>Zawari (Mary Land) – No Confidence At All

>

ဘယ်လိုမှ လက်ခံ မယုံကြည်ပါ
ဇာဝါရီ (မယ်ရီလန်)
အောက်တိုဘာ ၂၆၊ ၂၀၁၀

အခုနာရီပိုင်းအတွင်း ထိုင်းသီချင်းတပုဒ် နားထောင်ဖြစ်ပြီး ဒီဆောင်းပါး ရေးဖို့ ဖြစ်လာခဲ့တယ်။ ထိုင်း ပေါ့ ရော့ခ် နံမည်ကြီး အဆိုတော် ဘတ်ဒ် ထုံချိန် (‘Bird’ Tongchai) နဲ့ လိုဆို (Loso) တို့ တွဲဆိုထားတဲ့ ဥံဖလမှ ဖု့ကော့ မိုက်ချူရက် (อมพระมาพูดก็ไม่เชื่อ)” သီချင်းဖြစ်တယ်။ မြန်မာလို တိုက်ရိုက်အဓိပ္ပါယ်ပြန်ရင် ဘုရားရုပ်ပွားတော်ကို ပါးစပ်ထဲငုံပြီး ကျိန်ဆိုပြောတောင် မယုံဘူးဖြစ်ပါတယ်။

ပြည်သူတွေ တခဲနက် ဆန္ဒမဲပေးပြီး ရွေးချယ်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၊ သမိုင်းဖျက် မေ့ဖျောက်ခိုင်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ ဒီမိုကရေစီခေါင်းဆောင်တွေကို မတရား ဖမ်းဆီးချုပ်နှောင်း၊ ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်အကျဉ်းချ၊ ဒီမိုကရေစီ အင်အားစုတွေကို ကန့်သတ်ချက် မတရားဥပဒေတွေနဲ့ တားမြစ်ဟန့်တားပြီး တပ်မတော် စစ်အစိုးရ အာဏာဆက်မြဲရေး အကွက်ချထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျုပ်တို့ပြည်သူတွေက ပါဝင်ဆင်နွှဲ မဲပေးရမလား ?

နှစ်ပေါင်းများစွာ အလိမ်အညာ လည့်စားမှု၊ သွေးစုတ်ချယ်လှယ် ဖိနှိပ်ချူပ်ခြယ်မှုများနဲ့ တိုင်းပြည်ကို မွဲပြာအောင်လုပ်၊ ပြည်သူပြည်သားဘဝတွေကို ကြေမွဖျက်ဆီးလုပ်နေခဲ့တဲ့ အာဏာရှင်တစုက နှစ်ပေါင်းများစွာ အချိန်ယူ တဖတ်သတ် ပြဌာန်းရေးဆွဲပြည်သူတွေ နာဂစ်မုန်တိုင်းကြောင့် သိန်းနဲ့ချီ သေကြေနေတဲ့အချိန်ကာလမှာ  အတင်းအဓမ္မ မဲဆန္ဒကောက်ယူ ၉၀ ရာခိုင်နှုန်းကျော် ဆန္ဒပြုမဲပေးခဲ့တယ်ဆိုပြီး အရှက်မရှိ အတည်ပြုလိုက်တဲ့ ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံဥပဒေကို ပြည်သူပြည်သားတွေက လက်ခံယုံကြည် အတည်ပြုပေးရမလား ?

အာဏာရှင် လက်ဝေခံ ကြံ့ဖွံ့ပါတီက နိုင်ငံတဝှမ်း မဲဆန္ဒနယ်မြေတိုင်းမှာ နိုင်ငံတော်စရိတ်တွေသုံး မဲဆွယ်လုပ်နေနိုင်ချိန် – မဲတပြားမလို မဲဆန္ဒနယ်မြေ ၅၄ နေရာမှာ ကြံ့ဖွံ့အမတ်တွေ အလိုအလောက် အနိုင်ရနေချိန်အမှောင်တိုက်ထဲမှာ မျက်စိပိတ် နားပိတ် ပြည်သူတွေကို လောဘဇောတိုက် စီးပွားရှင်တွေ၊ ရပ်တည်ချက်ကင်းမဲ့ အနုပညာရှင်တွေ၊ ကြံ့ဖွံလက်ရုံးတပ် နဲ့ မက်လုံတွေပေး၊ ခြိမ်းခြောက်မှုတွေ၊ လှည့်ဖြားမှုတွေ၊ ဝါဒဖြန့်မှုတွေနဲ့ တပ်မတော် တံဆိပ်ခတ် အတုအယောင် ရွေးကောက်ပွဲ ခေါ် အာဏာရှင် လက်သစ် ကောက်ရွေးပွဲကို မြန်မာနိုင်ငံသူနိုင်ငံသားတွေက ယုံကြည်စွာနဲ့ မဲသွားပေးရမလား ?

ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ နဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေ တောင်းဆိုတိုက်တွန်းနေတဲ့ တောင်းဆိုချက်တွေ ဥပေက္ခာပြု။ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ နဲ့ ပြည်ပမီဒီယာများ သတင်းဝင်ယူခွင့် မပြောနဲ့ ပြည်တွင်း သတင်းထောက်တွေတောင် ရွေးကောက်ပွဲအကြောင်း လွတ်လပ်စွာ ရေးခွင့်မရ၊ ရွေးကောက်ပွဲနေ့  မဲရုံးတွေသွား သတင်းယူခွင့်မရ၊ ဓါတ်ပုံရိုက်ခွင့်မရှိ၊ မဲဆန္ဒရှင်တွေကို မေးခွင့်မပြု။ လုံးဝဥသုံ ဘာဆိုဘာမှ လွတ်လပ်ခွင့်မရှိ၊ တရားမျှတမှု မရှိမယ့် ဒီ ရွေးကောက်ပွဲကို ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ လက်ခံရမလား ?

ပြည်သူတွေ စိတ်ဝင်စားမစား၊ နားလည်မလည်၊ ကြောက်လို့ဖြစ်ဖြစ်၊ အပြောင်းအလဲ ထွက်ပေါက်တခုလို့ မျှော်ကိုးမကိုး၊ မဲထည့်မထည့် အနိုင်အရှုံး မဲ ရေတွက်စရာမလို တပ်မတော်ရဲ့  ကြံ့ဖွံ့ပါတီ ၉၀ ရာခိုင်နှုန်းနဲ့ အနိုင်ရကြေညာပြီး ဗိုလ်ချုပ်တွေပဲ အစိုးရသစ် ခေါင်းဆောင်တွေဖြစ်၊ လွှတ်တော်အမတ်တွေဖြစ်။ စစ်ဝတ်စုံချွတ် ခေါင်းပေါင်း၊ တိုက်ပုံတွေနဲ့ လူမပြောင်း၊ မူမပြောင်း၊ ဘာဆိုဘာမှ မပြောင်းဘဲ လူထုကို ဆထက်တပိုး နှိပ်စက်ဗိုလ်ကျ၊ တိုင်းပြည်ကို ပိုမွဲအောင် လုပ်မယ့် ဒီမိုကရေစီအမည်ခံ အစိုးရသစ်ကို ပြည်သူတွေက ယုံကြည်လက်ခံ အသိအမှတ်ပြုရမလား ?

ဒီလိုအခြေအနေ၊ အခုမပြောင်း နောက်မပြောင်း တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး၊ နိုင်ငံတကာအကျိုး မရှိတဲ့ အခြေမခံတဲ့ ဖွဲ့စည်းပုံဥပဒေ၊ အတုအယောင် ရွေးကောက်ပွဲ၊ ပေါ်ပေါက်လာမယ့် အာဏာရှင် ရုပ်သေး အစိုးရသစ် တို့ကို ကျနော်တို့ မြန်မာပြည်သူပြည်သားတွေ၊ ကမ္ဘာ့နိုင်ငံသားတွေက တညီတညွတ် တသံတည်း စစ်အာဏာရှင်တို့ အနေနဲ့ ဘုရားရုပ်ပွားတော်ကို ပါးစပ်ထဲငုံပြီး ကျိန်ဆိုပြောတောင် ကျုပ်တို့ကတော့ အခုလည်းမယုံဘူး။ နောင်လည်း လက်မခံဘူး။ ဘယ်လိုပြောပြော မယုံဘူးလို့ ဟစ်ကြွေးလိုက်ကြပါစို့ ။          

( อมพระมาพูดก็ไม่เชื่อ သီချင်းကို @ http://www.youtube.com/watch?v=wSC0gtfqXoo  မှာ ကြည့်ရှု့ နားဆင်နိုင်ပါတယ်။ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts