ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အခန်း (၂၉)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
မတ်လ ၉၊ ၂၀၁၄

 

အလိမ်ခံရသူ တယောက်အတွက် အဖြစ်မှန် မသိမှီအထိ လိမ်သူက စိတ်ကြိုက် လက်ခံထားပေးလို့ရသည်။ အဖြစ်မှန်ကို သေချာသိရလျှင် လိမ်သူက သူဘာပြောပြော ပြောသမျှအပေါ် ယုံကြည်မှု မရှိတော့။ ဒါက လူ့လောက အတွင်းဖြစ်တတ်သော သဘောတရား တခုသာ ။ လူတယောက်ချင်းနှင့် သက်ဆိုင်ပြီး လိမ်ထားသူသည် အလိမ်ခံထားရသူ တယောက်တည်း၏ မယုံကြည်မှုကို သာမက သူနှင့် ဆက်စပ်ရာ လူများ၏ပါ မယုံကြည်မှုကိုပါ ရတတ်ပေသည်။  ဒီသဘောတရား အခြေခံကနေကြည့်လျှင် အစိုးရတရပ်ဟာ လိမ်ညာ ဝါဒဖြန့် ခြင်းအလုပ်ကို လုပ်နေတယ် ထိုအစိုးရ လိမ်ညာထားခဲ့သမျှကို လူတွေက လိမ်နေသည် မထင်သေး သမျှတော့ အစိုးရပြောသမျှယုံနေမှာသာဖြစ်သည်။  ဝါဒဖြန့်သည် ဆိုသည်မှာ အာဏာရှင်  လက်ထက်တခုလုံး သူဖြစ်စေချင်သည်ကို လိမ်ညာ အယုံသွင်းခြင်းသာဖြစ်သည်။ အစိုးရသည် ဒီလို အယုံသွင်းမှုကို သူပိုင်သည့် မီဒီယာကိုအသုံချသည်။ နောက်အနုပညာရှင်တို့က တဆင့် ပြည်သူကိုပြောသည်။ 

 

ငယ်ငယ်က ရုပ်ပြမြန်မာ သမိုင်းစာအုပ်ထဲ တွေ့ဖူးသော ပန်းချီ သရုပ်ဖော် ပုံလေးတခုကို အခုထိ မျက်စေ့ထဲကမတွက်။ ထိုပန်းချီကားက ဘဝ အစိတ်အပိုင်းထဲ ကာလတခုထိ လက်ခံယုံကြည်ခဲ့ဘူးသည်။ မြန်မာပြည်မြေပုံကြီး အက်ကွဲနေသည့်ပုံ စာသားကဖက်ရယ်မူ နှစ်ခြမ်းကွဲ -ဖြစ်သည်။ ဖက်ဒရယ်မူဆိုတာ ဒီလိုကြီးလား ဆိုသောအသိက နုနယ်သောစိတ်ထဲ တံဆိပ်ခတ်ထားသလိုဖြစ်နေသည်။ တိုင်းပြည်ချစ်စိတ်နှင့် တွဲဖက်ပြီး ထိုပန်းချီကို ခံစားလိုက်မိတော့ မြန်မာပြည် ကွဲအက် သွားမည့်အဖြစ်ကို ငါတို့ဆန့်ကျင်ရမည်ဟူသော ခံယူချက်ကိုထပ်ဆင့်ပေးလိုက်ပြန်သည်။ ဒီတော့ အာဏာရှင်ဟာ စိတ်ကြိုက် ချယ်လှယ်ခွင့်ရသွားတော့သည်။ ငယ်ငယ်က နားထောင်ဖူးသော ဆရာဦးအောင်သင်းရဲ့ စကားတခွန်းကို ဒီနေရာမှာ သတိရလိုက်မိတော့သည်။ အလင်္ကာဆိုတာ လူ့စိတ်အခံမှာရှိပြီးသား အခံစိတ်ကို ပိုအားကောင်းအောင် ငါးကြင်းဆီနှင့် ငါးကြင်ကြော်သလို လုပ်တာဖြစ်တယ်တဲ့။ မကောင်းတာကို မလိုလား အဆိုးတွေကို မမြင်ချင်သော လူသားစိတ်အခံအပေါ် ဒီလိုဖြစ်လျှင် အဆိုးတွေဖြစ်မယ် ၊မလိုချင်သော အနိဌာရုံကို ပြပြီး သာမန်နုနယ်သော ရှေ့ဆက်မတွေးနှိုင်သော စိတ်ကို ရိုက်ချိုးဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ အလင်္ကာကိုကျော်ကြည့်နှိုင်ရမည်ဟု ဆရာဦးအောင်သင်း စကားကို ခုထောင်ထဲရောက်မှ နားလည်မိတော့သည်။

 

တိုင်းပြည် ပြိုကွဲမည်ဆိုသောစကားကို မကြာမကြာ ပြောသံတွေကြားမိနေသေးသည်။ တကယ်က တိုင်းရင်းသားတွေ၏ အမြင် အလို ဆန္ဒကို အများမသိအောင် ပိတ်ဆို့ထားခြင်းကလည်း သူတို့ပြောသမျှကို နောက်ကလိုက်ပြီး ယုံပေးနေရခြင်း တခုဖြစ်မည်။ ဆရာဒေါက် တာအေးချမ်းနှင့် ဆုံတော့ -သူအဖမ်းမခံရမှီ ရက်ပိုင်းက ရှမ်းပြည်သို့ သွားရောက် အင်တာဗျူးရသည်ကို ပြောပြဘူးသည်။ အင်တာဗျူး သူတွေက ပင်လုံစာချုပ်ကိုလက်မှတ်ထိုးခဲ့တဲ့ဦးခွန်စော(ပင်းတယ)။ဦးထွန်းမြင့်(တောင်ကြီး)၊ဦးခွန်တီ၊ဖက်ဒရယ်ကောင်စီအတွင်း ရေးမှူးစောဝ်ကြာစုံ(သီပေါစော်ဘွားစောဝ်ကြာပုံ၏အစ်ကို)။ တို့ဖြစ်သည်။ ဆရာ့ပြန်ပြောပြသည့်စကားထဲ“ကျနော်တို့ ဖက်ဒရယ် မူ တောင်းတယ် ဆိုတာကိုက ပြည်ထောင်စုကခွဲမထွက်ချင်လို့ တောင်းနေတာပါ ပြည်ထောင်စုက ခွဲထွက်ချင်ရင် တောင်းနေစရာတောင်မလိုပါဘူးဆရာ အခြေခံဥပဒေပါ အတိုင်း ဆောင်ရွက်ပေးပါလို့ ပြောယုံပဲ”

 

ဒီတော့မှ ဖက်ဒရယ်မူဆိုတာကို သဘောပေါက်သလိုရှိလာသည်။ ငယ်ငယ်က မှတ်သားထားသမျှတို့ အရည်ပျော်ကုန်သည်။ အပူရှိန်မလာမှီ နှင်းတို့အေးခဲနေသော်လည်း အပူရှိန် အမှန်တရားတချက် ရောင်ခြည်လှစ်အပြမှာ သံသယ နှင်းခဲတို့ အရည်ပျော်ခဲ့ရ သည် ။ ဆရာ နှင့်ကြုံဆုံခဲ့ရစဉ်က ပြောကြားခဲ့သည့် စကားတော်တော်များများကို မှတ်သားထားမိသည်။ သူ ရန်ကုန်တက္ကသလိုလ်မှာ ရှိစဉ် သမိုင်းဆရာကြီးများ၏ ပြောစကားများ သမိုင်းဆရာမကြီးများ၏ပြောစကားများလည်း အလျှင်းသင့်သလို စကားဝိုင်းတွေမှာ ပါလာတတ်သည်။ သူ့ဆီမှ တဆင့်ကြားရ အမှတ်မထင် ပြောလိုက်သော စကားဖြစ်သော်လည်း မြန်မာ့ အရေး အတွက် အလေးထား စဉ်းစားစရာ တွေ ဖြစ်နေတတ်သည်။ သာမန်လှစ်ကနဲ ကြားခဲ့ရသော စကားတခွန်းသည်ပင် သူ့နှလုံးသားထဲ သံမှိုနှက်သလို စွဲနေခဲ့ပုံရသည်။ သူကိုယ်တိုင်က တိုင်းရင်းသားတယောက်ဖြစ်နေခြင်းက ထိုစကားကို တအံ့တသြ ဖြစ်မိတာဖြစ်မည်။

 

“ဘယ်နဲ့ လွတ်လပ်တဲ့မြန်မာပြည်ရဲ့ ပထမဦးဆုံး သမ္မတ ရှမ်းဖြစ်ရတယ်လို့”

 

ဒီစကားကို ဆရာကြားခဲ့ရသည်ဟု သေချာကို ပြန်ပြောပြသည်။ ပြောသူက သမိုင်းဌာနမှ ဆရာမတဦး။ ပို၍ သတိထားမိသည်က နိုင်ငံတော် အာဏာနှင့် နီးစပ်သော သူတဦးဆီက ထွက်ကျလာသော အမှတ်မထင်စကား။ မပြေးသော်လည်းကန်ရာရှိပင်။ မြန်မာပြည်ရှိ တိုင်းရင်းသားတွေ၏ သောကအတွက် မြစ်ဖျားခံရာဖြစ်လောက်သော ပတ်ဝန်ကျင်မှ စကား။ သမိုင်းမှာ တိုင်းရင်သားတွေအပေါ် ပြုမူခဲ့သည်များကို အထူးသဖြင့် မွန် နှင့် ရခိုင်က မြန်မာများအပေါ် ပြောဆိုနေကြသည်ကို ကြားဖူးသည်။ ဆရာပြောခဲ့သည့်အထဲက မှတ်သားစရာ တခုဖြင့်တင်ပြဖို့ ကျန်သေးသည်။ထိုကိစ္စမျိုးမြန်မာ့သမိုင်းတွင်  အမှားကျူလွန်ခဲ့သော လူမျိုးများအထူးသဖြင့်မြန်မာများ လုပ်သင့်သော ကိစ္စဖြစ်မည်ထင်သည်။

 

“ပေါ်တူဂီသင်္ဘောတွေက အာဖရိကတိုက်မှာ လူမဲတွေကို ဖမ်း၊တိရစ္ဆာန်တွေလို သင်္ဘောကုန်းပတ်အောက်မှာ ပြွတ်သိပ်အောင် ထည့်ပြီး ခေါ်ထားတယ်။အမေရိကမှာ ကျွန်အဖြစ်ရောင်းတယ်။သီဟိုက စွယ်တော်ကို တူနဲ့ထုပြီး ဖျက်ဆီးပစ်တယ်။ လူတွေကို ရက်ရက် စက်စက် သတ်တယ်။ ဒီမှတ်တမ်းတွေကို ဖတ်ပြီး ပေါ်တူဂီလူမျိုး သမိုင်းဆရာတွေက ရှက်လာတယ်။ ဒါကြောင့် သမိုင်းဆရာတွေ ကွန်ဖရင့်တခုမှာ သူတို့ နိုင်ငံသားတချို့ဟာ ဒီလိုလူမဆန်တဲ့ ဟာတွေ လုပ်ခဲ့တာ လူသားမျိုနွယ်တွေကို တောင်းပန်တဲ့ဆုံးဖြတ်ချက်ကိုချတယ်”

 

မျက်မှောက်ခေတ်သစ်မှာကော အတိတ်သမိုင်းမှာပါ ကျူးလွန်ခဲ့သည်များ ရှိခဲ့သည်။ ဒီကိစ္စကို မေ့ထားခဲ့ပါဟုပြော၍မဖြစ်။ လူသားတို့ အပေါ် ကျူးလွန်မှုအဖြစ် ကျူးလွန်ခဲ့သည့်လူမျိုးများဘက်ကစဉ်းစားသင့်သည်။ အတိတ်က ကောင်းတာတွေကို ငါတို့ဘိုးဘွားတွေ အမွေဟု ဂုဏ်ယူဝင့်ကြွားကြလျှင် ဆိုးမွေအတွက်လည်း လူမျိုးတခုလုံးက (နောင်မကျူးလွန်ဖြစ်အောင် )ကိုယ့်လူမျိုးအတွက် တာဝန်ခံ သင့်သည် ဟုထင်သည်။

 

ဦးနေဝင်း အာဏာသိမ်း အကြောင်းပြချက်ထဲ အဓိက အကြောင်းသည် ဖက်ဒရယ် ကိစ္စကိုလက်မခံခြင်းဖြစ်သည်။ တိုင်းရင်းသားတို့ အပေါ်အခွင့်အရေးတန်းတူ မပေးလိုသော အဖြစ်အပျက်များသည် ဆရာလျှပ်တပျက် ကြားလိုက်ရသော ဘယ်နဲ့ —-လွတ်လပ်တဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံး သမ္မတ ရှမ်းဖြစ်ရတယ်လို့” ဟူသောစကားနှင့် ဆက်စပ်တွေးစရာတွေ ဖြစ်လာခဲ့ရသည်။ ဖက်ဒရယ်ကို တတိုင်းပြည်လုံးက သရဲသဘက်ထင်အောင် ဝိုင်းဝန် ပြောဆိုပေးခဲ့ကြသော အနုပညာရှင်တို့ကော မသိလို့ လုပ်ပေးခဲ့ရ တာပါ ကြောက်လို့လုပ်ပေးရတာပါဟု လုပ်ပေးရတာပါ ဆိုသောစကားတွေနှင့် ထုချေကြသည်။ သမိုင်းဆရာတယောက်ကတော့ ဘက်လိုက်လို့မရ။ သမိုင်းဆရာဆိုတာ တရားသူကြီးလိုပဲ အဂတိ တရားလေးပါးကင်းစင်ရသည်ဟု ကြားဖူးသည်။ ကိုယ်ရရှိထားတဲ့ အချက်အလက် အပေါ်မှာပဲ သစ္စာရှိရမယ် ဟု မှတ်သားဖူးထားသည်။

 

တိုင်းပြည်အုပ်ချုပ်သူသည်လည်း ကိုယ့်အတ္တကို ရှေ့တန်းတင်စဉ်းစားသောအခါ အဖြေထွက် အလုပ်တမျိုးလုပ် တတ်ကြသလို-စိုးရိမ်မှု လွန်ကဲသောအခါ ပိတ်ပင်တားဆီးမှု တွေများပြား ကြကုန်၏။ ပညာ မတတ်သော သူတို့ အုပ်ချုပ်သောအခါ -ထို အရာများသည်လည်း ပြဿနာတရပ် ကိစ္စတခုကို ဂတိလေးပါးနှင့် ချဉ်းကပ်ခြင်းပင်ဖြစ်လိမ့်မည်။

 

ပြည်ထောင်စုထဲ နေသူ တယောက်ဟာ တန်းတူအခွင့်ရေးတော့ ရှိနေရမည်။ မြန်မာ ဗမာ စကားနှစ်လုံးကို မျက်လှည့်ပြ ပြီး ဗမာက ဗမာဖြစ်ပြီး မြန်မာက ၁၃၅မျိုးသော လူမျိုးအားလုံးကိုခေါ်သည်ဟု တွင်တွင် အော်ကြခြင်းကို တိုင်းရင်းသားတယောက်နေရက ခံစားကြည့်သည်။ ဘယ်လိုမှလက်မခံနှိုင်သော စကားဖြစ်နေသည်။ ဗမာကော မြန်မာဟုပါ ဆိုသည့်အမည်နှစ်မျိုးလုံးကို လူမျိုးတခုတည်း၏ နာမည်ဟု နားလည်ထားပြီးသားဖြစ်သည်။ တကယ်လည်း မြန်မာကလူမျိုး တမျိုး ဗမာကလူမျိုး တမျိုးမဟုတ် ။ မြန်မာစစ်အာဏာရှင်တွေ၏ ဝါဒဖြန့် လိမ်ညာ အယုံသွင်းထားခြင်း၏ဒဏ်ကို တိုင်းရင်းသားတို့ခံစားနေရကြသည်။  ကိုယ့်လူမျိုး၏ ကိုယ်ပိုင်စာကို သင်ကြားလိုကြသည်။ မဟာဗမာ လူမျိုးကြီးဝါဒဆိုတာကို အစက နားမလည်ခဲ့။

 

သမိုင်းဆရာ တယောက် နှင့်အတူတူ နေထိုင်ရခိုက် အာဏာရှင် ခေတ်တလျှောက် အတင်းမျက်မှန်စိမ်းတပ် ယုံခိုင်းထားမှုကြီးတခု မျက်မှန်ကိုခွာကြည့် တတ်သွားခဲ့ပြီ။ ၈၈အရေးတော်ပုံ နှင့်ထောင်ကျ ခံရတာတွေ၏ အမြတ်တွေထဲ တိုင်းရင်းသားတွေ၏ ကိစ္စကို တိုင်းရင်းသားတို့ နေရာကနေ တော်တော်နီးနီး ခံစားတတ်ဖို့  အခွင့်အရေးတခု ရရှိခဲ့တာကို ထုတ်ပြရမည်။

 

မြန်မာပြည်တွင်း မြန်မာများ စတင်ဝင်ရောက်ခဲ့သည့် သက္ကရာဇ် ၉ရာစု နှင့် ထိုမတိုင်မီ မြန်မာတို့၏မူလ အစနေရာကို တရုတ်မှတ်တမ်း ထန်ရာဇဝင်သစ် နှင့် အခြားခေတ်ပြိုင်မှတ်တမ်းတွေထဲက အထောက်အထား တွေကို ကြည့်ပြီး ဆရာ၏ ဟောပြောမှုတို့ကို နားထောင်ခဲ့ရသည် ။မြန်မာတွေ စတင်ဝင်ရောက်ရာ အစ မြန်မာသမိုင်း မှသည်. ယနေ့ခေတ် အထိ သမိုင်း ဆရာတယောက်၏ မှတ်သားထားမှုတို့သည် တန်ဖိုးရှိသော ကာလတွေ အဖြစ်ရရှိအောင် အားလုံးကို ဆရာတည် ဆောက်ပေး ခဲ့တာ ပင်ဖြစ်သည်။

 

ခေတ်သစ် မြန်မာ သမိုင်းကိုဟောပြောပြသည့်ဆရာ့အကြောင်းကို ရေးတော့မည်ဆိုပါက တာတေစနေသား-စာအုပ်ကမပါမပြီး ပါရမည်ထင်သည်။ ဆရာ ထောက်ပြသော တာတေစနေသားစာအုပ်ပါအချက်အလက် တို့သည် သမိုင်း တခု အတွက် ကိုယ်သန်ရာ အဖွဲ့အစည်း၏ အမြင်ကနေ ပြောဆို သိမှတ်ထားခဲ့ရတာတွေမှ မတူကွဲပြား နားလည်မှုအသစ်တို့ကို ရရှိစေခဲ့သည်။ မြန်မာခေတ်သစ် ကာလ အဖြစ်အပျက်တို့ အတွက် ကာယကံရှင် တယောက်၏ ဖွင့်ဟထားမှုတို့သည် တန်ဖိုးကြီးမားလှကြောင်း ဆရာထောက်ပြပြောဆိုခဲ့သည်။ ခေတ်သစ်မြန်မာသမိုင်းကို ရက်ရှည် ဆရာပြောဟောခဲ့သည်။

 

ကိုယ်တယောက် အမြင်ဖြင့် ကြည့်မိခိုက် မြန်မာခေတ်သစ်လူ့အဖွဲ့အစည်းသည် ရှေ့ကိုသွားဖို့အရေး နောက်ကြောင်းကို ပြန်ပြန် ကောက်နေတာနှင့် ရှေ့မရောက်ပဲ ရှိနေတာဟု မြင်သည်။ တစာစာအော်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးကို မတည် ဆောက်နှိုင်မှုဆိုသော ကိစ္စ ဘာကြောင့်ဖြစ်ရသနည်းဟု အဖြေရှာရလျှင် ပြဿနာများစွာအထဲ နောက်ကြောင်းပြန် စာမျက်နှာ လှန်နေမှု လည်းတခုပါမည်ထင်သည်။ အတိတ်၏အရိပ်က ယခုအထိထိုးဆဲ ဆိုလျှင်  ရှေ့ကို ရောက်နှိုင်မည်မဟုတ်ပဲ  စက်ဝိုင်း အတွင်း ချာလည် လှည့်နေဦးမည့် အဖြစ်သာဖြစ်လိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts