ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ကိုယ်နဲ့လမ်းခွဲသွားတဲ့ ကမ္ဘာကြီးအကြောင်း သောင်းပြောင်းထွေလာ

ဆောင်းယွန်းလ ● ကိုယ်နဲ့လမ်းခွဲသွားတဲ့ ကမ္ဘာကြီးအကြောင်း သောင်းပြောင်းထွေလာ
(မိုးမခ) မတ်လ ၂၃၊ ၂၀၁၉

အခမဲ့လွတ်လွတ်လပ်လပ်တွေးနိုင်ပါတယ်
ရေးရေးလေးတောင်မထင်ခဲ့ဘူး
ဘယ်လိုဘဲ တွဲရေးပေမယ့်လည်း
ချမ်းသာခြင်းနဲ့ ဆင်းရဲမှုဟာ တနေရာစီမှာ
မွေးနေ့ပွဲကျင်းပဖို့ကလွယ်လွန်းပြီး
အသုဘကို မြေကျအောင်မချနိုင်တဲ့ပြဿနာ
ကိတ်မုန့်တလုံးကို ကာလတန်ဘိုးဖြတ်မရနိုင်သလို
အခေါင်းတခေါင်းထဲ
အလောင်းနှစ်လောင်းထပ်ထည့်နေရတဲ့ ကာလကြီး
ဒီမီးကို ဘယ်သူတွေပျိုးခဲ့တာလဲ
မြေသြဇာမသုံးရဘဲ ကြီးထွားမြင့်တက်လာတဲ့ အခိုးအငွေ့ တွေထဲ
ဘဝတွေပစ်ချနေရတော့
မိုးလင်းလာပုံက ကြည့်လို့မကောင်းဘူး
ရင်ခုန်သံတွေ ခေါက်ရိုးကျိုးနေတာကြာပြီဆိုတော့လည်း
ဆည်းဆာကိုငေးပြီးတွေးရတာ ဖီးလ်မလာဘူး
တခြားထည့်သောက်စရာ မယ်မယ်ရရဘာမှမရှိလို့ 
ကောင်းကင်ကြီးတခုလုံးကို ဖန်ခွက်ထဲထည့်ပြီး မော့သောက်မိခဲ့တယ်
တယောက်တည်းမူးနေရတဲ့ အရသာမှာ
မြေကြီးဟာ အသားမာတွေအထပ်ထပ်နဲ့
မှတ်သားစရာမပါတဲ့ စကားလုံးတွေကို သင်းသတ်ဖို့ကြိုးစားရင်း
ဘာမှအသုံးမကျခြင်းတွေ မျိုးပွားခဲ့ပုံ
မလုံလောက်ခြင်းတွေသာ ပြည့်နှက်လုံလောက်နေတဲ့ကမ္ဘာ။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts