ရသဆောင်းပါးစုံ

ကိုသစ် (သီတဂူ) မဲစာရင်း အတ္တခါးခါးနဲ့ အဖတ်ဆယ်ရမည့်သိက္ခာ

ကိုသစ် (သီတဂူ) မဲစာရင်း အတ္တခါးခါးနဲ့ အဖတ်ဆယ်ရမည့်သိက္ခာ
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅

အခုတလော ကြားနေရသည့်အသံများတွင် မဲပေးနိုင်တဲ့ မဲပေးရမည့် စာရင်းတွေ မှားနေတယ်ဟူသောအသံကတော့ဖြင့် အ ကျယ်လောင်ဆုံးဖြစ်လိမ့်မည်ဟု ထင်ပါသည်။  ဟိုနေရာမှာလည်း မှား၊ သည်နေရာမှာလည်း မှား၊ ဟိုနေရာမှာလည်း စာရင်း တွေကလွဲ၊ သည်နေရာမှာလည်း စာရင်းတွေက မမှန်နဲ့ အလွဲလွဲအချော်ချော်ဖြစ်နေကြတာကြီးကတော့ဖြင့် ရုပ်ဆိုးလွန်းလှ သည်။ ရှက်တတ်မယ်ဆိုရင် ရှက်ဖို့လည်းကောင်းပါသည်။ မင်းတို့တိုင်းပြည်က လူကြီးတွေက မဲစာရင်းတောင် မှန်အောင် မလုပ်ပေးနိုင်ဘူးလား။ မဲစာရင်းလေးတောင် မှန်မှန်ကန်ကန်လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိတော့ဘူးလားဟု တစ်စုံတစ် ယောက်က မေးလာပြီဆိုမှဖြင့်။

မဲပေးနိုင်သည့်စာရင်းတွေက ပြည်သူတွေအတွက် ရယ်စရာတခုလိုဖြစ်နေတာကြီးကတော့ဖြင့် ဘယ်လိုမှ မဖြစ်သင့်တော့။ ကြည့်ပါဦး။ စာရင်းထဲမှာ တချို့က သေဆုံးပြီးသူတွေ ပါလိုပါပြီး အိမ်မှာ သက်ရှိထင်ရှား ငုတ်တုတ်ရှိနေတဲ့သူတွေက စာ ရင်းထဲ ပါမလာခဲ့။

စာရင်းထဲပါလာသူတချို့မှာလည်း မှတ်ပုံတင် နံပါတ်လွဲတဲ့သူနဲ့၊ နာမည်မမှန်တဲ့သူနဲ့ စသည်စသည်ဖြင့် စာရင်းတွေက လွဲ လိုက် မမှန်လိုက် ဖြစ်နေလေရာ ပြည်သူတွေမှာ ကိုယ့်နာမည်လေးမှန်ဖို့အရေး ကိုယ်တိုင်အချိန်ပေးနေရတဲ့အဖြစ်မျိုးကတော့ဖြင့် ဘယ်လိုမှ သဘာဝမကျလှ။ သည်အဖြစ်ဆိုးက  ကမ္ဘာ့ဂင်းနစ်စံချိန်တောင်ဝင်သွားနိုင်မယ့်အဖြစ်မျိုးဖြစ်သည်။

စာရင်းတွေ မှန်မမှန် သွားကြည့်၊ လွဲနေရင် ဖောင်ထပ်ဖြည့်နဲ့ ပြည်သူတွေမှာ အလုပ် တွေ ပိုလာပါတော့သည်။ မဲပေးခွင့်မရှိဟု တရားဝင်ထုတ်ပြန်ထားသော ဘုန်းတော်ကြီး တွေ သီလရှင်တွေတောင် နေရာအချို့က မဲစာရင်းတွေမှာ ပါနေသည်ဟု သိရသည်။ မဲပေးစာရင်းထဲပါနေသည့် ဘုန်းတော်ကြီးနှင့် သီလရှင်က (၈၀၀၀၀) ရှစ်သောင်းကျော်သတဲ့။ တနိုင်ငံလုံးအတိုင်း အတာမို့ မှားနိုင်သည်ပဲထားဦးတော့ သည်လောက်အရေအတွက် များများကြီး မှားနေတာကြီးကတော့ဖြင့် ညံ့ဖျင်းလွန်းရာ ကျသည်ဟု ကမ္ဘာကြီးက မြင်သွားနိုင်ပါသည်။ တိုင်းပြည်နဲ့လူမျိုးအတွက် မကောင်းပါ။

မဲစာရင်းလွဲမှားနေခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့်လုပ်သည်ဟု ပြည်သူတွေက ယုံကြည်ထားကြသည်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမဟုတ်ပါဘူးဟုဆိုလျှင်ဖြင့် စာရင်းတွေက ဘာကြောင့် သည်လောက်လွဲမှားနေရတာပါလိမ့်။ ဘာကြောင့် လွဲမှားနေ တဲ့ စာရင်းတွေကို တာဝန်ယူပြီး မဖြေရှင်းပေးတာပါလိမ့်..။

တကယ်ဆိုရင်ဖြစ်သင့်တာက ဖြစ်ရမှာက စာရင်းတွေ မတော်တဆမှားသွားခဲ့တယ်ဆိုရင်တောင် အမြန်ဆုံး အမှန်ပြန်ပြင်ပေး ရသည့်တာဝန်ကို ယူရမှာဖြစ်သည်။  စာရင်းတွေ မှားနေလွဲနေသည်ဟု တတိုင်းပြည်လုံးက အော်နေသည့်တိုင် ဆိုင်ရာလူကြီး တွေက ကြားပုံမရသေး။ မကြားချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်သည်ပဲ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပကြသည့် ရွေးကောက်ပွဲများတွင် ပြည်သူတွေက ကိုယ့်မဲပေးပိုင်ခွင့်ကို ကိုယ်တိုင်လုပ်နေရ တာမျိုး မကြားမိ။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် စေတနာ့ဝန်ထမ်းများမဟုတ်ပါ။  ပြည်သူ့ဝန်ထမ်း လခစားများ၊ ပြည်သူ့ လစာကို ယူထားသူများဖြစ်သောကြောင့် ကိုယ်ယူထားသောတာဝန်ကို ကျေပွန် အောင် ဆောင်ရွက်သင့်ပါသည်။

သမ္မတထက်ကြီးတဲ့ရာထူးကိုတောင် ထမ်းဆောင်နိုင်သည်ဟု ပြောသော လူကြီးမင်းများကို ဘာမှ ထွေထွေထူးထူး မအံ့သြ တော့။ ကိုယ့်မဲစာရင်း မှန်ကန်ဖို့ ပြည်သူတွေ ကတော့ ကိုယ်တိုင်ပဲ တာဝန်ယူပြီး မှန်ကန်အောင်လုပ်ကြဖို့ပဲရှိပါတော့သည်။ ကိုယ်တိုင်က မဲပေးခွင့်ရှိသူမဟုတ်သည့်တိုင်ကိုယ်နဲ့ဘာမှမဆိုင်ဟု သဘောမထားချင်။ စေတနာဗလ၀နဲ့ အသိပေးလိုက် ချင်ပါသည်။

မဲစာရင်းတွင်
သင့်နာမည် မှန်၊မမှန်သည် သင်၏တာဝန်သာဖြစ်သည်။
မဲစာရင်း မှန်၊မမှန်ကြည့်ကြဖို့ မဲစာရင်းရှိရာ သွားကြစို့ ။။။

ကိုသစ် (သီတဂူ)

ဓာတ်ပုံ ရင်းမြစ် / ဧရာဝတီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts