ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၁)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၁၄၊ ၂၀၁၄
ထောင်ထဲရောက်သူတိုင်း မဖြစ်မနေ ဖြတ်သန်းရမည့်ခရီးတခုရှိသည်။ ထိုခရီးကား တရားရုံးပင်။ စစ်အစိုးရ လက်ထက် တရားရုံးတို့က အရှက်ကင်းမဲ့သော နေရာတစ်ခုဟုပင် ပြောရတော့ပေမည်။ ထောက်လှမ်းရေးက ပြစ်ဒဏ်သတ်မှတ်ပြီးသားကို လာရောက်ဖတ်ပြရသော အဆင့်မှာသာရှိသည်ဟု ဆိုရပေမည် ။ ဘယ်လိုဖြစ်ဖြစ် ထောင်စကားနှင့်ပြောရမည်ဆိုလျှင် အမှုတွဲ ခံရခြင်းဖြစ်သည်။ တရားသူကြီး တို့သည်လည်း သမိုင်းတရားခံထဲ ပါသည်ဟုဆိုရမည် ။ ကြောက်လို့ပဲ လုပ်ရလုပ်ရ၊ သူတို့က တာဝန်ယူ ထောင်ချပေးခဲ့ရသည်။ ထောင်အချခံရပုံခြင်း တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့ နဲ့တစ်ဖွဲ့ မတူကြ။ 

 

“မင်းတို့ ထောင်ကျတော့ ဘယ်လိုတွေ တရားရုံးကို ရင်ဆိုင်ခဲ့ကြလဲ”

 

တွေ့တဲ့သူတိုင်းကိုမေးဖြစ်သောမေးခွန်းဖြစ်သည်။  အာဏာရှင် စနစ်ရဲ့ပြယုဂ် သင်္ကေတကိုပြပါဆိုလျှင်တရားဥပဒေကို လိုသလို အသုံးချခြင်းဟု ပြောရမည်ထင်သည်။ တချို့တလေ ကျပြန်တော့ တရားဥပဒေက မည်သို့ပင်ဆိုစေ ဟူသော စာသားဖြင့်ပင် ထောင်ကျရသူများလဲရှိနေသည်။

 

“ပိုထူးဆန်းတာက ဦးဇင်းမကြားဘူသေးတဲ့တရားရုံးတစ်ခုရှိတယ် အဲ့ဒါဘာလဲသိလား”

 

ဒီစကားပြောလာသူကို မိမိက မသိကြောင်းပြောပြတော့ သူက

 

“ဖိုကြီးတရားရုံး”

 

တော်တော်ထူးဆန်းသော နာမည်။ ဒီတော့လဲ သူ့ကို မေးလိုက်ရတော့သည်။ သူအတွက်လဲ ပြောစရာစကားတစ်ဖြစ်အောင် စိတ်ထဲ စွဲနေလို့ ဖြစ်မည်။ ဒါတွေဟာ နံရံလေးဘက်ကြားမှာတကယ်ဖြစ်ခဲ့ကြတာတွေ။

 

“ဖိုကြီးတရားရုံးဆိုတဘာလဲ”

 

ထောင်ထဲရောက်လာပြီး ဒီမှာမည်ကိုမသိလိုက်ရလို့မဖြစ်။

 

“ဒီလို ဦးဇင်းရဲ့  ထောင်ထဲဖမ်းထည့်ထား လိုက်တယ်  တရားရုံးကိုတစ်ခါ နှစ်ခါလောက်တော့ထွက်လိုက်ရတယ်  အမိန့်ချမည့်နေ့မှာတော့  လာခေါ်နိုးနဲ့ ထောင်ထဲကနေစောင့်နေကြတယ် ညမိုးချုပ်မှ လူတွေကိုခေါ်ထုတ်သွားတယ် ဖိုကြီးနားရောက်တော့ တန်းစီပြီး လူနာမည်တွေကို ခေါ်လိုက်တယ် တယောက်ချင်းစီကို မင်းက ဘယ်နှနှစ်  သူက ဘယ်နှနှစ် ထောင်ကျပြီ လို့ဖတ်ပြတယ် အမိန့်မချခင် ဘာမှပြန်လည်ပြော ဆိုခွင့်မရကြဘူး တချို့ဆို တရားရုံးတော့ထုတ်တယ်  တရားသူကြီးကိုပြန်ပြောလို့ တထိုင်ထဲ နှစ် ထပ်ထပ်တိုးခံရတဲ့သူတွေ လဲရှိတယ် ဒါပေမယ့် ဦးဇင်းတို့ကိုတော့ ဒီလိုမလုပ်လောက်တော့ဘူးထင်ပါတယ် ဒီကောင်တွေကပြောလို့ရတာတော့ မဟုတ်ဘူး အာဏာကလွဲပြီး ဘာမှမသိဘူး”

 

ထောင်နဲ့တရားရုံးအတွေ့အကြုံကလူတိုင်းကိုယ်စီရှိနေသောနေရာ။ သူများအကြောင်းကိုကြားဖူးသလို ။ကိုယ့်အကြောင်းကိုလည်း မမေ့မ ပျောက် ရှိနေသူတွေချည်း။ ဥပဒေတွေ ပုဒ်မတွေကိုလည်း အားလုံးလိုလို ကြားနေရသည်။ ဒီလို ပြောစကားတွေကြားမှပင် အသစ်ဖြစ်သော မိမိတို့အတွက် ရင်ဆိုင်ရမှု အသစ်တို့ စတင်လာသည်။

 

“စိုးမြင့်ခေါ် ဇဝန ထွက်မယ်”

 

သော့တွဲသံ နှင့်အတူ  တံခါးပွင့်သွားသည် ။ အပြင်ဘက်တွင် ဝန်ထမ်း တစ်ယောက်က ရပ်စောင့်နေသည် ။ အပြင်ရောက်သည်နှင့် လာလိုက်ခဲ့ဟု ခေါ်ရာသို့ လိုက်သွားခဲ့သည်။ ထောင်ဗူးတံခါးဝသို့ အရောက်တွင် ခေါ်လာသူဝန်ထမ်းက ဗူးတံခါးကို မလွယ်ပေါက်က ချောင်းကြည့်ပြီး “ဆရာ ရောက်ပြီ ”

 

အသံအဆုံးတွင် တစ်ယောက်ဝင်သာ တံခါးချပ်က ပွင့်လာသည်။ ဝန်ထမ်းက အထဲဝင်ရန်အချက်ပြလိုက်သည်။ ဗူးထဲ ခေါင်လျှိုဝင်ပြီး သူတို့ခေါ်ရာ အခန်းထဲသို့ ဝင်ရောက် လိုက်သည်။ ထိုင်ခိုင်းသည်။ ပြီးတော့ လူတစ်ယောက် ရောက်လာသည်။မေးခွန်းတွေစမေးတော့သည်။ သူမေးသော မေးခွန်းတို့ စစ်ကြောရေးတုန်းက မေးသော မေးခွန်းလိုမျိုး။ ထူးခြားတာက ထောက်လှမ်းရေးတုန်းက မိမိကို ခေါင်းစွပ် စွပ်ထားပြီးမေးသည်။ အခုက တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်။

 

“ခင်ဗျား ကျောင်းမှာ တိုက်ယဉ်တို့ လုပ်သွားတာတွေကို ပြောပြပါ”

 

ဒီမေးခွန်းက မိမိမဖြေနှိုင်သောမေးခွန်းဖြစ်သည်။ မဖြေနှိုင် ဆိုသည်မှာ လုံးဝမဖြေတတ်သောမေးခွန်းဟုသားအဓိပ္ပါယ်ရမည်။ ဘုန်းတော်ကြီးကျောင်းဆိုသည်မှာ တကျောင်းထဲမဟုတ်။ ကျောင်း အဆောင် လေးငါးခု။ သံဃာလေးငါးဆယ် ရှိသော ကျောင်းကိုထိမ်းသိမ်း နေရသော မိမိအဖို့ ကိုယ့်ကျောင်းက တပည့်သံဃာတွေ တစ်ပါးချင်း၏ အလုပ်တွေကိုတောင် စေ့ငှအောင် သိနှိုင်မည်မထင် ။ ဒီမေးခွန်းကို အကြိမ်ကြိမ် ဒီလိုသာဖြေခဲ့ပြီးပြီ ။ ခုလည်း

 

“ခင်ဗျားစဉ်းစားကြည့်ပါ ကျောင်းတိုက်ထဲမှာ ကျောင်းဆောင် လေးငါးဆောင်ရှိနေတယ်၊ ဒီမှာ သံဃာတွေ ၅၀လောက်ကို ကျုပ်က အုပ်ချုပ်နေရတယ်၊ သံဃာတစ်ပါးချင်း လုပ်နေတာတွေကို တခုချင်းအသေးစိတ်မသိဘူး ပြီးတော့ ခနလေးဖြတ်ကနဲ တွေ့ဘူးလိုက်သူ ဧည့်သည်တစ်ယောက်က ဘာတွေလုပ်သွားတယ်ဆိုတာကို မဖြေတတ်တာက သေချာပါတယ် သူဘာတွေလုပ်သွားတယ်ဆိုတာ တကယ်ကိုမသိဘူး”

 

မိမိ၏ အဖြေစကားကို သူကျေနပ်ဟန်မတူ။ သူကခေါင်းကိုခါယမ်းလိုက်သည်။ သူကတနေရာကို ဂရုတစိုက်ကြည့်နေသည်။ အမှတ်မထင် သတိမထားမိ။  ကိုယ်ဟန် အနေအထားကို  သူကသဘောမကျသည့်ဟန်ဖြင့် ရှိနေသည်။

 

“ခင်ဗျား တရားခံ ဗျ ”

 

သူဘာကိုဆိုလိုလိုက်မှန်း သဘောမပေါက်မိ။ သူ့ကို ပြူးကြောင်ပြီး ကြည့်နေမိသည်။

 

“ခင်ဗျားခြေထောက်ကို အောက်ကိုချထားပါ”

 

ဒီတော့မှ ကိုယ့်ကိုယ်ကို သတိထားလိုက်မိတော့သည်။ ခြေထောက်ကို   တွဲလောင်းအောက်ချထားသော အနေထားမှ ကုလားထိုင်ပေါ်တွင် ဘယ်အချိန်ကတင်ပလ္လင်ခွေ ပြီးခြေထောက်ကို ထိုင်နေမိမှန်းမသိလိုက် ။   ပြုမူနေကြ အမူအယာတစ်ခုကို အလိုလို မသိစိတ်က ပြုလိုက်မိပြီးဖြစ်နေသည်။   ကိုယ့်ကိုယ်ကိုလည်း ရယ်ချင်မိသွားသည်။ ခြေထောက်ကိုအသာအယာ ပြန်ချလိုက်သည်။ အမူ အကျင့်က အရိုးစွဲနေတာကို ။ ဘုန်းကြီးဆိုတာ တင်ပလ္လင် ချိတ် ရတာ သူ့ရဲ့ သမားရိုးကျ အလုပ်။ နေ့စဉ် နေထိုင်နေကျ အမူအကျင့် ။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်က လုပ်နေကျကို ပြုမိပြီးသား။ စိတ်ကတောင်မသိလိုက်။

 

“ခင်ဗျားက ၈၈ထဲက ဆန္ဒတွေပြခဲ့တဲ့အထဲပါခဲ့တယ်ဗျာ နောက်တလျှောက်လုံး ခင်ဗျားကျောင်းဟာ သူပုန်ဌာနချုပ်လိုဖြစ်နေတယ် ဒါကကိုက လှုပ်ရှားမှုတိုင်းမှာ သိကိုသိနေရမယ် နောက် ခင်ဗျားကျောင်းထဲ ဖြစ်သွားတဲ့ကိစ္စ လုပ်သွားတဲ့ကိစ္စ တာဝန်မရှိနေဘူးလား ”

 

“ ကျောင်းမှာဖြစ်လို့ တာဝန်ရှိတယ်ဆို ကျုပ်တာဝန်ပေါ့ ဒါပေမယ့် သိတာကတော့ လုံးဝကိုမသိလိုက်ဘူး ”

 

စစ်ကြောရေးစစ်သူတိုင်း လုပ်တတ်သော ကိစ္စ တစ်ခုရှိသည်။ မျက်လုံးချင်းဆိုင်ပြီးမျက်တောင်မခတ် စိုက်ကြည့် တာ တစ်ယောက်နဲ့တစ်ယောက် အတူတူ ဖြစ်သည်။ စစ်လိုက်သည့်သူတိုင်း မျက်လုံးကိုဆိုင်ပြီး ကြည့်တာတူနေသည်။ သူတို့ ဒါ စိတ်ခွန်အားကို ယှဉ်ပြိုင်တာများလားမသိ။ဒါဆို မိမိစိတ် ကြံခိုင်ကြောင်း ပြရန် မျက်တောင်မခတ်လေ့ကျင့်ခန်းကိုတောင် လုပ်ထားရမလိုဖြစ်နေသည်။  သူစိုက်ကြည့်နေတာကို မသိသလိုလုပ်ပြီး တနေရာကို ကြည့်ရင်း မေးတာတွေကိြုေ့ဖနေလိုက်သည်။ အချိန်သာကုန်သွားသည်။ တိုက်ယဉ်နဲ့မိမိ တရင်းတနှီး ရှိခဲ့ဘူးသည် ဟု သူတို့လိုချင် ပြောစေချင်သော အဖြေကို သူမရလိုက်။ တကယ့်ကို ကိုယ်က သူ့ကိုမသိခဲ့။ ဒါသူ့ကိုလိမ်နေတာမဟုတ်။

 

“  ခင်ဗျား ဖြောင့်ချက် ပေးနှိုင်မလား”

 

သူတို့ လောက၏ စကားတွေကိုနားမလည်မိ။ ဖြောင့်ချက်ဆိုတာ ဘာမှန်းမသိ။  ဘယ်လောက်အရေးကြီးသည်ဆိုတာကိုလည်း သဘော မပေါက်။ ဒီတော့ ဘယ်လိုဖြေရမှန်းပင်မသိ။ ငူငူကြီးသာ ငေးနေမိတော့သည်။

 

“ကဲ နောက်ရက်မှာ ကျုပ်တို့ပြန်လာခဲ့မယ် အဆင်သင့် ပြင်ထားပါ ”

 

လူတစ်ယောက်ဝင်သည်။ ပြီး တိုက်ခန်းထဲသို့ ပြန်လည်ခေါ်ဆောင်ရန် အချက်ပြလိုက်သည်။ ကိုယ်နှင့် အလှမ်းဝေးသော တရားရုံးဆိုင်ရာအလုပ်တွေထဲက တစ်ခု ကတော့စနေပြီလို့သဘောပေါက်လိုက်သည်။ ကိုယ့်ကိုစစ်မေးသော  အရပ်ဝတ်နှင့် လူရင်ဘတ်က နာမည်ကို  စိတ်ထဲရှိ အခန်းတစ်ခုထဲ သော့ခတ်သိမ်းထားလိုက်သည်. ဘာတဲ့ သူ့နာမည်က -ဖုန်းမော်-  အော် ငါတို့တော်လှန်ရေး ရဲ့ မုခ်ဦးက နာမည်နဲ့မှလာတူနေရသေး။

 

တကယ်ပင် နောက်ရက်မှာ တကြိမ် ဗူးဝကိုခေါ်ထုတ်သည်။ ပြီး တိုက်ပုံနှင့် မောင့်ကျက်သရေခေါင်းပေါင်း ဆောင်းထားသော လူကြီးတစ်ယောက် ထိုင်နေသည်။ ပြီး သူ သည် ကမာရွတ်မြို့နယ်မှ တရာသူကြီး ဆိုတာကိုပြောပြသည်။ သှူ့ ဆီမှာ ထွက်ဆိုသော ထွက်ဆိုချက်သည် တရားရုံးတော်တွင် သက်သေ အဖြစ် တင်ပြနှိုင်သည်ကိုသိရှိကြောင်း လက်မှတ်ထိုးခိုင်းသည်။                              ကြောက်စရာမလို အမှန်အတိုင်းကိုသာပြောနှိုင်ကြောင်းတရားသူကြီးကပြောသည်။သူ့ရှေ့တွင်လည်း  တိုက်ယဉ်ကို သိရှိခဲ့ခြင်း အလျှင်းမရှိခဲ့ဟု သာပြောလိုက်သည်။  လက်နှိပ်စက်ရိုက်သူက ဟေ့လူ အဲ့ဒီလို မဟုတ်ဘူးလေဟု လှမ်းပြောသေးသည်။ တရားသူကြီးက သူပြောတဲ့အတိုင်းသာရိုက်ပါဟု ပြောလိုက်သံက စိတ်ကိုပိုမို အားရှိသွားစေသည်။   ဘေးမှ ရပ်နေသော ဟိုတစ်နေ့ စစ်မေးခဲ့သူက မာကြောသော မျက်နှာဖြင့် စူးစူးစိုက်စိုက် ကြည့်နေသည်။ ထို အရာသည် တကယ်တော့ဖြောင့်ချက်မဟုတ်ကြောင်းကိုနောက်ရက် အတန်ကြာမှ သာသိသည်။ သံသယ ၏အကျိုးကို တရားခံ ခံစားခွင့်မရှိ ထောက်လှမ်းရေး ခံစားခွင့်ရှိသောခေတ်ကြီးတွင် ဖြောင့်ချက် အရာမြောက်မြောက်  မမြောက် မြောက်ကိစ္စမဟုတ် တရားသူကြီးရှေ့တွင် ထွက်ဆိုချက်တစ်ခု ကိုသူတို့ ပြုလုပ်လိုက်ရသည်က သာအခရာဖြစ်ပေတော့သည်။