကို သူ့သီချင်းလေးနဲ့ တွဲပြီးး ပြောပြနေခဲ့တာ မဆုံးသေးပါဘူး။ အသံ ရသတွေဟာ စာပေါ်မှာလိုက်ပြီးတော့ ခံစား မြှင့်မြှင့်သွားရတာလေးတွေ သိရအောင် တတိယအပိုဒ်ကို ဆက်ပြီး နားထောင်ကြည့်ပါလားရှင်။

အိုကွယ် – – မေတ္တာတွေ ပျောက်သမျှအဆုံးဝယ်၊ သစ္စာရေ သောက်ပြဦးမယ်၊ မိုးအဖုံး မြေအထဲ သူ့ကိုဘဲ အချစ်ဆုံးပါကွယ် xxx မုန်းလဲ မမုန်းတီးရက်တာ၊ နာလဲ မနာကျည်းရက်တာ သိပါစေ ကြားပါစေတော့ အချစ်ဆုံး မုန်းသူရယ် xxx
(မေ့ဘ၀ တတိယပိုဒ်)


ဒီအလွမ်းပိုဒ်ကလေးကတော့ – ချစ်ရသူရဲ့ သဘောထားကို စေစားတဲ့ အလွမ်းချိုလေးပေါ့။ မေတ္တာတွေ ပျောက်သွားတဲ့ အဆုံးမှာတောင်မှ သစ္စာရေ သောက်ပြဦးမယ့်သူလေ၊ ဘယ်လိုမုန်းတီးရက်မှာလဲ၊ ဘယ်လို နာကျည်းရမှာလဲ ကိုယ့်အချစ်ဆုံး၊ ကိုယ့်ကိုမုန်းတဲ့သူရယ် – မင်းသိပါစေ – ကြားပါစေ – ဒီတမိုးအောက်မှာတော့ မင်းတယောက်သာ ဒီက အချစ်ဆုံးဆိုတဲ့သဘောကိုး၊ ပူပန်စိတ်နဲ့ လွမ်းရိပ်သန်းတာလောက်ပဲ လွမ်းသံနဲ့ဆိုထားခဲ့တာပါဘဲရှင်။

ဒီနေရာမှာ ဗမာတူရိယာ ပညာရှင်တွေရဲ့ အခန်းကလဲ အရေးကြီးပါတယ်။ သူတို့လဲဘဲ အဆိုတော်ရဲ့ အသံ ဟန်ပန် ခံစားတဲ့ သရုပ်သကန်ကို သီချင်းရဲ့တေးသွားအရ ဖော့ဖော့လေးလိုက်ပေးတာတို့ လက်ကွက် လက်သံ လှလှလေးတွေ ရှာဖွေ ပေါင်းစပ် တီးခတ်တာတို့ အဲဒီ ဓာတ်ပြားတွေ ကြွေတော့မယ့်ခေတ်မှာ ရှိလာတာကိုလဲ ကြားရပါတယ်။ အခုဆိုခဲ့တဲ့ အပိုဒ်ကို ပြန်တီးတဲ့ တီးလုံးမှာ မာအေးခံစားရတာမို့ သဘောတူမတူ လက်သံတွေ ဘယ်လိုယူလာတာလဲ နားစွဲအောင် ထောင်စမ်းပါဦးနော်။

(တတိယပိုဒ် အတီးလုံး)

အဲဒါ – မေ့ဘ၀ ခဏ ဘယ်သူယူပါ့မယ် သီချင်း၊ ဓာတ်ပြားနောက်တခြမ်းမှာ တီးထားတဲ့ တီးလုံးဘဲ။ ဒီဓာတ်ပြားကို ဦးဆောင် တီးခတ်တဲ့သူကတော့ စန္ဒရားစိန်သောင်း ဖြစ်ပါတယ်။ သူဟာ မူလက ရွာစားကျော် စိန်သောင်း ပေါ့ရှင်။ ဆိုင်းအဖွဲ့ သီးသန့်ထောင်ပြီး ဗလာဆိုင်းမျိုး တီးတာတော့ မာအေးမကြုံခဲ့ရဖူးပါဘူး။ ဇာတ်သဘင်ပွဲတွေမှာ ဇာတ်ပို့ဝါရင့်လာတဲ့ ရွာစားမျိုးပါရှင်။ မာအေးရဲ့ ဦးလေး အငယ်ဆုံး စန္ဒရားရွှေခယ်လှိုင်နဲ့အတူ တဇာတ်ထဲ အလုပ်လုပ်ကြစဉ်က ကူညီတီးခတ်ရင်း လေ့ကျင့်လာခဲ့တာလို့ သိခဲ့ရပါတယ်။ မာအေးနဲ့ အသံသွင်းဖို့ ဆုံကြတဲ့ အချိန်မှာတော့ မာအေးရဲ့ ဓာတ်ပြား ကုမ္ပဏီပိုင်ရှင် ဒေါ်သန်းရင် တည်ထောင်တဲ့ “ပန်တျာကြည်လင်ဇာတ်အဖွဲ့” မှာ ဂီတ တာဝန်ခံ ဖြစ်နေပါပြီ။ ဆိုင်းဘဲ တီးတီး၊ စန္ဒရားဘဲ တီးတီး နားမညီးတဲ့ ပညာရှင်ပါဘဲ။ ၁၉၆၃ ခုနှစ် နောက်ပိုင်း မာအေးဆိုတဲ့ ဓာတ်ပြားသီချင်း ကိုးဆယ်ရာနှုန်းကို စန္ဒရားစိန်သောင်း တီးခတ်ခဲ့ပါတယ်ရှင်။ အဆိုကို ပို့တီးခတ်ပေးတတ်တဲ့ စန္ဒရားဆရာမျိုးပါရှင်။ အတီးတို့ရဲ့ သဘောသဘာဝကို သိစေချင်တာနဲ့ ပြောနေမိလို့ လွမ်းဖို့ပျောက်မှာ စိုးရသေးလို့ ဆက်နားထောင်ပါစို့ရှင်။

မုန်းသူရင်ထဲက အချစ်ကိုမှ ကိုယ်က လိုချင်တယ်၊ လစန္ဒာ ငွေစင်ပုလဲ မြကန်သာ ရေပြင်ထဲ ရှိနိုးနဲ့ရယ်၊ ပိုက်ဆွဲယူသော မိုက်မဲသူ တံငါသည်လိုဘဲကွယ်၊ တကိုယ်ထဲ အမိုက်ဒဏ် ရှိုက်သံဖုံး ယူကျုံးမရနိုင်တယ်၊ ကြင်ဖေါ်တွဲသူတို့အလယ် ကြင်ဖေါ်ကွဲသူလေး မျက်နှာငယ်၊ ပူဗျာနွယ် ဘ၀အဆွေး၊ လူတကာလည် ခဏပေးလဲ – – – ၊ ယူမယ့်သူမရှိ၊ ကူမဲ့သူမရှိ၊ ပင်ပမ်းပါဘီ၊ နွမ်းပါဘီ၊ လွမ်းပါဘီ၊ တယောက်ထဲရယ် – – – xxx
( မေ့ဘ၀ – စတုတ္ထပိုဒ်)


ဒီတပိုဒ်ကတော့ သီချင်းတပုဒ်လုံးရဲ့ နိဂုံးအချုပ် ဖြစ်တဲ့အတွက် ရသမျှ ဆိုကွက်၊ အဖြစ်နိုင်ဆုံးခံစားချက်၊ နောက်ဆုံးစာသားအချမှာ လွမ်းမောကျန်ရစ်အောင် ကြေကွဲတဲ့အသံ၊ ရင်ခေါင်းတွင်းက ထုတ်လိုက်တဲ့အသံမျိုးနဲ့ အဆုံးသတ်ပေးခဲ့ပါတယ်။ ဒါတွေဟာ အလွမ်းသီချင်း တပုဒ်ကို တဆင့်ချင်း အရှိန်တက်နေအောင် ဘယ်လိုဆိုမှ ဖြစ်လာနိုင်သလဲ ဆိုတာ သိရအောင် အဆို ဖေါ်ကောင်လုပ်နေတာပေါ့။ မသိသူကျော်သွားလို့တော့ မပြောချင်ပါဘူး။ ခံစားတတ်အောင် ကျိုးစားလို့တော့ ပြောသင့်တယ် မဟုတ်လားရှင်။

ကောင်းပါပြီ၊ အခု မာအေးက အလွမ်းတွေ အမျိုးမျိုးအဖုံဖုံ ရှိတဲ့အနက် အမေ့နို့ဖိုး တေးသရုပ်ဖေါ်က အလွမ်း ဆိုရင် ဇာတ်ကြီးတွေ ကတဲ့ အထဲမှာ လွမ်းတဲ့ အလွမ်းပုံစံ ပြောငိုတွေ ဘာတွေနဲ့ သားလုပ်တဲ့သူ ကလန်ကဆန် လုပ်ပုံကြောင့် ရှက်နာနာနဲ့ ငိုတာမျိုး နဲ့ ဒီကနေ့ အလွမ်းကတော့ ချစ်ကြပြီးတဲ့သူချင်း အမုန်းမျှားနဲ့ ခွင်း ခွဲခွာခြင်းခံနေရတဲ့ မိန်းခလေးတယောက်က သူ့ချစ်သူအပေါ် ဘယ်လို သတိရတယ် ဆိုတဲ့ အချိန်တွေကို ပန်းနဲ့ ပုံထားရင်တောင် ရှမ်းရိုးမတောင်တွေလောက် ရှိမယ်၊ မျက်ရည်လဲ ချောင်းဖြစ်တော့မယ်၊ မိန်းခလေးမို့ ဖြေမသာသော်လဲ နေချင်ရာ နေမရဘူး၊ မရမှန်းသိတာကိုမှ လိုချင်မိတဲ့အဖြစ်က ပင်ပမ်းတယ် ရင်နွမ်းတယ် နဲ့ ခင် အလွမ်းသည်လေး ဘ၀ကို ငိုပြတာမျိုး ဖြစ်ပါတယ်၊ နောက်မှ ထပ်ပြောဦးမယ်လေ။

(ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြသည်။ http://www.bbc.co.uk/burmese/programmes/2010/10/101021_mmaye21.shtml တွင်လဲ နားဆင်နိုင်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts