>U Moe Hein (Thar Journal Kyaw) passes away

>

စာရေးဆရာ မိုးဟိန်း (သားဂျာနယ်ကျော်) ကွယ်လွန်
မိုးမခအထောက်တော် ၀၀၁
စက်တင်ဘာ ၂၄၊ ၂၀၁၀
ယမန်နေ့ နံနက်က စာရေးဆရာ၊ ကဗျာဆရာ၊ စေတနာ့ဝန်ထမ်း လူမှုရေးသမား၊ စေတနာရှင် ကျောင်းဆရာတဦး ဖြစ်သူ (ဦး) မိုးဟိန်း (သားဂျာနယ်ကျော်) ၆၈ နှစ် ရန်ကုန်မြို့ ရွှေဂုံတိုင်ဆေးခန်းမှာ ကွယ်လွန်ခဲ့သည်။ လည်ချောင်းကင်ဆာ ဝေဒနာ၏ ဖိဆီးမှုကို ၂ နှစ် ကျော် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး နေ့စဉ်မပျက် လူမှုရေး၊ ဘာသာရေး ၀တ္ထရားများကို မပျက် ဆောင်ရွက်ရင်း ဘ၀နိဂုံးချုပ်ခဲ့သူ လူတဦး ဖြစ်သည်။

၈ နှစ် ကျော် ၈ ပါး သီလကို စောင့်ထိန်းသူ၊ အနှစ် ၂၀ ကျော် သတ်သတ်လွတ်စားသူ၊ မေမြို့အနီးတွင် (ဒဟတ်ပန်း) ပရဟိတကျောင်းတကျောင်းကို ပြုစုပျိုးထောင်သူ၊ နောက်ဆုံးအချိန်အထိ ကလောင်ဖြင့် မိမိ၏ သေခြင်းနှင့် ကင်ဆာကို ရင်ဆိုင်သည့် ဘ၀အတွေ့အကြုံ အတွေးအမြင်များကို ရဲရင့်တည်ငြိမ်စွာ ရေးသား ထုတ်ဖော် မှတ်တမ်း တင်ခဲ့သူ တဦး ဖြစ်သည်။
၁၉၉၃ တွင် စားဝတ်နေရေးဖူလုံသည့် လခစားအလုပ်မှ နှုတ်ထွက်ပြီး၊ စာပေ၊ လူမှုရေးနှင့် ပညာဒါန အလုပ်များတွင် မြုပ်နှံပြီး ဘ၀ကို တည်ဆောက်ခဲ့သည်။ ဖခင်ဖြစ်သူ မြန်မာအမျိုးသားရေးလှုပ်ရှားမှုတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်တဦးဖြစ်သော သတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင် နှင့် သတင်းစာလုပ်ငန်း၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုတို့တွင် ထင်ရှားသော၊ စေတနာ့ဝန်ထမ်း မြန်မာဆေးသမားတော်အဖြစ် လူမှုရေး စွမ်းဆောင်သူ ဂျာနယ်ကျော် မမလေးတို့၏ သား ဖြစ်သူ သားဂျာနယ်ကျော် ခေါ် ဦးမိုးဟိန်းသည် မြန်မာစာအပြင် အင်္ဂလိပ်ဘာသာဖြင့် စာရေးသူ၊ ဘာသာရေး ကိုင်းရှိုင်းသူ၊ စေတနာ ကျောင်းဆရာ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်သူတဦးအဖြစ် အများက လေးစားသူတဦးအဖြစ် ရပ်တည်ခဲ့သည်။
ကွယ်လွန်ချိန်တွင် – ဇနီး ဒေါ်ကြည်ကြည်နု၊ သား မောင်မိုးသန့်၊ သမီး ဟိန်းဟိန်းမြတ် တို့ ကျန်ရစ်သည်။
“အဖေ ဘုရားမှာ ၀တ်ပြုပြီးတိုင်း ဆုတောင်းတာ တခုပဲ ရှိတယ်။ သာသနာတော်ကြီးရဲ့ ကျေးကျွန်ကောင်း ဖြစ်ရပါလို၏ … တဲ့”
ဆရာ၏ သားသမီးများက ၎င်းတို့၏ ဘခင်နှင့် ပတ်သက်ပြီး အထက်ပါအတိုင်း အမှတ်တရ ပြောကြားသည်။
“အဖေ မကွယ်လွန်ခင်ကတည်းကကော၊ ကွယ်လွန်ချိန်မှာပါ ၀ိုင်းဝန်းကြသူတွေ၊ ကူညီအားပေးကြသူတွေ အားလုံးကို ကျန်ရစ်သူ မိသားစုက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်”
ဟု ဦးမိုးဟိန်း၏ သားသမီးတို့က သူတို့၏ မိတ်ဆွေကို ပြောလိုက်ကြောင်း ထိုမိတ်ဆွေက မိုးမခသို့ ပြောသည်။
လာမည့် စနေနေ့ နံနက် ၁၁ နာရီ၊ ရန်ကုန် ရေဝေးသုဿန်တွင် သဂြိုဟ်မည်။
မိုးမခက ကျန်ရစ်သူ မိသားစုများနှင့်ထပ်တူ၊ မြန်မာပြည်၏ စာပေမိသားစုများနှင့် ထပ်တူ ၀မ်းနည်းကြောင်း မှတ်တမ်းပြုလိုက်ပါသည်။ ဆရာ၏ စာမူတခုကို ပြန်လည်တင်ဆက်ခဲ့သည်ကို သည်နေရာမှာ ဖတ်နိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts