ရသဆောင်းပါးစုံ မောင်အောင်မွန်

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၄၀၄)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၄၀၄)
(မိုးမခ) မတ်လ ၂၃၊ ၂၀၁၉
(၆၆) နှစ်ကြာခင်မင်သွားသူ ကိုထွန်းအောင်အား ဂုဏ်ပြုလွှာ

(၁)
၂၀၁၉ ခု၊ မတ်လ (၉)ရက်နေ့ည ကျွန်တော်အိပ်ယာဝင်ခါနီး၌ သူကွယ်လွန်သွားပြီဟု သိလိုက်ရ၏။ တော်တော်နှင့်အိပ်လို့မရ၊ သတိရစရာ တွေးစရာတွေ ရောယှက်ကာ ပေါ်လာသည်။ ၁၉၅၃ ခု၊ နှစ် (၁၆)နှစ် (၁၇) နှစ်သားအရွယ် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရောက်ကြ၊ ဆုံကြ ခင်မင်ခဲ့ကြသမို့ (၆၆)နှစ်လေပြီ။

သူကွယ်လွန်ချိန်တွင် ကျွန်တော်တို့ အသက် (၈၂) နှစ် ကျော်ကြပြီမို့ အမေရိကန်နိုင်ငံ၏ လူ့သက်တမ်းထက်ပင် ကျော်လွန်နေပါပြီ။ အကောင်းဆုံးသော ဆေးဝါးကုသမှုကိုလည်း အပြည့်အ၀ရသွား၏။ လွန်ခဲ့သောရက်အနည်းငယ်ကပင် သူရင်ဆိုင်နေရသော ရောဂါများအကြောင်းကို ဘောလုံးပွဲ တင်းနစ်ပြိုင်ပွဲ အကြောင်းများနှင့်အတူ အေးအေးလူလူ တယ်လီဖုန်းထဲကနေ ပြောဖြစ်သေးသည်။ ကွယ်လွန်သူ မိတ်ဆွေ၏ ဂုဏ်ပြုတွဲသို့ သွားရောက်စကားပြောနေပုံ Facebook ပေါ်မြင်လိုက်ရသေးသည်။

 

ပုံ (၁)

ဘောလုံးသမား၊ တင်းနစ်သမား လူသားထွန်အောင် လူ့ပြည်တွင် နေသွားပုံ သေသွားပုံ ရေးပါမည်။

(၂)
အင်္ဂလိပ်ခေတ်က District Commissioner of Police ခရိုင်ရဲဝန်၊ စစ်ပြီးစ ဘုရင်ခံအစိုးရအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ခေါ်ယူ၍ ရန်ကုန်ပြန်ရောက်၊ လွတ်လပ်ရေးရတော့ Rangoon Mtropolitan Police Commissioner ဦးအောင်ချိန်၏ ဒုတိယသား ကိုထွန်းအောင်က ဇန်န၀ါရီလ(၄) ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀၊ ဘုရင်ခံအိမ်တော်မှ အခန်းအနားသွားတက်သော သူ့အဖေအား သူ့အမေကိုယ်တိုင် ရဲမင်းကြီးတံဆိပ် တပ်ပေးပုံ ပြောပြဖူး၏။

တက္ကသိုလ်ရိပ်သာလမ်းတွင် ကိုယ်ပိုင်ခြံနှင့်နေသော ထွန်းအောင်သည် ပထမ နေ့ကျောင်းသားအသင်း ထို့နောက် University Fist Eleven ဖြစ်လာသည်။ အောင်ဆန်းကွင်းက ဘောလုံးပွဲအပြီး ဘတ်စ်ကားကြီးနှင့် ပြန်လာတိုင်း သူ့အိမ်ရှေ့ သူဆင်းသွားတိုင်း သူ့နေရာတွင်ဝင်ထိုင်နေကျမို့ ဆရာငြိမ်းနှင့်အားလုံးမြင်နေကျ။

နောက်ပိုင်းနှစ်များ ကျွန်တော်မဆိုစလောက် တင်းနစ်ရိုက်လာချိန်တွင်လည်း University (A) Team မှ ထွန်းအောင် ရိုက်ရာသို့လိုက်ပါကြည့်ဖြစ်၏။ သူ B.A အောင်သွားချိန် ဘောလုံးကန်ချင်သေး၍ ဆရာငြိမ်း ပြောသည့်အတိုင်း B.L. တက်သည်။

တက္ကသိုလ်ကထွက်လာတော့ ရှေ့နေလုပ်၏။

ဘောလုံးမကန်တော့ တင်းနစ်ဆက်ရိုက်ရာ ပိုမိုအောင်မြင်ကာ Burma David Cup အသင်းဝင် ဖြစ်လာ၏။ ရန်ကုန်သို့အလည်လာသော U.S. David Cup Team နှင့်ဧည့်ခံပွဲတွင် တင်းနစ်အကျော်အမော် များကြား ဂျိုးဘမောင် (တိုက်ပုံနှင့်) ကပ်လျက် အသက်(၂၀)ကျော် ထွန်းအောင်အား အနောက်တိုင်းဝတ်စုံနှင့် တွေ့မြင်ရသည်။ အားကစားအကြောင်းပြုကာ နိုင်ငံခြားမိတ်ဆွေကောင်းများ အပြန်အလှန်ရကြလေပြီ။

မြန်မာပြည် လွတ်လပ်ရေးရပြီးစ ပူပူနွေးနွေး–။

ဆိုရှယ်လစ်ခေါင်းဆောင် တစ်ယောက်၏ မီးခွက်မှုတ်အကြောင်း ဖေါ်ပြသည့်သတင်းစာများကို ချိပ်ပိတ်ရန် အစွမ်းထက်ပြည်ထဲရေး ၀န်ကြီးအမိန့်ပေးသည်ကို ဦးအောင်ချိန်က တရားရုံးတော်၏အမိန့်နှင့်သာ လုပ်လို့ရကြောင်းဆိုကာ ငြင်းယ်လိုက်ရာ ပြည်ထဲရေး ၀န်ကြီးကိုယ်တိုင် ညွှန်ကြားက ဆိုရှယ်လစ်များစုပြီး သတင်းစာတိုက်များကို ၀င်ရောက်တိုက်ခိုက် ဖျက်ဆီးပစ်ပြလိုက်သည်။

ပုံ (၂)

ရန်ကုန်မြို့လယ်တွင် I.C.S. ဦးတင်ထွဋ် အသတ်ခံရသည့်ကိစ္စ စုံစမ်းရာ တရာခံဖေါ်ထုတ်ခါနီး လူသတ်သမားထံက မိသားစုနှင့်အတူနေချင်ရင် စုံစမ်းမှုရပ်လိုက်ပါဆိုသော စာရရှိ၍ ၀န်ကြီးချုပ်ထံတင်ပြရာ ဦးအောင်ချိန်အား လန်ဒန်သို့လေ့လာရေးစေလွှတ်ကာ ရာထူးကဖယ်ရှားလိုက်၏။

ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးကို လိုလားသူမို့ သူ့သား ရှေ့နေလုပ်ခြင်းကို အားပေးသည်။

ဥပဒေစာအုပ်များ ၀ယ်ပေးပြီးဖတ်စေသည်၊ ကူညီရှင်းပြသည်၊ ဒေါက်ဗမော်လိုက်သည့် အမှုများသို့ စေလွှတ်လေ့လာခိုင်းသည်–စသဖြင့်–စသဖြင့်။
(၃)
သို့သော်လည်းအလုပ်သိပ်မဖြစ်လိုက်ပါ။

၁၉၅၈ ခုတွင် အိမ်စောင့်အစိုးရ အမည်ခံ ပထမအကြိမ်စစ်တပ်က အာဏယူသည်။

၁၉၆၂ ခု၊ မတ်လ(၂) ရက်နေ့တွင် စစ်တပ်က အပြီးအပိုင် အာဏာသိမ်းလိုက်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားလွှတ်တော်ချုပ် စသည်တို့ တစ်ခုပြီးတစ် အမိန့်တိုလေးတွေနှင့် ဖျက်သိမ်း၍ ရှေ့နေကြီး ဦးထွန်းအောင်ခမျာ အခြေအနေလိုက်ကာ ဖြစ်သလိုသာ အမှုလိုက်ရတော့ရှာ၏။

(၄)
ဆိုရှယ်လစ်အတု မဆလ ခေတ် မြန်မာပြည်တွင် ခပ်မြန်မြန် စနစ်မဲ့ စီးပွါးရေးကျ အကျင့်ပျက်ကြပြီ။

ကိုထွန်းအောင်ကမူ စားဝတ်နေရေး မပူမပင်ရသူမို့ အိမ်ထောင်ကျ၏။ ရှေ့နေလိုက်ရင်း တင်းနစ်ရိုက်ရင်း သမီး(၂)ယောက် ဖခင်ဖြစ်လာသည်။ စနစ်ကို စနစ်တကျ ဖျက်လာကြချိန်၌ မူမရှိသူများ၊ ကပ်ဖါးများ၊ သတင်းပေးများ ကြီးပွါးလာရာ စစ်ထောက်လှမ်းရေးကို ဘာမှန်းမသိ ကြောက်နေကြရသည်။ ၁၉၆၉ ခု၊ လောက်က နိုင်ငံဂုဏ်ဆောင် ဗိုလ်မှူးကြီး ဗထူး၏သား တပ်မတော်အရာရှိ ဗိုလ်မှူး မြင့်ထူးသည် ရေကြည်အိုင်၌ မမှန်သောစွပ်စွဲချက် ပေါ်အောင်ညှဉ်ပန်း စစ်ဆေးရင်း ရေတစ်စက်လေးတောင် မျိုချမရပဲ သေဆုံသွားကြောင်း သတင်းကြားနေကြရ၏။

ထောက်လှမ်းရေး သတင်းပေးများ နေရတကာတွင် ထားရှိသည်။

သံရုံးကားမောင်းသော ဒရိုင်ဘာကပေးသော သတင်းကလည်း ဧရာမပြစ်မှုကြီး ဖြစ်ချင်ဖြစ်တတ်၏။ စွပ်စွဲခံရသူ၏ဖြောင့်ချက် မရမချင်း မတွေးဝံ့မရေးဝံ့သည့် နည်းများသုံးပုံ လူအများသိထားးကြ၏။ ကံဆိုးသူ ကိုထွန်းအောင်ခမျာ မမှန်သော စွပ်စွဲမှုဖြင့် အဖမ်းခံရမည့်ဆဲဆဲ တစ်ကိုယ်တည်း တောလမ်းကနေ ထွက်ပြေးရ၊ သမီးငယ်ဝေမာ (၆) လအရွယ်နှင့် မိသားစုကို ပစ်ထားခဲ့ရသည်။

သူအမေရိကန်သို့ ရောက်သွားကြောင်း သတင်းရ၏။ နောက်ပိုင်းတွင် သူ့ဇနီးသည် သမီးလေးများနှင့် စွန့်စွန့်စားစား နယ်စပ်ကိုပြေးပြီး မိသားစုပြန်စုမိကြ၏။ နှစ်အတန်ကြာသောအခါ V.O.A မြန်မာပိုင်းက သူ့အသံ ကြားကြသည်။

အစိုးရသတ်မှတ်ချက်အတိုင်း ကျွန်တော်မြန်မာ့အသံကထွက် V.O.A တွင် အလုပ်ရသော်လည်း မသွားရ၊ ထပ်ဖြေထပ်အောင် ထပ်ပြီးအဖယ်ခံထားရ၏။ တစ်နေ့ အင်အားအားစားဂျာနယ်တိုက်တွင် ထိုကိစ္စ စကားစပ်မိတော့ အားအစားမှူး ဦးမင်းလွင် (ဒေါ်ငြိမ်းရွှေ၏ခင်ပွန်း)အား ဆရာငြိမ်းက ၀င်းအောင်အလုပ်ရမှ ထွန်းအောင်အိမ်မှာနေမှာပေါ့ဟုပြော၏။

အတန်ကြာသော် မိသားစု (၄) ယောက်ဆို အဆင်ပြေစွာနေနိုင်သည်ဟု စာတိုလေးရ၏။ ထွက်လို့မရ၊ ၁၉၉၂ ခု၊ ဘန်ကောက်သို့ စွန့်ပြီးထွက်၊ သတင်းထောက်လုပ် ကြိုးစားရပြန်သည်။ အသံလွှင့်ဖူးဖို့ဝေးစွ၊ စတူဒီယိုထဲမရောက်ဖူး မိုက်ကရိုဖုန်းမမြင်ဖူးသူတို့ ရနေရောက်နေကြပြီ။

အဆက်အသွယ်များရ ကူညီသူများရှိလာ၍ နောက်ဆုံး V.O.A တွင် အလုပ်ရလေပြီ။

(၅)
၁၉၉၅ ခု၊ အောက်တိုဘာလ (၁၅) ရက်နေ့ ဒေသစံတောချိန် ညနေ (၆)နာရီခန့်တွင် ကျွန်တော့်အား Washington DC လေဆိပ်တွင် V.O.A မှ အကြီးတန်း အယ်ဒီတာ ဦးခင်မောင်ဝင်း လာကြိုသူ့အိမ်မှာညစာစား အိပ်ပြီး မနက် (၃) နာရီခွဲလောက် သူ့ကားနှင့် ရုံးလိုက်သွား၊ မနက်ပိုင်းအစီအစဉ်၌ ပါဝင်ရ၏။

သည်လိုနှင့် ရောက်ပြီး (၁၂) နာရီမပြည့်သေးမီ သတင်းဆောင်းပါးတစ်ပုဒ် ဘာသာပြန် အသံလွှင့်ရပြီ။
(၁၀) နာရီလောက်တွင် Day Shift သမားများရောက်လာကြသည့်ထဲသူပါလာရာ ဟေ့ ဒိုင်ဗင် ထွန်းအောင် ကိုနေ၀င်းကန်လိုက်တဲ့ ကော်နာ ခေါင်းတိုက်သွင်းတော့ လူပါဝင်သွားတာ မှတ်မိသေးလားဟု မေးလိုက်၏။ ဆရာငြိမ်းသူ့ကိုပေးထားသော နာမည်ပါ။ သူနှင့်အတူ ကိုစိုးသင်း (တက္ကသိုလ်အသင်း နံပါတ် -၃- ဂိုးသမားပါ အားပါးတရ ရယ်မောကြသည်။

ဝိုင်းတော်သားတွေထဲ ကျွန်တော်နှင့် ခင်မင်ပြီးသူများဖြစ်ပြီး အားလုံးကနွေးထွေးစွာကြိုဆို ကူညီကြ၏။ ကိုစိုးသင်းအစား ကျွန်တော်သည် ကိုထွန်းအောင်နှင့် အားကစားအစီအစဉ် တွဲလွှင့်ရပြီ။ ဦးခင်မောင်ဝင်းအိမ်၌ (၁၅) ရက်ခန့်နေပြီး V.O.A မှ (၁၀) မိနစ်ခန့်သာ လမ်းလျှောက်ရသော Apartment သို့ပြောင်းရာ ဦးဇော်ဝင်းက အစစအရာရာ ကူညီပြသသည်။

ပုံ (၃)

အမေရိကန်သို့ရောက်ကြပြီး လက်ညီတက်ညီ လုပ်ကိုင်ကြသောကြောင့် ကိုထွန်းအောင်မိသားစု အဆင်ပြေ အခြေကျနေကြပြီ၊ သူ့မိသားစုထံ ခေါ်သွားပြီး မိတ်ဆက်ပေးရာ တက္ကသိုလ်ရိပ်သာလမ်းအိမ်လို ကြီးကျယ်ခန်းနားသည့် ကိုယ်ပိုင်တိုက်ကြီးသို့ရောက်ခဲ့ရ၏။ အဖေနှင့်ပြန်တွေ့စဉ် မမှတ်မိသော သမီးငယ် ဝေမာလေးက တက္ကသိုလ်ကျောင်းသူကြီးဖြစ်နေပြီ။

သူ့အိမ်ထက် ကျွှန်တော်ငှါးနေသော Apartment သို့ သူပိုရောက်သည်။

မိသားစု တကွဲတပြားစီဖြစ်နေသော ကျွန်တော့အပေါ် ရှိရင်းစွဲခင်မင်မှုအပြင် စာနာစိတ်ကြောင့်ထင်ပါရဲ့ အများဆုံးရောက်၊ အကူညီဆုံးဖြစ်လာပြီ။ ပထမ ကျွန်တော့်သား–နောက်ပိုင်း ဇနီးနှင့်သမီးရောက်လာတော့ ပိုရောက် ပိုကူညီသည်။ ကျွန်တော်တို့ မိသားစု အားထားရာ ဦးတူးဖြစ်လာပြီ။

၂၀၀၄ ခု၊ ကျွန်တော်နှင့်ဇနီး ဘုရားဖူးထွက်ရာ လိုအပ်ချက်အရ ပစ္စည်းများပိုင်ဆိုင်ခွင့်နှင့် ကလေး (၂)ယောက် အုပ်ထိန်းသူအဖြစ် ဦးထွန်းအောင်က တရားဝင်ဆောင်ရွက်ပေးသည်ကိုကြည့်ပါ။

V.O.A မြန်မာပိုင်းတွင် အပြောင်းအလဲ တွေခပ်မြန်မြန် ခပ်များများ ရှိလာသည်။

လုပ်ငန်းခွင်တွင် ဖြစ်လေ့ရှိသည့် အဖုအထစ် မပြေမလည်မှု စသည်တို့ကြား ကျွန်တော်တို့၏ ခင်မင်မှု ပိုမိုခိုင်မြဲ ရင့်ကျက်လာ၏။ ရုံးမှာတွေ့ကြ လုပ်ကြကိုင်ကြ၊ ရုံးဆင်းတော့အိမ်ပြန် ရုံးကိစ္စရုံးမှာကျန် မဟုတ်လား။

အချိန်တန်တော့ ဦးထွန်းအောင် ပင်စင်ယူ၏။ နောက်ပိုင်း ကျွန်တော်လည်း ပင်စင်ယူလိုက်၏။

(၆)
နှစ်ယောက်သား အချိန်ပိုရ၍ ပိုပြောဖြစ်ကြသည့်ထဲ– စောစောပိုင်းကိစ္စများလည်းပါ၏။

လုပ်ရင်းသင် သင်ရင်းလုပ်ဟု သူကပြောလည်းပြော လုပ်လည်းလုပ်သည်။ သူ့ဘက် ဇနီးဘက်က သာချင်းများ ရောက်လာတော့ နေရေးထိုင်ရေး၊ အလုပ်အကိုင်၊ ဆေးဝါးကုသမှု၊ ကလေးများ ပညာရေး စသဖြင့် ဦးထွန်းအောင်ပိုလုပ်ရ၏။ ပိုတတ် ပိုကျွမ်းလာ၏။

ပထမ သူတို့သမီးကြီး မတူးမာ အိမ်ထောင်ကျ၏။ အချိန်တန် ကလေးရလာတော့ သူအဖိုးဖြစ်ရပြီ။ မြေးရှိရာသို့ အဖွါးနောက်လိုက်ကာ မကြာခဏ ခရီးနှင်ရသည်။ နောက်ပိုင်း မဝေမာအိမ်ထောင်ကျပြန်တော့ အားကစားသမားမို့ သမက်နှင့်ယောက္ခမ ပိုလည်းအဆင်ပြေ အတူနေကလည်းများမို့ ပျော်တပြုံးပြုံးပေါ့။ ပြန်ပြောပြတိုင်း သူ့အသံကရွှင်နေ၏။
ဝေးလံသီခေါင်သော ကျွန်တော့်အိမ်သို့ ရောက်အောင်သူလာသည်။

ကျွန်တော်သွားလျှင်လည်း ဘူတာမှာသူလာကြိုကာစားကြသောက်ကြ ပြောကြဆိုကြနှင့် မမောနိုင် မပန်းနိုင်။ ဘောလုံး–တင်နစ် အကြောင်းအပြင် သူလုပ်ဆောင်နေသော ဘုန်ကြီးကျောင်းကိစ္စ၊ ပရဟိတကိစ္စ၊ လူမှုရေး ဝေယျာဝစ္စ စသဖြင့် လုပ်လည်းလုပ်နိုင်ပါဘိ။

မြန်မပြည်တွင် တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ပြန်လည်ရရှိရေး ကြိုးပမ်းရာတွင် ပါဝင်သော ဦးထွန်းအောင်အား အမြင်ကျယ် ဗဟုသုတကြွယ်သူအဖြစ် နှစ်လိုဖွယ် ကျွန်တော်သတိထားမိ၏။ နှစ်ယောက်စလုံးနှင့် သိသော ခင်မင်သော သူများအကြောင်းပြောဆိုကြနှင့် ဆရာငြိမ်းအကြောင်းရောက်– မကြာခဏ ငွေပို့ကန်တော့ဖြစ်ကြသည်။ ဆရက တွေ့ရာလူအား ပေဖြစ်ပုံသိရ၍နှစ်ယောက်သားရယ်ကြရ၏။

2018 World Cup Russia ဖွင့်ပွဲနေ့က ကျွန်တော်အိမ်သို့ ကိုကျော်ဇော်ညွန့် ရောလာအတူကြည့်ရင်း သူ့ထံတယ်လီဖုန်းဆက်က ပြောကြဆိုကြ ငြင်းကြခုံကြနှင့်– (၃) ယောက်သား သူ့အိမ်တွင်ဆုံကြဖို့ စီစဉ်ကြ၏။

(၇)
ဦးထွန်းအောင်သည် အစားအသောက် အနေအထိုင် အင်မတန်စနစ်ကျ စည်းကမ်းကြီးသည်။

ကျွန်တ်ေတို့ ပြန်ဆုံချိန်ကတည်းရှိနေသော ဆီးချို၊ နှလုံးရောဂါ၊ နောက်ပိုင်း ကျောက်ကပ် စသဖြင့် ရှိလာပုံ တယ်လီဖုန်းထဲကနေ ပြောပြသည်။ အဆင်ပြေသလောက် သူတင်းနစ်ရိုက်သေးသည်။ မတတ်နိုင်လျှင် ဂေါက်သီးရိုက်သည်။ အတတ်နိုင်ဆုံး စိတ်ရောကိုယ်ပါ လှုပ်ရှားသည်။ ထွန်းအောင်ဆိုတာ အိပ်ယာပေါ်တွင် ပက်လက်မနေဟု ပြနေဘိအလား။
သူနှင့်စကားမပြေဖြစ်သည်မှာ (၇) ရက်ပင်မရှိသေးဟု ထင်၏၊ သေမင်းက သူ့ကိုနိုင်သွားပြီ။

အမေရိကန်သို့ရောက်စ ကမ္ဘာကျော်တင်းနစ် ချန်ပီယံကြီး အာသာအက်ရှ်ဆီမှာ အလုပ်လုပ်ရင်း တင်းနစ်အကြောင်း မကြာခဏဆွေးနွေးဖူသူ တင်းနစ်ကိုစွဲစွဲလန်းလန်းချစ်သော တင်းနစ်သမားထွန်းအောင်၏ နောက်ဆုံအချိန်–ကျွန်တော့်စိတ်ထဲတွင်–

1st set အပြတ်ရှုံးပြီး 2nd set တွင်လည်း မရှုမလှအရေးနိမ့်နေပြီး၊ ကျလာသော ဘောလုံးနောက် မလိုက်နိုင်၊ မိမိဘက် စပေးဘော (Service) တိုင်း ပိုက်တန်းကိုမကျော်နိုင်တော့–သို့သော် walk over မပေး၊ အနာခံကာ အံကြိတ်က Match Point ရောက်သည်အထိရိုက်ပြီး ရှုံးသွားတော့မှ ပိုက်တန်းဆီသို့ လျှောက်သွား၊ အနိုင်ရသူ(သေမင်း)အား Congratulate လုပ်သည်။

ထို့နောက် ဒိုင်လူကြီး Chair Umpire (သေခြင်း ရှင်ခြင်းဆုံးဖြတ်သူ) ထံသွားရောက်ပြီး မိမိကရှုံးပြီး သေမင်းကနိုင်သွားသည် သဘောတူလက်ခံပါကြောင်း တင်းနစ်သမားကောင်းပီသစွာ လက်ဆွဲနှုတ်ဆက်၏။

သူနိုင်ရန် နည်းပြအဖွဲ့ (ဆရာဝန်ကြီးငယ်တို့)၊ အားပေးကြသော ပရိသတ်( မိသားစု၊ ဆွေမျိုးများ၊ မိတ်သင်္ဂဟ- စသူတို့) အားကျေးတင်သည့်အနေနှင့် ဦးညွှတ်ဂါရ၀ပြုပြီးနောက် သူ၏ အိတ် (Tennis Bag) ထဲ သယ်နိုင်သမျှ ကုသိုလ်ကောင်းမှု များထည့်ကာ ကွင်း (လူ့လောက) ထဲက ထွက်ခွါသွားပုံမြင်ယောင်ရင်း (၆၆) နှစ်တာ ခင်မင်သွားသူအား ဂုဏ်ပြုရေးသား လိုက်ရကြောင်းပါ။

ပုံများမှာ
(၁) တင်းနစ်အကျော်အမော်များ
(၂) ဇနီးသမီးလေးတို့ လွတ်မြောက်လာပုံ
(၃) ဝေမာတို့သားအဖ။

၂၀၁၉ ခု၊ မတ်လ (၁၈) ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts