>Aung Tha Nge’s Poem – 23

>


နှင်းတွေကြားမှာ ကျနော်ဟာ အေးခဲနေပြီ မေမေ ….

အောင်သာငယ်

မေ ၅၊ ၂၀၁၁

နှင်းတွေကျခဲ့ဖူးသလား ….
ကျနော် မသိဘူး မေမေ …

မျက်ရည်တွေ ကျခဲ့ဖူးတာတော့ကျနော် သေချာတယ် …
ကျနော့် အပြာရောင်ဖန်ခွက်ကလေး ကျကွဲသွားတာလည်း သေချာတယ် …
နှစ်ယောက်အတူ သိမ်းပိုက်ထားခဲ့ဖူးတဲ့ ခံတပ်မြို့ကလေးကနေ
ကျနော် တယောက်တည်း ဆုတ်ခွာ နှုတ်ထွက်ပေးလိုက်ရတာကလည်း ကျိန်းသေတယ် …

စမ်းချောင်းကလေးကတော့ စီးနေဆဲပါပဲ …
နာရီတွေကလည်း လည်နေဆဲ …
ဒါမှ မဟုတ် ဆက်လက်သွားနေမြဲ …
ကျနော်ကသာ ရပ်တန့်အေးခဲလို့နေပေါ့ …

လက်သည်းတွေဝှက်ထားတဲ့ ကြောင်ကလေးတကောင်
အဲသည် အမှောင်ထဲ သေဆုံးခဲ့ပေါ့ … မေမေ …
သူ အစာငတ်ခံရင်း သေဆုံးခဲ့ရတာကို ဘယ်သူသိမတဲ့လဲ …

ဘယ်သူ သိ-သိ- မသိ-သိ… သူသေဆုံးခဲ့ပြီ …
သေခြင်းတရားဆိုတာ အဆုံးသပ်လား …

သေဆုံးသွားလည်း
ပါးစပ်ရာဇ၀င်လေးတွေကတော့ ကျန်ရစ်နေခဲ့ဦးမယ် …
မနော် … ပြောဖူးတဲ့ လက်တမ်းပုံပြင်လေးတွေ …

နှင်းတွေ ဘာလို့ကျခဲ့ကြပါလိမ့် … မေမေ…
ကမ္ဘာမြေမှာလည်း နှင်းတွေ ဘာလို့ရှိခဲ့ကြပါလိမ့် ….
ဟောသည့် ကမ္ဘာမြေမှာ နှင်းတွေသာမရှိခဲ့ဖူးဘူးဆိုရင်
ကျနော်တို့ဟာ
နှင်းတွေကျစရာ မလိုတော့ပါဘူး … မေမေ …။

သရုပ်ဖော် – အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts