>Kyaw Thu – FFSS Yangon Activity (24th October 2010)

>

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
အောက်တိုဘာ ၂၆၊ ၂၀၁၀

လပြည့်နေ့ ကောင်းမှုကုသိုလ်

၂၃.၁၀.၂၀၁၀ (စနေနေ့) သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့တွင် အများပြည်သူတို့ ဘုရားသွား၊ ကျောင်းသွား ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်နေကြသော်လည်း ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများနှင့် ဝန်ထမ်းများသည် (အခမဲ့) နာရေးကူညီမှု (အခမဲ့) ဆေးဝါးကူညီမှု အစရှိသည့် လုပ်ငန်းများကို ထမ်းဆောင်ပေးဆပ်လျှက် ရှိပါသည်။

ထိုသို့ ထမ်းဆောင်ပေးဆပ်လျှက်ရှိရာ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ ပတ္တမြား ကျောင်းဆရာတော် ဘဒ္ဒန္တပညာသီဟသည် ၂၁.၁၀.၂၀၁၀ (ကြာသပတေးနေ့) ညနေ(၆း၀၀) နာရီ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူ သွားပါ၍ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား သီတင်းကျွတ်လပြည့် ၂၃.၁၀.၂၀၁၀ (စနေနေ့) ညနေ (၃း၀၀) နာရီတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်၍ အသင်းသူ/သားများ၊ နာရေးကူညီမှု အသင်း(ရန်ကုန်) ဝတ်အဖွဲ့တို့ ပင့်ဆောင်ကာ ရေဝေးသုဿန်တွင် သင်္ဂြိုဟ်ပေးခဲ့ပါသည်။

ပတ္တမြားကျောင်းဆရာတော်သည် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၏ ဆရာတော်ကြီး ဖြစ်တော်မူ၍ အန္တိမ ဈာပနအခမ်းအနားအား ဥူးသုမင်္ဂလမှ ဦးစီး၍ ကျင်းပပေးခဲ့ပါသည်။

အများသူငှာ အစိုးရရုံးပိတ်ရက်များဖြစ်ကြသော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)၊ တန်ဆောင်မုန်း လပြည့်နေ့ (တန်ဆောင်တိုင်ပွဲတော်)၊ အမျိုးသားနေ့၊ ခရစ္စမတ်နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့၊ ကဆုန်ညောင်ရေသွန်းပွဲနေ့၊ သင်္ကြန်ပွဲတော်နေ့၊ အလုပ်သမားနေ့၊ အာဇာနည်နေ့ စသည့်နေ့ရက်များအပြင် အထူးပိတ်ရက်များ ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား မဲဆန္ဒပေးသည့်ရက်၊ သဘာဝဘေးဒဏ်ခံရ၍ ကျောင်းများ၊ ရုံးများ ပိတ်သည့်ရက်၊ စက်တင်ဘာအရေးအခင်းနေ့ရက်များအပြင် ရွေးကောက်ပွဲ မဲဆန္ဒပေးမည့်နေ့ ရက်တို့တွင်လည်း တနှစ်ပတ်လုံး နားရက်မရှိ (အခမဲ့) ပေးဆပ်နေရဆဲပင် ဖြစ်တော့သည်။

အဓိဋ္ဌာန် (၉) ရက်ပြည့် စုပေါင်းအမျှပေးဝေပွဲ

ဟောင်းဘဝအထွေထွေ တော်စပ်ကြခဲ့သော မိခင်ဖခင် ဆွေမျိုးသားချင်း မိတ်သင်္ဂဟအပေါင်း တို့အား၎င်း၊ ယခုတော်စပ်ခပင်း ဆွေရင်းမျိုးခြာ မိဘမောင်ဘွား နှမသားချင်းများအား၎င်း၊ ကျွတ်သင့် ကျွတ်ထိုက်သော ပုဂ္ဂိုလ်အပေါင်းအား၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ သင်္ဂြိုဟ် ပေးခဲ့သော မကျွတ်မလွတ်သေးသည့် သတ္တဝါအပေါင်းတို့အား၎င်း၊ ကျွတ်ရန်လွတ်ရန် စိတ်ရည်သန်၍ ဘုရား ရဟန္တာ ပစ္စေကာနှင့် အဂ္ဂသာဝက မဟာသာဝက ရဟန္တာ အရှင်သူမြတ်ကြီးတို့အား၎င်း၊ ထွက်ရပေါက်ဆရာတော်မြတ် ဘိုးတော်တို့အား၎င်း၊ သူရဿတီ စန္ဒီ စသောဒေဝီအပေါင်းတို့အား၎င်း၊ နတ်မင်းကြီး လေးပါးနှင့်တကွ နတ်စစ်သူကြီးအပေါင်းတို့အား၎င်း၊ အာကာသဇိုး၊ ဘုမ္ပဇိုး၊ ရုက္ခဇိုး၊ တောစောင့်၊ တောင်စောင့်၊ မြို့စောင့်၊ နယ်စောင့်၊ ဘုရားစောင့် နတ်နဂါးအပေါင်းတို့အား၎င်း တိုင်တည် သစ္စာဆိုကာ ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီး၏ ကျွတ်ပွဲလွတ်ပွဲ ကျင့်စဉ်ကို ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇) ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ (၉) ရက်တိုင်တိုင် အကျွတ်အလွတ်ကျင့်စဉ် အသီးသီးတို့အား တနေ့လျှင် ပုတီးပတ်ရေ (၁၈) ပတ်ပြည့် ကျင့်ကြံအား ထုတ်ပြီးစီးခဲ့ပြီဖြစ်သောကြောင့် ယနေ့ ၂၄.၁၀.၂၀၁၀ (တနင်္ဂနွေနေ့) နံနက် (၉း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်ရှိ ဘုရားခန်းမအတွင်း အသင်းသူ/သားများ စုပေါင်း၍ အမျှအတန်း ပေးဝေပွဲ ကျင်းပခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts