ဟံသာဝတီ ဦးဝင်းတင်

Question for U Win Tin – Burmese has its own internet, Burmese version

>

မိုးပေါ်မှာ ကမ္ဘာ့ကြီးရဲ့ အင်တာနက် ရှိတယ်၊
မြန်မာပြည်မှာတော့ မြေလျှောက်တဲ့ မြန်မာ့အင်တာနက် ရှိတယ်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မေ ၅၊ ၂၀၁၁
ဒီတပတ်ဆရာဦးဝင်းတင်နဲ့ တွေ့တဲ့ဆီမှာ မြန်မာပြည်ရဲ့ စာနယ်ဇင်း၊ မီဒီယာနဲ့ အင်တာနက် လွတ်လပ်ခွင့် အခြေအနေကို ပြောဖြစ်ပါတယ်။ နိုင်ငံတကာက စာနယ်ဇင်း လွတ်လပ်ခွင့်၊ အင်တာနက် လှုပ်ရှားခွင့်တွေ အကြောင်း ပြောဆိုနေချိန်၊ ကမ္ဘာနိုင်ငံအသီးသီးမှာ နိုင်ငံသားတွေကိုယ်တိုင်က အုပ်ချူပ်သူတွေ၊ အရင်းရှင်ကြီးတွေ၊ အာဏာရှင်တွေလက်ထဲက မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို ပြန်လည် ရယူ၊ တိုက်ယူနေချိန်မှာ မြန်မာပြည်ကလည်း အမည်မဖော်တဲ့ ဘလော့ဂါတွေ၊ စီတီဇင်ဂျာနယ်လစ်တွေကလည်း မြန်မာ့အရေးနဲ့ လွတ်လပ်ခွင့်တွေကို ထုတ်ဖော်နေကြတယ်၊ ပြောဆိုနေကြတယ်။ လှုပ်ရှားမှုတွေ၊ လှုံဆော်စည်းရုံးမှုတွေ လုပ်နေကြပါတယ်။
ပထမဆုံးမေးချင်တာက ပင်မရေစီးစာနယ်ဇင်းတွေကို စစ်အုပ်စုက ထိန်းချူပ်ထားမြဲဖြစ်တော့ မြန်မာပရိသတ်နဲ့ စာနယ်ဇင်းသမားတွေ၊ မျိုးဆက် ဟောင်း/သစ် လှုပ်ရှားသူတွေအတွက် “တဖက်တလမ်းစာနယ်ဇင်းမျက်နှာစာ” ဆိုတာ အင်တာနက်မီဒီယံ ဖြစ်လာသလား ဆိုတာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ကျနော့်အနေနဲ့ကတော့ အင်တာနက်တွေ ဘာတွေလည်း ကိုယ်တိုင်ကိုယ်ကျ မသုံးဖူးဘူး၊ မြင်လည်း မမြင်ဖူးပါဘူး။ သူများ အပြောနဲ့ အကြားနဲ့ပဲ သိတဲ့သူပါဗျာ။ ဒါပေမယ့် ကျနော်တို့ ပတ်ဝန်းကျင်မှာ မြို့တွေ နယ်တွေမှာ ရေဒီယိုတွေကနေ သတင်းတွေ စာတွေ နားထောင်နေကြတာအပြင် အင်တာနက်က သတင်းတွေ၊ စာတွေ လက်ဆင့်ကမ်းနေကြတာတွေ၊ ဖတ်နေကြတာတွေကို တွေ့မြင်နေရတော့ အဲသည်လို ပြောနိုင်ပါတယ်။ မြန်မာပြည်တွင်းက စာနယ်ဇင်းတွေမှာ လွတ်လပ်မှုတွေ မရှိဘူး၊ ချူပ်ချယ်ဖိနှိပ်မှုတွေ ရှိနေသမျှမှာ ခင်ဗျားတို့ရဲ့ ဘလော့ဂ်တွေ၊ ဖေ့စ်ဘွတ်တွေ၊ တွစ်တာတွေ၊ အီးမေးတွေနဲ့ သတင်းပို့တာ၊ အတွေးအမြင်တွေ ဖော်ထုတ်တာတွေဟာ မြန်မာပရိသတ်အတွက် “တဖက်တလမ်းစာနယ်ဇင်း”တွေ ဖြစ်နေမှာ ဖြစ်ပါတယ်။
ဒီလိုမျို မြန်မာပြည်တွင်း ပြည်ပက အင်တာနက်မီဒီယံက ခရီးရောက်မှုနဲ့ နိုင်ငံတကာက အင်တာနက်စာနယ်ဇင်း၊ စီတီဇင်ဂျာနယ်လစ်တွေနဲ့ ဘယ်လို ဆက်စပ်သင့်တယ် ထင်သလဲ ဆရာ။
မြန်မာပြည်တွင်း ပြည်ပက မြန်မာဘလော့ဂါတွေ၊ မြန်မာအင်တာနက်သမားတွေ၊ စီတင်ဇင်ဂျာနယ်လစ်တွေဟာ မိတ်ဆွေတွေ၊ ကွန်ယက်တွေအဖြစ်နဲ့ သတင်းတွေ၊ နည်းပညာတွေ မျှဝေကြတယ်၊ သတင်းပို့ကြတယ်။ ဒါတွေကို ပြည်ပရေဒီယိုတွေ၊ ပြည်ပမြန်မာဝက်ဆိုက်တွေက စောင့်ကြည့်ပြီး၊ နားစွင့်ပြီး သတင်းလိုက်ကြတယ်၊ သတင်းပြန်ပို့ကြတယ်၊ ပြည်သူတွေဆီကို လက်ဆင့်ကမ်း ရောက်ရှိတယ်။ ဒီလိုမျိုးနဲ့ ဖြန့်ချိတယ်လို့ ကျနော်တို့က မြင်ပါတယ်။ အဲသည် ကွန်ယက်ကနေ အခြားနိုင်ငံတကာ ဘလော့ဂါတွေ၊ နိုင်ငံတကာအင်တာနက်သမားတွေ၊ စီတင်ဇင်ဂျာနယ်လစ်တွေနဲ့ ချဲ့ထွင်ဖို့ လိုတယ်။ ဘာသာစကားအရ ကျနော်တို့က မြန်မာလိုပဲ ရေးသား ဖြန့်ချိ တင်ပြနေသလို၊ သူတို့တွေကလည်း သူတို့ဘာသာစကားနဲ့ လှုပ်ရှားနေကြတာဖြစ်သော်လည်း သူတို့ကွန်ယက်တွေနဲ့ ကျနော်တို့ကွန်ယက်တွေ ထိစပ်မှုရှိလာရင် သတင်းဖြန့်ကျက်မှု၊ အသိပညာ မျှဝေမှုတွေ တိုးတက်လာမယ်။ ကျနော်တို့တွေရဲ့ လှုပ်ရှားမှုတွေကို သူတို့က ၀န်းယံသလို သူတို့လှုပ်ရှားမှုတွေကိုလည်း ကျနော်တို့တွေဖက်ကလည်း ၀ိုင်းဝန်းလို့ ရမယ်။ ဒီလိုမျိုး မြင်ပါတယ်။
ကျနော်တို့ဆီက ဘလော့ဂါတွေ၊ ဖေ့ဘွတ်မိတ်ဆွေတွေ၊ အီးမေးဖြန့်ချိသူတွေကို သူတို့က ဘယ်လိုမျိုး သိနေမှာလဲ၊ ဆက်စပ်ချဲ့ထွင်လို့ ရမှာလဲ ဆရာ။
ခင်ဗျားတို့ကိုယ်တိုင်က နမူနာပဲလို့ ပြောချင်ပါတယ်။ မိုးမခဆိုတာ ဘလော့ဂ်တွေ၊ ဖေ့ဘွတ်တွေ၊ အီးမေးတွေကနေ လာတာပဲ မဟုတ်လား။ ခင်ဗျားတို့ကို ဘလော့ဂါတွေလို သဘောထားပြီး ကျနော်တို့က လက်ခံနေကြတာပဲလေ။ ခင်ဗျားတို့ဆီမှာလည်း ပြည်တွင်းပြည်ပ မိတ်ဆွေတွေကို စာရင်းတွေ လုပ်ထား၊ နိုင်ငံတကာက မေးလာရင်လည်း ညွှန်းဆိုပေးတာမျိုးတွေ လုပ်ပါ။ အခု ပြည်ပရေဒီယိုတွေမှာ ဘလော့ဂါတွေရဲ့ အသံတွေ၊ အကြောင်းတွေ ပြောဆိုနေတာတွေ ရှိတယ် မဟုတ်လား။ မိတ်ဆက်ကြပါ။ ဒါဆိုရင် တခုခုဆိုရင် ပြည်ပက ပင်မမီဒီယာကြီးတွေက ဘယ်သူတွေ ဘယ်ဘလော့ဂ်တွေ ဘယ်ဟာတွေကို စောင့်ကြည့်ရမယ်၊ ဆက်သွယ်ပြီး မေးမြန်းရမယ် ဆိုတာကို သိလာမယ် ထင်ပါတယ်။
မြန်မာပြည်က အင်တာနက် စာနယ်ဇင်းသမားတွေ မျိုးဆက်တွေက ဒီင်္လောက် နှေးကွေးတဲ့ အင်တာနက်၊ ဒီလောက် ဈေးကြီးတဲ့ အင်တာနက်၊ စစ်အုပ်စုကိုယ်တိုင်က နည်းမျိုးစုံနဲ့ ဖိနှိပ် ကန့်သတ် နှိမ်နင်းနေတဲ့ အင်တာနက်ကို သုံးပြီး သတင်းတွေ၊ စာတွေ ပို့နေတယ်၊ သတင်းတွေ စာတွေ ရယူ ဖတ်ရှုနေတယ် ဆိုတာ နိုင်ငံတကာက အမြန်နှုန်းတွေ၊ အခြေအနေတွေ၊ ဈေးနှုန်းတွေနဲ့ နှိုင်းစာလိုက်ရင် အတော်ကို ကြီးမားတဲ့ စွန့်စားမှုဖြစ်တယ်၊ ရဲရင့်မှုဖြစ်တယ်လို့ ပြောလို့ ရတာပေါ့ ဆရာ။
ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်က မျက်စိလည်း မကောင်းဘူး၊ အသက်ကလည်း ကြီးပြီဆိုတော့ စာလုံးလေးတွေကို မဖတ်နိုင်ဘူး၊ ဘယ်က ဘယ်လို လုပ်ပြီး ဖတ်ရတယ်၊ လုပ်ရတယ်လဲ မသိဘူး။ ဒါပေမယ့် ကျနော့်ပတ်ဝန်းကျင်မှာ လူကြီး လူငယ်တွေ၊ ကျနော်တို့ ကွန်ယက်တွေထဲက သူတွေမှာ ဒါကို ဂရုတစိုက်နဲ့ လုပ်နေတယ်၊ ဖတ်ရှုတယ်၊ မျှဝေကြတာကို တွေ့နေရတယ်။ အဖမ်းခံရသူတွေထဲမှာ အစောဆုံးတဦးဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ဆိုတာ အခုဆို ရပ်ဝေးထောင်မှာ နှစ်ရှည်ကျခံနေရတယ်။ ဒါပေမယ့် လူငယ်တွေ လူကြီးတွေ အားလုံးက နောက်တွန့်သွားတယ် မရှိဘူး၊ သူတို့သတင်းတွေ စာတွေကို နေ့စဉ် ဖတ်နေရတာပဲ။ ဖြစ်တဲ့နည်းနဲ့ အရောက်ပို့တယ်၊ ဖြစ်တဲ့နည်းနဲ့ ပြည်တွင်းကို အရောက်ပြန်လာတယ်၊ ဖြန့်တယ်။ ကျနော်မြင်နေရာတာပဲ။ အီးမေးတွေက ရတဲ့ စာတွေ သတင်းတွေကို ပရင့်ထုတ်လာပြီးတော့ လက်ဆင့်ကမ်းနေကြတာ။ ကျနော်လည်း သူတို့တွေကို အားပေးတယ်၊ ဂုဏ်ယူတယ်။ ကျနော်က သူတို့ကို ကျနော့်ရှိတဲ့ ငွေလေးနဲ့ မုန့်ဖိုးဖြစ်ဖြစ် တခုခုပြန်ပေးတယ်။ သူတို့ကို ကျနော်တို့က ကျေးဇူးတင်တဲ့ သဘောပေါ့ဗျာ။ တခါတခါတွေ့လိုက်ရရင် ပရင့်ထုတ်ထားတာ စာမျက်နှာ ၃၀၊ ၄၀ ရှိတယ်။
ဆိုတော့ ကဗျာဆန်ဆန်ပြောရရင် စွန်လွှတ်လိုက်သလိုပေါ့ဆရာ၊ မိုးကောင်းကင်အကျယ်ကြီးထဲကို စွန်လွှတ်လိုက်တယ်။ စွန်က လွှင့်သွားလိုက်တာ မိုးပေါ်မှာ ပြန်မမြင်ရတော့ဘူး။ ဘယ်ကို ရောက်သွားမှန်းတောင် မသိရဘူး။ သို့သော်လည်း သည်စွန်လေးတွေကို မြေကြီးပေါ်မှာ ပြန်ရောက်နေတာ၊ သွားလာနေတာ ပြန်တွေ့ရတယ်။ အဲသည်လိုမျူိး ပြောလို့ရမလား။
အေးပေါ့။ မင်းတို့ အင်တာနက်ဆိုတာက ကျနော်တို့ အလှမ်းမမီတဲ့ မိုးပေါ်လို့ပဲ ပြောကြပါစို့ကွာ။ ကျနော်တို့ကို်ယ်တိုင် မော့ကြည့် မျှော်ကြည့်လို့ မြင်ရတယ် မရှိပါဘူး။ သို့သော် အင်တာနယ်စာနယ်ဇင်း မျိုးဆက်တွေ လွှင့်တင်လိုက်တဲ့ မိုးပေါ်က သတင်းတွေ စာတွေဆိုတာက မြေကြီးပေါ်ကို နည်းအမျိုးမျိုးနဲ့ ပြန်ရောက်လာတယ်။ ကျနော်တို့ဆီမှာ မြေလျှောက်အင်တာနက်တွေ ရှိတယ်။ ပရင့်အောက်တွေထုတ်၊ လက်ဆင့်ကမ်းပြီး ဖြန့်ကြ၊ ဖတ်ကြတာတွေ ရှိတယ်။ ဒါတွေဟာ ကျနော်တို့ နေ့စဉ်ဘ၀တွေမှာ လည်ပတ်နေတယ်လို့ ပြောလို့ရတယ်။
      ဆရာကိုယ်တိုင်ကော မြေလျှောက်အင်တာနက်စာတွေ ပြန်ဖတ်ရတာ၊ ကြားသိရတာတွေကို ပြန်ပြောပြနိုင်မလား။
     မနှစ်က ခင်ဗျားတို့ မိုးမခက ဟုတ်လား၊ ကျနော်နဲ့ အင်တာဗျူးတွေကို စုပြီး အီးဘုတ်လုပ်တယ်လို့ ဆိုတယ်။ ကျနော်လည်း ဘာမှ မရဘူး။ သို့သော် ၁ ရက် ၂ ရက်လောက်အတွင်းမှာ ရန်ကုန်မှာ အဲသည်အီးဘုတ်ကို ပရင့်ထုတ်ပြီး စာအုပ်ချူပ်ပြီး ဖြန့်ကြတယ်၊ ရောင်းတောင် ရောင်းတယ်။ ကျနော်တောင်မှ တအုပ်ကို ကျပ် ၁ ထောင်လား နဲ့ ပြန်ဝယ်ဖတ်ရတယ်။ နောက်ပိုင်း တချို့အင်တာနက်က စာတွေ ပြန့်တယ်၊ ဖြန့်တယ်၊ ကျနော်တို့ကို ဝေဖန်တဲ့ စာတွေ ပြန်ဖတ်ရတယ်။ ပြည်တွင်းကနေ ဝေဖန်တာ၊ ပြည်ပကနေ ဝေဖန်တာတွေ ကျနော်တို့ ပြန်ကြားတယ်၊ ဖတ်ရတယ်။ ဒါတွေ အများကြီးရှိတယ်။ အစိုးရဆီက စာတွေ ဘာတွေ ပရင့်ထုတ်ပြီး လက်ဆင့်ကမ်း ဖတ်ကြတာတွေ ရှိတယ်။ တခါတခါ လာလိုက်ရင် စာမျက်နှာတွေက အထူကြီးတွေ။ ဒီလိုမျိုး မြေလျှောက်အင်တာနက်တွေ မြန်မာပြည်အနှံ့မှာ ရှိတယ်။ နယ်ကလူတွေလာတယ်နော်၊ သူတို့ဆီမှာ ဒါတွေ လက်ထဲမှာ ပါလာတယ်။ သူတို့ဆီမှာလည်း ပြန့်နေ ဖြန့်နေတာပဲ။ ဒါကြောင့် တဖက်တလမ်းစာနယ်ဇင်းစာမျက်နှာတွေကို မြန်မာပြည်သူတွေကိုယ်တိုင်က အားပေးတယ်၊ ကိုယ်ထူကိုယ်ထ စာနယ်ဇင်းစနစ်သစ်လို့တောင် ပြောရင်ရမယ်။
ဆရာတို့ဆီက အင်န်အယ်ဒီပါတီဝင်တွေကိုယ်တိုင်က သတင်းပြန်ကြားရေးတွေမှာ အဲသည် နည်းစနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးပြီလား၊ ဘယ်သူတွေက ပိုပြီး သုံးကြတာတွေ့သလဲ ဆရာ။
         ကျနော် မြင်သလောက် ပြောရရင် ၈၈ မျူိးဆက်တွေ၊ ကွန်ယက်နဲ့ မိတ်ဆွေတွေထဲက လူကြီး၊ လူငယ်တွေ၊ မျိုးဆက်သစ်တွေက ပိုပြီး သုံးကြတာကို တွေ့ရပါတယ်။ မီဒီယာကသူတွေလည်း အတော် နီးစပ်ကြတာ တွေ့ရပါတယ်။ လူငယ်တွေက ပိုပြီး ရင်းနှီးကျွမ်းဝင်ကြတာကို တွေ့ရတယ်။ ကျနော်တို့တတွေဆီမှာက စစ်အုပ်စုက အနီးကပ်စောင့်ကြည့်နေတာတွေ၊ ကန့်သတ် တားဆီးတာတွေက မသိမသာကော၊ သိသိသာသာကော ရှိနေတော့ အများစုထက်စာရင်တော့ ကျနော်တို့က နဲနဲလှမ်းတယ်လို့ ပြောရမယ်။ အခုဆို ကျနော်ကိုယ်တိုင်က နေစရာ မရှိဘူးလေ။ အမျိုးတွေ မိသားစုတွေအိမ်မှာ လှည့်ပြီး ဧည့်စာရင်းတိုင်ပြီး နေရတယ်။ ရှိတဲ့ ဖုန်းဆိုတာကလည်း ပြောလို့ရလိုက်၊ ပြောလို့ မရလိုက်နဲ့။ ဘာတွေ ဖြစ်နေတယ် မသိဘူး။ ကျနော်တို့ ပြန်ကြားရေးက အမြဲ ကြည့်လုပ်ပေးနေရတယ်။ အခု ဖုန်းတွေထဲမှာ အင်တာနက် ထည့်ထားတယ်လို့သာ ပြောတာ ကျနော်ကိုယ်တိုင်လည်း ဘယ်လို ဖွင့်ကြည့်ရမှန်းမသိဘူး။ ဖွင့်မရပြန်ရင်လည်း ဒါက အစိုးရက ပိတ်ထားလို့လား၊ ကိုယ်တိုင် မလုပ်တတ်လို့လား ဘယ်လို ခွဲခြားရမှန်း မသိဘူး။ ကိုယ်မလုပ်တတ်တာနဲ့ လက်လှမ်းမမီတာနဲ့တော့ စီတီဇင်ဂျာနယ်လစ်တွေရဲ့အလုပ်တွေ ခရီးရောက်တာ ထိရောက်တာတွေကို ငြင်းပယ်နေလို့တော့မရဘူးပေါ့။ အဖက်ဖက်က လှုံ့ဆော်မှုတွေ ဖြန့်ချိမှုတွေ ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဆရာအနေနဲ့ ပြောရမယ်ဆိုရင်ပေါ့လေ၊ မြန်မာပြည်အတွက် အင်တာနက်မီဒီယာကို ဒီလောက် ပိတ်ဆို့ တားဆီး ပိတ်ပင်ထားတဲ့ ကြားထဲက မြန်မာပြည်ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်လို့ မြင်သလား။
      မြင်ပါတယ်။ မျိုးဆက်တွေ အားလုံး၊ လူငယ် လူကြီးတွေ အားလုံးအတွက် သတင်း၊ စာနယ်ဇင်း ပြတင်းပေါက်ဖြစ်ရုံတင်သာမကဘူး၊ နေ့စဉ် လူမှုဘ၀တွေအတွက် ဗဟုသုတတွေ၊ ပညာရေးတွေ နည်းပညာ လေ့လာသင်ယူစရာ၊ နိုင်ငံတကာက မိတ်ဆွေအင်တာနက်မျိုးဆက်တွေနဲ့ ချိတ်ဆက် ဖြန့်ကျက်စရာ တခါးပေါက်အဖြစ် မြင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts