>Thurain Htet – Imitation

>

အတုလေးရယ်တဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင်
သူရိန်ထက်
အောက်တိုဘာ ၂၃၊ ၂၀၁၀

အင်ဆိုတဲ့စကားက ဒီဘက်ခေတ်ပိုင်း မြန်မာစကားတွေမှာ အတော်တွင်ကျယ်နေတာကလား။ “အင်ကြီးပါကွာ …” “အင်နဲ့ မိနေဦးမယ်“ စသဖြင့် အင်တွေကလည်း အင်နဲ့အားနဲ့ အင်နေတာကို နေရာတကာ ကြားနေ မြင်နေ သုံးနေ ပေါများချယ်လှယ်နေတာမို့ အင်မကြိုက်သူတိုင်း သတိထားနေရတဲ့ အနေအထားကိုး။

Imitation ကို အတိုကောက် ‘အင်’ ဆိုပြီး မြန်မာမှု ပြုလိုက်တယ်လို့ ယူဆရတဲ့ အင် ဆိုတာကို သတိထားမိသလောက်တော့ ၂၀ ရာစုနှောင်းပိုင်းလောက်ကနေ အသုံးတွင်လာကြတယ်ထင်ပါရဲ့။ လောကဓာတ်ပညာတွေ ထွန်းကားလာတာနဲ့အမျှ၊ လူတွေ စားနေဝတ် မပြေလည်တာနဲ့အမျှ၊ ကိုယ်ကျင့်တရားတွေ ပါးလျားလာတာနဲ့အမျှ၊ လောကပါလတရားတွေ ခမ်းခြောက်လာတာနဲ့အမျှ အတု ‘အင်’ တွေကလည်း ဘိုးဘိုးအောင် ဝလုံးတွေနဲ့ မခြား ပွားများလာလိုက်တာ အံ့မခန်းအောင်ပါပဲ။

ဆေးဝါးအတုတဲ့။ ဆီ အတုတဲ့။ စိန်ရွှေရတနာအတုတဲ့။ စားသောက်ကုန်ကလည်း အတုတဲ့။ စီးကရက် အတုတဲ့။ အရက်အတုတဲ့။ တံဆိပ်အတုတွေနဲ့ စက်ပစ္စည်းအတုတွေကလည်း ပြောမကုန်အောင်ပဲ။ လူသုံးကုန် ပစ္စည်းအတုတွေကလည်း ဒုနဲ့ဒေးပဲ။

အတုတွေကို မြန်မာမှု မြန်မာဟန်နဲ့ ဖန်တီးချက်တွေကလည်း အံ့မခန်းပါပဲ။ အုန်းသီးခွံ တွေကြိတ်ပြီး ဆေးဆိုးလိုက်တော့ ငရုတ်သီးအစိမ်းမှုန့် ဖြစ်ကရော။ ဇီးသီးခြောက်တွေကြိတ်ပြီး ငရုတ်သီး မှုန့်ထဲရောလိုက်တော့ အကျက်မှုန့်ဖြစ်ပြန်ရော။ သစ်သားဆွေးတွေ ကြိတ်လိုက်တော့ မဆလာဖြစ်ကရော။ ဒီလိုနဲ့ ဆန်မှုန့်က ဆနွင်းမှုန့်ထဲ ဟန်ပါပါ ရောနှော။ ရာဘာရွက်တွေလည်း ကတက်ချဉ်ဘဝပြောင်း။ ဆန်မှုန့်ကလည်း နို့မှုန့်ဘဝ ပြောင်း။

အတုစုံက အစုံတုနေတာတွေကလည်း ပြောမဆုံးအောင်ပါပဲ။ ဆန်အတုဆိုတာကလည်း ခေတ်စား လိုက်သေး။ (ပလပ်စတစ် ကော်စေ့လို့ ပြောကြပေမယ့် တကယ်က ကော်စေ့က ဆန်ထက် ဈေးကြီးတာမို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။) ကြက်ဥအတုတဲ့။ (ဒါလည်း ကြက်ဥအတုလုပ်ဖို့ ကုန်ကျတာက ပိုများနေလို့ မဖြစ်နိုင်ပြန်ဘူးတဲ့။) ငွေအတုဆိုတာလည်း ကြားရသေး။ အခုနောက်ပိုင်း ၅၀၀၀ တန် အတုဆိုတာတော့ တကယ် အတုပေါ်တာပါတဲ့။ အံမယ်- တရာတန်တို့ ငါးရာတန်တို့ကတော့ အတု မလုပ်နိုင်ဘူးဆိုပဲ။ (လုံခြုံရေးစနစ် အစီအမံတွေ ကောင်းလွန်းလို့တော့ ဟုတ်ဘူး။ အတုလုပ်တာ အစစ်ထက်ပိုကုန်ကျလို့တဲ့လေ။ အင်း- ဒါလည်း အစီအမံ စနစ်ကောင်းလို့ပဲ ထင်ပ့ါ)

ဟိုး မဆလ ခေတ်တုန်းက ဦးနေဝင်းကြီးတောင် ရေဆင်အတုမိသေးတယ်လို့ ကြားဖူးသေး။ အဲဒီတုန်းက သတင်းစာဆောင်းပါးတွေမှာ ရေဆင်က ဘယ်လိုရှားပါး ဆေးဖက်ဝင်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဝိုင်းရေးကြ ချီးမြှောက်ကြနဲ့။ နောက်တော့ ဓာတ်ခွဲလိုက်တော့ လယ်ကြွက်ကို အင်ရိုက်လိုက်တာသိသွားပြီး သတင်းစာ ဆောင်းပါးဆရာတွေနဲ့ ဦးနေဝင်းလည်း ရေဆင်ကိစ္စ ငြိမ်သွားရှာသတဲ့။ ခုခေတ် ဆင်ဖြူတော်တွေ ပေါ်တာကတော့ အင်ဆင်ဖြူတော်လို့ ပြောသံ မကြားရသေးပါဘူး။

ကြွက်ဆိုလို့ အဲဒီခေတ်တုန်းက ကြွက်တွေလည်း ရှားပါးခဲ့သေးသတဲ့။ စည်ပင်သာယာက သိပ်တော် သိပ်ကောင်းလို့တော့ မဟုတ်ပါဘူး။ ကြက်သား ဝက်သား ရှားပါးတာနဲ့ ကြွက်သားကို ပေါက်စီထဲထည့်ပြီး ဌာပနာလိုက်လို့ ဆိုလား။ ပေါက်ဆီအင် မိသွားကြတာလည်း ပြောစမှတ် ဖြစ်ဖူးပါတယ်။

ဒီထက်ဆိုးတာက ဝက်အသည်းအစား လူအသည်းကို ကြေးအိုးမှာထည့် ‘အင်’ လိုက်တာ လူကြိုက်များ ကြိတ်ကြိတ်တိုးခဲ့သေးဆိုပဲ။ နောက်မှ ဆရာဝန်တယောက်က မသင်္ကာလို့ သုတေသန လုပ်ရာက အမှုမှန်ပေါ်သွားတဲ့ အင်ကြေးအိုးအကြောင်းလည်း အထင်ကရ ဖြစ်ခဲ့သေး။

ဆရာဝန်ဆိုပြန်တော့ ဆရာဝန်တွေကလည်း အင် ဆရာဝန်တွေ ပေါ်သေးဆိုပဲ။ ဂျပန်မှာ ပန်းကန်ဆေးပြီး ပြန်သွားတဲ့ဆရာဝန်က အပြန် မြန်မာပြည်ကလူတွေမေးရင် ပြောရမှာရှက်လို့ဆိုပြီး ဂျပန်ကထပ်ပေးတဲ့ ပါရဂူ ဘွဲ့လက်မှတ် အင်တခုယူသွားပြီး ဧည့်ခန်းမှာ ‘အင်’ ထားတာမျိုးလည်း ရှိရဲ့။ တချို့ အင်ဆရာဝန်တွေက အင် ဆေးဝါးတွေ သုံးမိပြီး လူနာတွေ အင်နိစ္စ ရောက်ကုန်တာလည်း နည်းမှာ မဟုတ်ပါဘူး။

လူနာတွေဆိုလို့ အင်ခေတ်မှာ လူသားတွေလည်း အတုပေါ်လာတယ်လို့တောင် ဆိုနိုင်တယ်။ လူသားစက်ရုပ်တဲ့။ (လူ့ခန္ဓာကိုယ်ထဲက ကလီစာတွေ၊ သွားတွေကို အတုနဲ့ အစားထိုးကုနိုင်တာတွေ ရှိတာတော့ ကောင်းတယ်လို့ပြောရမယ် ထင်ပါရဲ့။) ဒီအန်အေတွေ ကလုံးတွေနဲ့ တိရိစ္ဆာန်တွေအတု ပေါ်လာတာလည်း သတင်းတွေမှာ တွေ့ရတာလည်း ရှိသကိုး။

သတင်းဆိုလို့ သတင်းတွေထဲလည်း သတင်းအတုတွေ ရှိနေပြန်ရော။ အတုနဲ့ကို မကင်းနိုင်အောင် ဖြစ်နေတော့လည်း အတုလောကကို မေတ္တာပျက်စရာ ဖြစ်လာပြန်တယ်။

မေတ္တာဆိုလို့ မေတ္တာစေတနာ အတု၊ အချစ်အတုတွေလည်း ရှိနေပြန်တာပါပဲ။ ရုပ်ဝတ္တုအတု သာမက စိတ်နှလုံးဆိုင်ရာတွေမှာလည်း အတုတွေ များများလာလေတော့ ယူတတ်ရင် တရားရစရာပါပဲ။
တရားဆိုလို့ တရားအတုတွေ ဘုရားအတုတွေလည်း ရှိသေး။ ဘာတဲ့ နိဗ္ဗာန် အတုတဲ့။ နတ်ပြည် အတု တဲ့။ အတုမကင်းနိုင်တဲ့ လူ့ဘဝပဲ ထင်ပါရဲ့။

လူဖြစ်ရတာနဲ့ပတ်သက်ပြီး ပြောရရင်လည်း ကလေးဘဝထဲကိုက နို့မှုန့်အတုနဲ့ စတိုးခဲ့လေတော့ လည်း အတုနဲ့ တော်တော်လေး အသားကျနေကျပါပြီလေ။ အတုတွေထဲက ဘယ်တော့များ လွတ်လပ်ခွင့်ရမယ် မသိဘူး။

အင်း … လွတ်လပ်ခွင့်ဆိုလို့ လွတ်လပ်ရေးတောင် အတုရှိသေးသကိုး။ ဂျပန်ကပေးတဲ့ ရွှေရည်စိမ် လွတ်လပ်ရေးအတုတဲ့။ လွတ်လပ်ရေးအတုသာမကပါဘူးလေ။ လူအများက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ပဲ ကိုယ့်သဘောနဲ့ကိုယ် အစိုးရပါလို့ အတင်းလုပ်နေသူတွေဟာလည်း အစိုးရအတုဆိုရင် မှားမယ်မထင်ဘူး။ ဒါဆို တကယ်မဟုတ်ပဲ အတင်းအတည်ပြုလိုက်တဲ့ အခြေခံဥပဒေကရော အတုပဲဆိုရမှာပေါ့။ ဟန်ပြလုပ်ပြီး အဖြေပေါ်နေတဲ့ ရွေးကောက်ပွဲကရော …။ အင်း … ဒါလည်း … …။

အောက်တိုဘာ။ ၂၀၁၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts