အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

>Ashin Zawana – U Shain Tin


>

ကွန်ကရစ်ရွာ သံမဏိတံခါးကြားမှ မျက်ရည်မှတ်တမ်းများ
အာဏာရှင်ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ပုံ
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
စက်တင်ဘာ ၃၀၊ ၂၀၁၀

ပန်းတိုင်ရောက်ခါနီးမှ ခြေချော်လဲတာမျိုး ခရီးတခု ပြီးဆုံးခါနီးမှ ချောက်ထဲကျတာမျိုး ဥပမာတွေပေးရမယ် ထင်တယ်။ ဦးဇင်းပြောချင်တဲ့ လူတယောက်အကြောင်းကလည်း ခရီးရှည်ကြီးရဲ့ နောက်ဆုံးခြေတလှမ်းစာ အလိုမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းပါ။ သူ့နာမည်က ဦးဇင်းတို့အခေါ် ဘရှိန်။ အမည်ရင်းက ဦးရှိန်တင်။

အဘကို ၁၉၉၄ ခု နှစ်ဆန်းပိုင်းမှာ စ သိခဲ့တယ်။ မှတ်မိနေတာက အဘတို့ အမှုတွဲတွေ နာမည်က ကဗျာဆရာ ကြည်တင်ဦး (စာရေးဆရာ သခင်မြသန်းသား) စည်သူမြသန်း အဘရဲ့သားမက် ညီညီ ကျွန်းပြန် ဦးသိန်းထွန်းတို့ ဖြစ်တယ်။ အဘက ပြည်သူ့တိုးတက်ရေးပါတီက ဖြစ်တယ်။ အဘတို့နဲ့ အစပိုင်းဆုံတွေ့မှုက တခဏတာလေးပါ။ အဘတို့ကိုထားပြီး သာယာဝတီထောင်ကို ပြောင်းပြီးတဲ့နောက်မှာ အဘတို့က သီးသန့်ထောင်မှာ ကျန်နေခဲ့တယ်။ ကျန်နေခဲ့ပေမယ့်လို့ အဘတို့ရဲ့ သတင်းစကားတချို့ကတော့ နောက်ထပ် ထောင်ပြောင်းလာသူတွေကတဆင့် ကြားသိနေရတယ်။ ထူးထူးခြားခြား ကြားသိရတဲ့ သတင်းကတော့ သီးသန့်ထောင်မှာ အကြီးအကျယ်ဖြစ်ခဲ့ကြတဲ့ ယိုးဒယားများနဲ့ မြန်မာ (နိုင်ငံရေးသမား) များနဲ့ဖြစ်ကြတဲ့ ရန်ပွဲပါပဲ။ ဒီရန်ပွဲအကြောင်းကို အင်းစိန်က ရောက်လာသူတွေက တဆင့် တမျိုးပြီးတမျိုး ကြားနေရတယ်။ အကြီးအကျယ် ဒဏ်ရာရပြီး ဆေးရုံမှာ တင်လိုက်ရသူတွေလည်း ရှိတယ်။ အဲဒီအထဲမှာ ဦးဇင်း အမှုတွဲ နှစ်ယောက်ဖြစ်တဲ့ ဦးစန္ဒောဘာသ (ဦးဇင်း ကျော်ကျော်) ရဲရဲတောက် ကိုသိန်းအောင်နဲ့ အဘတို့ နာမည်တွေက အင်းစိန်ထောင်ကိုကျော်ပြီး ဦးဇင်းတို့ သာယာဝတီထောင်အထိ ရောက်လာတယ်။ ဒီလိုပဲ ထောင် ထပ်ပြောင်းလာသူတွေကတဆင့် ကျန်ခဲ့သူတွေရဲ့ သတင်းစကားက တနိုင်ငံလုံးရှိ ထောင်တွေကို ပြန့်နှံ့နေတာပါပဲ။

သာယာဝတီထောင်ကနေ ဆေးကုဖို့ အင်းစိန်ကိုပြောင်း ဆေးကုပြီး အင်းစိန်ကနေ တောင်ငူထောင် ပို့လိုက်တော့ ငါးနှစ်ကြာ ကွဲကွာနေကြရတဲ့ မိတ်ဆွေဟောင်းတွေနဲ့ တချို့နဲ့ ပြန်တွေ့တယ်။ အဲဒီတုန်းက အဘက တောင်ငူထောင် ၂ တိုက်၊ ဦးဇင်းက တောင်ငူထောင် ၄ တိုက်မှာပါ။ အင်မတန် သဘောကောင်းတဲ့ ထောင်ပိုင်ကြီး ဦးငွေစံ လက်ထက်ပေါ့။ တနေရာနဲ့ တနေရာ လွတ်လွတ်လပ်လပ် သွားနေရတယ်။ အဲဒီတော့ မိတ်ဆွေဟောင်းဖြစ်ခဲ့တဲ့ အဘနဲ့ အမြဲတမ်းဆုံတွေ့ ဖြစ်နေတော့တယ်။ အဘက ထောင်ဝင်စာ ကျဲသူပါ။ အဘကို ထောင်ဝင်စာလာတွေ့တဲ့ သမီးခများလည်း ယောက်ျားဆီ ပြေးရ၊ ဖအေ့ဆီ ပြေးလာရနဲ့ ဖတ်ဖတ်ကို မောနေတယ်။ နှစ်ယောက်ဝန် ထမ်းနေရသူမို့ သာမန်လူတွေလို ပုံမှန်ထက် ရက်တွေကြာမှ လာတွေ့နိုင်တာ။ ဒါပေမယ့် အဘ အခက်အခဲမရှိဘူး။ ထောင်ထဲ နေထိုင်နည်းကို ကျေကျေညက်ညက် ကြီး သဘောပေါက်ထားသူပါ။ ကိုယ့်ရဲဘော်တွေက အဘကို ဝိုင်းဝန်းကူညီကြပါတယ်။ တခုထူးခြားတာက အဘကို လူငယ်တွေက ချစ်ကြတာပါပဲ။ မမှန်ဘူးထင်ရင် သူ့လူကိုယ့်လူ မခွဲခြားဘဲ ပြောဆိုတတ်တဲ့ အကျင့်တခုကလည်း လူငယ်တွေ လေးစားတဲ့အထဲမှာ ပါလိမ့်မယ်။ လူငယ်တွေက သူ့ကို ချစ်စနိုးနဲ့ နောက်ပြောင်တဲ့အခါ အပြုံးမပျက် တုံ့ပြန်တတ်မှုက အဘကို လူချစ်လူခင် ပိုများစေတယ်။ ထောင်ဝင်စာ မှန်တဲ့သူတွေက ထောင်ဝင်စာကျဲသူ အဘတို့လိုလူမျိုးတွေဆီ စားစရာ မုန့်ပဲသရေစာနဲ့ အမဲကြော်၊ ငါးကြော်၊ ငါးပိကြော် စတာတွေကို နိုင်သမျှ မျှဝေတယ်။ ဒီအခါမှာ အဘရဲ့ ထောင်တွင်းနေထိုင်မှု အတတ်ပညာကို တွေ့လိုက်ရတာပါပဲ။ အဘက တောင်ယာ အမြဲစိုက်တယ်။ သူနေထိုင်တဲ့တိုက်တင်မက အခြားတိုက်တွေက ရဲဘော်တွေကိုပါ မျှဝေနိုင်တယ်။ အသီးအနှံစားချင်ရင် အဘကို ပြောလိုက်တာနဲ့ သူ့တောင်ယာထွက် သီးနှံတခုခုကတော့ ရစမြဲပဲ။

အဘရှိန်က သူ့ထံ ရဲဘော်တွေ မျှဝေထားတဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်တွေကို တောင်ယာထွက် သီးနှံတွေနဲ့ ပွားများထားခြင်းပဲ။ အဲဒီတော့ အဘဆီမှာ ဟင်းက မပျက်ဘူး။ ငါးပဲကြော်ကို ဖိုကြီးက ပုံစံ ငါးပိနဲ့ ထပ်ရောလိုက်တော့ စားမရတဲ့ ပုံစံငါးပိကလည်း စားပျော်တဲ့ ငါးပိကြော်တခွက်ဖြစ်သွားတယ်။ မူလ ငါးပိကြော်ထက် လေး၊ ငါးဆ ကွာသွားတယ်။ ငါးခြောက်ကြော် စတာတွေကိုလည်း တောင်ယာထွက် ချဉ်ပေါင်ရွက်မျိုးနဲ့ ပြန်ရောကြော်ပြီး ပွားထားတယ်။ ငါးခြောက်ကြော် တယောက်စာဟာ အခန်းနေသူ သုံးယောက်အတွက် တလစာ ဟင်းတခွက်ဖြစ်သွားတယ်။ ထောင်ဝင်စာ လာတဲ့သူတွေကသာ ဟင်းကုန် သွားမယ်။ ထောင်ဝင်စာမလာတဲ့ ဘရှိန်ဆီမှာ ဟင်းမပြတ်ဘူး။ ထောင်ဝင်စာလာတဲ့သူတွေကိုတောင် သူက ဟင်းတွေ ပြန်မျှရသေးတယ်။ ၂၀၀၃ မှာ အဘနဲ့အတူနေဖို့ ကြုံလာတယ်။ လွတ်လူတွေ တော်တော်လေးများလာတော့ တိုက်တွေမှာ လူတွေနည်းသွားတယ်။ အဲဒီမှာ နှစ်တိုက်တတိုက် ပေါင်းတယ်။ အဘတို့ တိုက်က လူတွေအကုန်လုံး ဦးဇင်းတို့ တိုက်မှာ လာပေါင်းကြတယ်။ အခု အန်အယ်လ်ဒီက အန်ကယ်လ် ဦးအုန်းကြိုင်တို့က အဘရှိန်တို့နဲ့အတူ ဦးဇင်းတို့ တိုက်ကိုပါလာကြတာပေါ့။ အဘဦးရှိန်တင်က ဦးဇင်းနဲ့ တခန်းတည်းနေရတယ်။ ဒီတော့မှ အဘနဲ့ အနီးကပ်နေရတာပါ။ ယုံကြည်ရာ အရ သူနဲ့ကိုယ် ဘယ်လိုမှ သဘောမတူနိုင်ပေမယ့် အဘနဲ့ နေလို့ရပါတယ်။

ဦးဇင်းတို့ ဘာသာရေးမှာ ပြဿနာတရပ်ကို ဆန္ဒရယ် ဒေါသရယ် ဘယာရယ် မောဟရယ်ထဲက တခုခုနဲ့ ချည်းကပ်အဖြေထုတ်မိလျှင် အဖြေမှန်မရနိုင်ဘူးဆိုတဲ့ သင်ကြားထားမှု တခုရှိတယ်။ ယနေ့ထိ လည်း မှန်နေတုန်းပဲ။ မြန်မာနိုင်ငံရေးလောကထဲမှာ တချို့လူတွေက ပါတီစွဲ ဝါဒစွဲ ပြင်းထန်ကြတယ်။ အဲဒီအခါကျရင် လေးပါးထဲက တခုခုနဲ့ ဆုံးဖြတ်မိတော့တာပါပဲ။ အဘနဲ့ သဘောမတူတာတွေ များစွာကို ပြောဖြစ်ကြတယ်။ သူကတော့ သူ့ပါတီရဲ့အမြင်ကနေ ပြောတာချည်းပဲ။

အဘမှာ မကြာခဏ ဗိုက်အောင့်တတ်တဲ့ ရောဂါရှိတယ်။ ဗိုက်အောင့်တယ်လို့ ပြောတိုင်းလည်း ဆရာဝန်နဲ့ ဆေးမှူးက ဂျဲလမက် ဆိုဒါမင့် စတဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ဆေးတွေ အဘကို ပေးတယ်။ အဘက သူ့ဗိုက်ကို ပရုပ်ဆီ လိမ်း အဝတ်နဲ့ပတ်လိုက်မှ သက်သာတယ်လို့ ယုံတယ်။ ဒါ့ကြောင့် ထောင်ဝင်စာမှာပါတဲ့ ပရုတ်ဆီ စတာတွေကို အဘ အတွက် သီးသန့်ထားပေးရတယ်။ ဒါကတော့ တလ တကြိမ်လောက် ခံစားနေရတဲ့ ရောဂါပါ။ တခါတလေ နာရီပိုင်းနဲ့ ပျောက်သွားတယ်။ ဒီတော့လည်း သူက သိပ်အလေးမထားဘူး။ သူ့ရောဂါက ပရုပ်ဆီနဲ့တင်ပျောက်တယ်လို့ သူက စွဲမှတ်ထားတာကို။ ၂၀၀၃ နှစ်ကုန် ၂၀၀၄ နှစ်ဆန်းလောက်မှာ အဘ ဗိုက်အောင့်တာ ရက်စိပ်လာတယ်။ တခါတခါ ဖြစ်ရင် နာရီပိုင်း အချိန်ပိုင်းနဲ့ မပျောက်တော့ဘူး။ သက်သာသွားလည်း ခဏပဲ။ ဆရာဝန်ကတော့ အစာအိမ်ဆေးတွေပဲ ပေးတယ်။ တနေ့မှာ ၅ ည တွေနဲ့ အင်မတန်ရင်းနှီးတဲ့ ဆေးမှူးတယောက်ရှိတယ်။ သူ့ နာမည်က အော်လန်ဒို တဲ့။ ဆေးရုံက ရောဂါသည်တိုင်းကို သူက အင်မတန် ဂရုစိုက်တယ်။ နိုင်ငံရေးသမားတွေကို လည်း လေးစားတယ်။ သူ့ကို သေသေချာချာတိုင်ပင်ပြီး ဗိုက်အောင့်တာကို စမ်းခိုင်းတယ်။ သူက ဆရာဝန် ညွှန်ကြားလို့သာ အစာအိမ်ဆေးတွေ ပေးနေရပေမယ့် ရောဂါမသက်သာလာတာကို မူတည်ပြီး ဆေးရုံ တက်ခိုင်းတယ်။ ဒါနဲ့ အဘ ဆေးရုံပေါ်ရောက်သွားတယ်။ ဆေးရုံပေါ်ရောက်လို့ တရက် နှစ်ရက်မှာပဲ အဘ ခြေထောက်တွေ ဗိုက်တွေ ဖောရောင်လာတယ်လို့ သတင်းစကား ကြားရတယ်။ အဘ မသက်သာဘူးတဲ့။ ဒီတော့မှ အဘရောဂါကို အစာအိမ်မဟုတ်ဘူး။ အသည်းရောဂါလို့ ဆရာဝန်ကပြောင်းပြီး နာမည်တပ် တော့တယ်။ နှစ်ရှည်လများ အစာအိမ်ရောဂါထင်ပြီး ပေးခဲ့တဲ့ဆေးတွေဟာ ခုလို အသည်းအသန်ဖြစ်မှ ဆရာဝန်လည်း မှားမှန်းသိတယ်။ အဘဗိုက်ကရေတွေကို စုတ်ထုတ်ရမယ်။ အဘလွတ်ဖို့ကလည်း လပိုင်းပဲ လိုတော့တယ်။ ကျန်းကျန်းမာမာနဲ့ အပြင်လောကကို ပြန်ရောက်သွားစေချင်ကြတယ်။ ဆေးရုံမှာ အမြဲဆေးရုံတက်နေရတဲ့ နိုင်ငံရေးသမားတချို့ ရှိတယ်။ ပြင်းထန်တဲ့ သူတို့ရဲ့ ရောဂါတွေကြောင့် ကျပ်တည်းကျဉ်းမြောင်းတဲ့ တိုက်ခန်းထဲကိုပြန်မပို့ဘဲ ဆေးရုံမှာပဲ ထားရသူတွေပေါ့။ သူတို့ကတော့ ပြင်းထန်တဲ့ ASTHMA ရောဂါသည် ဆရာဦးဌေးလှိုင်ရယ် အရိုးကြီးပေါင်းတက်ရောဂါကြောင့် တိုက်မှာ ထားလို့မရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်စံရယ် ရှိနေရာက အဘအတွက် ကံကောင်းတယ်။ အဘကို အပြင်ဆေးရုံတက်ခွင့်ရအောင် သူတို့တွေက ဝိုင်းတိုက်တွန်းကြ ထောင်ကိုပြောကြဆိုတော့ တာဝန်ကျတဲ့ ထောက်လှမ်းရေးလည်း အပြေးအလွှားရောက်လာတယ်။ အဘကို သူတို့ အပြင်ဆေးရုံ တင်ပေးလိုက်တယ်။

ရက်ပိုင်းမှာပဲ အဘပြန်ရောက်လာတယ်။ ရောဂါသက်သာလို့တော့ မဟုတ်ဘူး။ လုံခြုံရေးစိတ်မချ လို့ ဆိုပြီး ပြန်သွင်းလာတာ။ တခုကံကောင်းတာက အဘ ဆေးရုံထွက်ထွက်ချင်းမှာ အိမ်ကသိအောင် အဘရဲဘော်တွေက သူ့သမီးဆီကို သတင်းပို့လိုက်တယ်။ အပြင်မှာ သမီးရဲ့ အနီးကပ်ပြုစုမှုကို အဘ ခံလိုက်ရတယ်။ ဒါ သူ့အတွက်တော့ ကောင်းတာလေးတခုလို့ ဆိုရမယ်။ ဒါပေမယ့် ရက်ပိုင်းလေးပဲ ပြုစုခွင့် ရလိုက်တာပါ။ ထောင်ထဲပြန်ရောက်လာတော့လည်း ရောဂါက မသက်သာပါဘူး။ ထောက်လှမ်းရေးက အကြိမ်ကြိမ်လာကြည့်တယ်။ မယုံသင်္ကာမျက်စေ့နဲ့ပေါ့။ ထောင်ရော ဆေးဆရာဝန်ကရော အပြင် ဆေးရုံမှာကုရန် အဆိုတင်ပြပေမယ့် ထောက်လှမ်းရေးကခွင့်မပြုလို့ အဘ နောက်တကြိမ် အပြင်ရောက်ဖို့ အခက်ခဲဖြစ်တယ်။ တော်တော်ကြီး အသည်းအသန် ဖြစ်လာတယ်။ လွတ်ရက်နီးနေလို့ အဘကို ကျန်းမာစေချင်ကြတယ်။ ဖြစ်နိုင်ရင် နည်းနည်းလေးကျန်တော့တဲ့ရက်ကို လျှော့ပေးလိုက်ပြီး လွှတ်မယ် ဆိုရင် လွှတ်ပေးလို့ရတယ်။ (ဒါက ထောက်လှမ်းရေးတွေ ထောင်ထဲပြန်ဝင်လာတော့ သူတို့ပြောစကားအရ သိရတာဖြစ်တယ်) ငါတို့ စေတနာ မရှိရင် သေပါစေကွာ ဆိုတဲ့ စိတ်ယုတ်မာကြောင့် အဘ မလွတ်ခဲ့တာ ဖြစ်တယ်။ တော်တော်ကြီးမကျန်းမာဘဲ အိပ်ရာထဲ မထနိုင်တဲ့ အနေအထားမှာ ထောင်ထဲမှာ တခုခုဖြစ်ရင် သူတို့ဂရုမစိုက်လို့ဆိုတဲ့ ပြောဆိုဝေဖန် အပြစ်တင်စကားကလွတ်ရုံလေး အဘကို အပြင်ဆေးရုံကို ထွက်ခွင့်ပေးလိုက်တယ်။ အဘသမီးကို ချက်ချင်းသိအောင် လုပ်ရတာပေါ့။ အဘသမီး အဘကို အသက်မီရုံလေးရောက်လာတယ်။ အဘ ဘာမှမသိတော့ဘူး။ ပထမတည သူ့အချစ်ဆုံးသမီး သူ့အနားမှာ ရှိနေတယ်ဆိုတာ အဘ တကယ်ရော သိသွားရဲ့လား မသိဘူး။ မေ့မြောသလိုဖြစ်နေတယ်။ တခါတခါမှ သတိရလာတတ်တယ်။ သတိရတယ်ဆိုတာတောင် သမီးအနားမှာရှိနေတာသိရဲ့လားဆိုတာ တန်ခိုးရှင်မှ ပြောနိုင်မယ်။ နောက်တနေ့မှာ အဘ ဆုံးတယ်။ သူ့သမီးရဲ့ လက်ပေါ်မှာပဲ ဆုံးရှာတာပါ။ ထောင်က လွတ်ဖို့ရက် တလတိတိ အလိုမှာ အဘဆုံးတာပါ။ နှစ်ရှည်ထောင်ဒဏ်တွေကိုကျခံပြီး လွတ်ဖို့ရက် အနီးကပ်လေးမှာမှ အဘ ဆုံးတာပါ။

တကယ်လို့ ဟိုး …. အရင်ရက်တွေက ဗိုက်အောင့်တယ်ဆိုကတည်းက ရောဂါအမှန်ကိုသိခဲ့ရင် ဒါမှမဟုတ် သာမန်အကျဉ်းသားတွေလိုပဲ အကျဉ်းသားတိုင်း ရပိုင်ခွင့်ဖြစ်တဲ့ လျှော့ရက်ကို ရမယ်ဆိုရင် သူချစ်တဲ့ သားသမီး မြေးတွေနဲ့ တပျော်တပါးကြီး ဆုံတွေ့ခွင့်ရမှာပါ။ ခုတော့ … … … … ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts