ဖိုးထက် ရသဆောင်းပါးစုံ

ချစ်ခြင်းအားဖြင့်

ဖိုးထက်
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄

 

ကွယ်လွန်သူ နိုင်ငံကျော် အဆိုတော် ကိုထူးအိမ်သင် လက်မှတ်ထိုးရင် သူ့လက်မှတ်အပေါ်မှာ “ချစ်ခြင်းအားဖြင့်” လို့ အမြဲလိုလို တွေ့ရတတ်တယ်။ ငယ်တုံးကတော့ ဒီဘဲကြီး ခေတ်လုပ်တယ်၊ သူ့ကိုယ်ပိုင် ဟန်တစ်ခု ယူတယ်လို့ ထင်တာ။ နောင်မှ ချစ်ခြင်အားဖြင့် ဘ၀ကို ဖြတ်သန်းသွားတဲ့ သူ့ကို အားကျရကောင်းမှန်းသိလာတာ။

 

ချစ်ခြင်းအားဖြင့်…ဘာကို ချစ်ရမှာလဲ။ ပြောတော့သာ လွယ်တာပါလေ။ ကိုယ့်အပေါ် တလွဲတွေ၊ တန်ဖိုးမထားတာတွေ၊ လေးလေးနက်နက် မရှိတာတွေ ကို ချစ်နိုင်ပါ့မလား။ ကိုယ့်အပေါ် အလကား သက်သက် မုန်းနေကြသူတွေ၊ မနာလိုကြသူတွေ၊ ခြေထိုးကြသူတွေကို ချစ်နိုင်ပါ့မလား။ ကျွန်တော်ကတော့ လုံးဝဘဲလို့ ရိုးရိုးသားသားဝန်ခံစမ်းပါရစေ။ ကိုယ့်အပေါ် မကောင်းလဲ ကိုယ်က ပြန်ကောင်းရမယ် ဆိုတဲ့ အတွေးအခေါ်မျိုးက ရှိရမယ်ဆိုပေမယ့် ကိုယ်တိုင်ကြုံလာရင် ခက်ပါတယ်။ အဲဒီလူတစ်ယောက်နဲ့ ပါတ်သက်ပြီး ဘာမှ မတွေးတော့ဘဲ နေပြစ်လို့ ရအောင် နေလိုက် (လေ့ကျင့်လိုက်) လို့ ရပေမယ့် ချစ်ခြင်းအားဖြင့် ဖြတ်ကျော်လိုက်တာမှ မဟုတ်ဘဲ။ ဘုရားရှင်ဟောတဲ့ မေတ္တာထားတယ် ဆိုတဲ့ စိတ်ထားမျိုး မဟုတ်ဘူးလေ။

 

ဘုရားရှင် ကိုယ်တော်မြတ်ကြီးအတွက်ကတော့ သူ့သားတော် ရာဟုလာနဲ့ ဒေ၀ဒတ်အပေါ်မှာ ထားတဲ့ မေတ္တာထားတော်မှုမျိုးက တူမှာပေါ့။ သူက လောကအလုံးစုံကြီးကို နားလည် သဘောပေါက်ထားခဲ့တဲ့ သူကြီးကိုး။ ကျွန်တော်တို့လို သာမန်လူမျိုးကျတော့ ဘယ်တူနိုင်မလဲ။ အမုန်းစိတ်တွေ မများအောင်ဘဲ အတော်ကြီး သတိထားနိုင်မှ အဆင်ပြေတာလေ။

 

တစ်လောက FB ပေါ်မှာ ဒေါ်စုရဲ့ သားတွေ ဘယ်အဆင့် ရောက်နေတယ်ဆိုတာကို မေးငေါ့ပြပြီး Critical thinking လုပ်တယ်လို့ ခေါင်းစဉ်တပ်ပြီး ဦးနေ၀င်း မြေးတွေကမှ သုံးတတ်ရင် အသုံးကျအုံးမယ်ဆိုတဲ့ စာတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ဒီစာကို ရေးသူကို မသိပါဘူး။ သူ့စာကို ပြန်ကြားရေးက FB မင်းသားကြီး ပြန်ပြီး ဝေမျှလို့ ဖတ်လိုက်ရတာ။ ချစ်ခြင်းအားဖြင့် ဝေမျှတယ်လို့ ကျွန်တော် ဘယ်လိုတွေးပေးရမလဲ။

 

“သမိုင်းဆိုတာ မအအောင် သင်တာ” ဆိုတဲ့ ဒေါက်တာသန်းထွန်းစကားကို လူတိုင်း နှစ်နှစ်ခြိုက်ခြိုက်ကြီး ကိုးကားကြသလို ဗန်းမော်တင်အောင်ရဲ့ “လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုး ထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာဘဲ” ဆိုတဲ့ စကားကိုလဲ အသုံးများကြတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဘာတာဝန်၊ ဘာသမိုင်း၊ ဘာခေတ်မှ မသိဘဲ ဖြတ်သန်းသွားခဲ့တဲ့ ရိုးသားသန့်ရှင်းတဲ့ လူတွေ အများကြီး ရှိနေတော့ ဘာအလုပ်မှ မလုပ်ဘဲ သေသွားခဲ့ကြတဲ့ လူတွေကို တာဝန်မကျေတဲ့ လူတွေလို့ အပြစ်တင်လို့ ဖြစ်ပါ့မလား။

 

နောက်…အသုံးမကျချင်ရင်နေ အမှိုက်မဖြစ်စေနဲ့ ဆိုတဲ့ စကားကို တွေးမိတယ်။ အဘွားကြီး သားနှစ်ယောက် ကျွန်တော်တို့အတွက် အသုံးမကျဘူးလို့ ခိုင်းစားချင်တဲ့ စိတ်နဲ့ တွေးလိုက်လို့ ရတာပေါ့။ အသုံးကျစရာလဲ မလိုပါဘူးလေ။ ဒီလူရဲ့ လုပ်ရပ် ဒီလူကဘဲ တာဝန်ယူပေါ့။ ဒါပေမယ့် မိဘရဲ့ အရိပ်နဲ့ ၊ ဆွေမျိုးရဲ့ အာဏာနဲ့ အမှိုက်တစ်စ ဖြစ်မနေရင်ဘဲ ဆရာကြီး ဗန်းမော်တင်အောင်ကို မေ့ထားလိုက်လို့ ရမှာပါ။

 

တစ်ခါတစ်ရံကျတော့ ကျွန်တော် စဉ်းစားမိတယ်။ အဘွားကြီး ဒေါ်စုအပေါ်မှာ အသားလွတ်ကြီး မုန်းနေကြသူတွေ ကို သရုပ်ခွဲကြည့်မိတယ်။ ကျွန်တော်က အဘွားကြီး ပရိတ်သတ်ဆိုတဲ့ အတွေးကို ဘေးထုတ်ပြီး သူ့တို့ဘက်ကို ၀င်ရပ်ပြီး အဘွားကြီးရဲ့ မုန်းစရာ အကွက်တွေကို ရှာကြည့်မိတယ်။ တစ်ခုတော့ ကျွန်တော် တွေ့တယ်။ အဘွားကြီးက စွာတယ်။ သူ့စကားတွေက သက်ဆိုင်သူတွေကို အနာပေါ် ဆားနဲ့ ပက်သလို တစ်ခါတစ်ရံ ဖြစ်ဖြစ်သွားတတ်တယ်လို့ ကျွန်တော် မြင်တယ်။ တစ်လောက (အမှတ်မမှားရင် မကွေးမှာ ထင်တယ်) နိုင်ငံရဲ့ သံယံဇာတတွေကို ခိုးဝှက်နေခဲ့ကြတဲ့ လူတွေဟာ မိမဆုံးမ၊ ဖမဆုံးမ အဆင့်တွေနဲ့ အတူတူဘဲ ဆိုတဲ့ သဘောမျိုး ပြောတာ သတိထားမိလိုက်တယ်။ သူပြောတာ ကျွန်တော်လို သာမန်ပြည်သူအတွက်တော့ ဟေး…ဟုတ်ပါတယ်…ဟေး…ပေါ့။ သက်ဆိုင်သူတွေကျတော့ မုန်းခြင်းအားဖြင့် မုန်းကြလေကုန်သတည်းလို့ ပြောရမှာဘဲ။

 

လူတစ်ယောက် ဘာကို တန်ဖိုးထားတယ်၊ ဘာကို အလေးအနက်ထားတယ်၊ ဘာကို လှိုက်လှိုက်လှဲလှဲ ရှိနေတယ်ဆိုတာ အခုခေတ်ကြီးမှာ သိပ်ပြီး အားစိုက်ဖို့ မလိုတော့ဘူး ထင်တယ်။ ဘာကြောင့်လဲဆိုရင် FB ပေါ့။ လူအထင်ကြီးအောင်၊ ဆရာကြီးလို့ အထင်ခံရအောင် ဘာတွေ ဘယ်လိုဘဲ လုပ်နေ လုပ်နေ လှစ်ခနဲ့ ဖြစ်လာတဲ့ စိတ်နဲ့ Click နှစ်ချက်လောက် လုပ်လိုက်တာနဲ့ ကိုယ့်အတွင်းစိတ်ကို ပြန်ဖော်ပြသလို ဖြစ်နေတတ်ကြတယ်။ FB မင်းသားကြီးရဲ့ အဲဒီ ကိုအေးနေ၀င်း တို့နဲ့ ကင်မ်အဲရစ်စ်တို့ ယှဉ်ပြီး ပညာတတ် တစ်ယောက်ရေးထားတဲ့ စာကို ဝေမျှခြင်းဟာ ချစ်ခြင်းအားဖြင့် မဟုတ်ဘူး။ ရိုးသားစွာဖြင့်လဲ မဟုတ်ဘူး။ သစ္စာရှိစွာဖြင့် လို့ ပြောရမလားပါဘဲ။

 

ဗန်းမော်တင်အောင်ဆိုလို့ အခု ကျွန်တော်က ဆရာကြီးရဲ့ “ဘုန်းမောင်တစ်ယောက်တည်းရယ်” ဆိုတဲ့ စာအုပ်ကို ဒုတိယအကြိမ်ပြန်ဖတ်နေမိတယ်။ ၀တ္ထုထဲက ကိုဘုန်းနိုင်၊ မရင်မေတို့ အကြောင်းက ကျွန်တော့်အတွက် သိပ်မထူးခြားတော့ပါဘူး။ အငတ်ငတ်အပြတ်ပြတ် ကိုဘုန်းနိုင်က ကျွန်တော့်ကို ပထမအကြိမ်ဖတ်စဉ်ကလောက် စွဲဆောင်မှု မရှိတော့ဘူး။ ၀တ္ထုအစပိုင်းလောက်မှာ ဆရာကြီးရဲ့ နိုင်ငံရေး အမြင်၊ ကမ္ဘာ့ရေး အမြင်တွေနဲ့ သူတို့ ခေတ်ကို ယှဉ်ပြီး စဉ်းစားကြည့်မိတယ်။ တကယ့် မြန်မာ့နိုင်ငံရေး အနှစ်ချုပ်တစ်ခုကို ပညာတတ် တစ်ယောက်အမြင်နဲ့ ဆရာကြီးက သူ့စာအုပ်ထဲမှာ ထည့်ရေးခဲ့တာပါလား။

 

အခုခေတ်မှာ အင်္ဂလန်ဆိုရင် ပရီးမီးယားလိဂ်၊ တစ်ပါတ်ကို ပေါင်သုံးသိန်းရတဲ့ ရွန်းနီ၊ 007 ဂျိမ်းစ်ဘွန်း၊ MI16၊ မင်းသားဝီလျှံ တို့ကို ကျွန်တော် ပထမဆုံး တွေးမိတယ်။ ဒီလူတွေ ဒီလောက် ချမ်းသာ စနစ်ကျနေတာကို အထင်ကြီးမိတဲ့ စိတ်က အင်္ဂလိပ်-မြန်မာ စစ်ပွဲ သုံးခု၊ ကျောင်းသားသပိတ်တွေ၊ ရေနံမြေသပိတ်တွေ၊ ဆရာစံ၊ ဗိုလ်ချုပ်တို့ကို တွေးမိလိုက်ရင် အတော် စုတ်ပဲ့ခဲ့တဲ့ လူတွေကို တွေးမိလိုက်တယ်။ သူ့နိုင်ငံ ချမ်းသာကြွယ်ဝဖို့ သူ့ကိုလိုနီနိုင်ငံတွေရဲ့ အသွေး၊ အသားကို ပက်ပက်စက်စက်၊ မညှာမတာ စုပ်ယူခဲ့တဲ့ လူတွေပါလားလို့ တွေးမိပြန်တယ်။ တစ်ဖက်က လှည့်တွေးပြန်တော့ နိုင်သူ အကုန်ယူစတမ်းခေတ်ကြီးမှာ သူတို့ နိုင်ရာ အကုန်ယူသွားခဲ့တာနဲ့ဘဲ ပရီးမီယားလိဂ် ဘောလုံးပွဲတွေ မကြည့်ဘူးလို့ ကျွန်တော် သပိတ်မမှောက်နိုင်ပါဘူး။

ကျွန်တော်တို့ အခုခေတ်ကြီးကျတော့ရော…စစ်အာဏာရှင် သူခိုးကြီးတွေကို မုန်းတာနဲ့ စစ်တပ်ကို မုန်းနေကြတာနဲ့ တစ်ခြားစီဆိုတာ အများစုသော လူတွေ တွေးမိကြမှာပါ။ ဒီနေရာမှာ အင်္ဂလိပ်ကို ကိုဘုန်းနိုင်တို့ မုန်းခဲ့ကြတာနဲ့ အခုခေတ် မြန်မာလူမျိုး စစ်အာဏာရှင်တွေကို ကျွန်တော်တို့ မြန်မာလူမျိုး အများစု မုန်းနေကြတာနဲ့ ဒီနှစ်ခုကို ယှဉ်ကြည့်မိတယ်။ ၀မ်းနည်းပါတယ်လို့ ပြောရင် ၀တ်ကျေတမ်းကျေ ၀မ်းနည်းကြောင်း သ၀ဏ်လွှာတစ်ခုထက် ပိုတယ်ဆိုတာ ယုံစမ်းပါဗျာ။ မြန်မာလူမျိုး အချင်းချင်း မုန်းနေရတာ သိပ်ဝမ်းနည်းဖို့ ကောင်းတယ် မို့လား။

 

ကျွန်တော်တို့ ဒီခေတ်ကြီးကို ဗုဒ္ဓဘာသာ အလို အရဆိုရင် ဆုတ်ခေတ်ကြီးပေါ့။ အသက်ငါးဆယ်ကျော်ရင် ဘယ်အချိန် ဘာရောဂါ ထပေါ်လာမလဲ။ ဘယ်အချိန် ဘယ်လို သေရမလဲလို့ တွေးကို တွေးရမယ့် ခေတ်ကြီးမို့လား။ ပေါလိုက်တဲ့ ရောဂါဘေးအန္တရယ်။ သူငယ်ချင်း မိတ်ဆွေတစ်ယောက်ပြောနေကြစကားရှိပါရဲ့။ “ဘာမှ မဟုတ်ဘူးကွ။ တကယ်ကျတော့။ ဘ၀ကြီးက ဘာမှ မဟုတ်ဘူး”တဲ့။ ဘ၀ကို ဘယ်လို ဖြတ်သန်းလို့ ဖြတ်သန်းနေမှန်းမသိ၊ သိပ်လဲ အစာမကျေနပ်တဲ့ ကျွန်တော်က “အေးကွ..ဘာမှ မဟုတ်ဘူးဗျ” လို့ လိုက်ပြီး ထောက်ခံမိတယ်လေ။

 

ဟုတ်ပါတယ်…ဗုဒ္ဓဘာသာဝင် ကျွန်တော့်အတွက် နောင်ဘ၀ လားရာက ဘယ်ကို သွားမယ်ဆိုတာ အကောင်းအဆိုး ရောယှက်လို့ ဘယ်ကို ဦးတည်မှာလဲ။ အခု ကျွန်တော့် အသက် ဆယ်စုနှစ် သုံးခု ကျော်ခဲ့တာ အသားကျနေပြီလေ။ အခုခေတ်လူ့သက်တမ်းနဲ့ ယှဉ်ရင် တစ်ဝက်ကျိုးပါပေါ့။ ချစ်ခြင်းအားဖြင့် ဘ၀ကို သွားခဲ့တာလား။ မနာလိုဝန်တို မုန်းခြင်းအားဖြင့် ဖြတ်သန်းခဲ့သလား။

 

ယုံပါဗျာ။ သူငယ်ချင်း ပြောသလို ဘ၀ကြီးက ဘာမှ မဟုတ်ဘူးဗျ။ ကိုဘုန်းနိုင်က မရင်မေကို ချစ်ခြင်းအားဖြင့် လမ်းခွဲခဲ့သလို၊ ကိုငှက်ကြီးရဲ့ ချစ်ခြင်းအားဖြင့်လို့ လက်မှတ်ထိုးသလို ခင်ဗျားတို့ရဲ့ မုန်းခြင်းအားဖြင့်တွေကို ချစ်ခြင်းအားဖြင့် ဖယ်လိုက်ပါ။ ကျွန်တော်လား…ဒီစာလေးကို ရေးနေကတည်းက ချစ်ခြင်းအားဖြင့် ရေးတယ်လို့ မှတ်ပါ။ တကယ်ပါ…ချစ်ခြင်းအားဖြင့် ကျွန်တော်တို့ သွားကြရအောင်။ မချစ်နိုင်တော့ရင်တောင် မုန်းခြင်းအားဖြင့် ဘ၀ကို မဖြတ်သန်းပါရစေနဲ့။ တကယ်ပါ…ဘ၀ဟာ ချစ်ခြင်းအားဖြင့်ဘဲ သွားသင့်တာပါ။

 

လူ့ဘ၀ တစ်ခုက အမှန်တကယ်ကျတော့ ချစ်ခြင်းအားဖြင့်ရော…မုန်းခြင်းအားဖြင့်ပါ မဖြတ်သန်း သင့်ဘူးမို့လား။ အချစ်၊ အမုန်းတွေ ခင်ဗျား မြန်မြန်ဖြတ်နိုင်လေ ခင်ဗျားအတွက် အကောင်းဆုံးဘဲ ဆိုတာ သိမှာပါ။ ဒါပေမယ့်ပေါ့ဗျာ… ဘာဘဲ ဖြစ်ဖြစ် ဒီဘ၀လေးမှာ ချစ်ခြင်းအားဖြင့်ဘဲ သွားကြပါစို့ရဲ့ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts