>Kyaw Thu – FFSS Yangon Activity (24th September 2010)

>

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
စက်တင်ဘာလ ၂၄၊ ၂၀၁၀

‘အထူအပါး’ ၏ အရှင်သခင်အား မွေးဖွားပေးခဲ့သော ဖခင်ကြီး

မြန်မာပြည်သူ/သားများ၏ ဘဝအခြေအနေ၊ ပတ်ဝန်းကျင်တွင် ရုန်းကန်လှုပ်ရှားရမှု၊ လောကဓံအား ရင်ဆိုင် ကြုံတွေ့မှု စသည်များကို ပြည်သူ/သားများအတွင်းသို့ ထဲထဲဝင်ဝင် ဝင်ရောက်၍ ခံစားရေးဖွဲ့ထားသည့် မြန်မာပြည်တွင်းရှိ လူသားများ၏ သမိုင်းအစစ်အမှန်၊ ဖြစ်ရပ်မှန်များဖြစ်သော ‘အထူအပါး’ ဝတ္ထုတိုပေါင်းချုပ်အား မွေးဖွားပေးခဲ့သော မိခင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် (နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး)၏ မွေးဖခင်ကြီး ဦးချစ်အောင် အသက် (၈၄) နှစ်သည် ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့ပါသည်။

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဦးစီး၍ ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ် ပေးခဲ့ပါသည်။ ယင်းအခမ်းအနားသည် စာရေးဆရာ/မများ၊ ပရဟိတ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ကြီးများ၊ စာဖတ်ပရိတ်သတ်များ၊ ကျိုက်ထိုမြို့နယ်ရှိ မိတ်ဆွေများ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား လေးစားချစ်ခင် ကြည်ညိုကြသည့် ပရိတ်သတ်များစွာတို့နှင့်အတူ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

ထိုကဲ့သို့ တိုင်းကျိုးပြည်ကျိုး ပေးဆပ်ကြသော ပုဂ္ဂိုလ်ကြီးများ။ ယင်းပုဂ္ဂိုလ်ကြီးများအား မွေးဖွားသန့်စင် ပျိုးထောင်ပေးခဲ့ကြသော မိခင် ဖခင်ကြီးများ။ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားကြခြင်းသည် ကျွန်တော်တို့ ပြည်သူ/သား လူသားများအားလုံးအတွက် ဆုံးရှုံးမှုတရပ်ပင် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားကြသော လူသားအကျိုးပြု မိခင် ဖခင်ကြီးများ၊ သူရဲကောင်းများ၊ အာဇာနည်များ၏ အမွေအနှစ်များကို လက်ဆင့်ကမ်း တိုးပွားလာအောင် ပေးဆပ်ရတော့မည် ဖြစ်ပါသည်။

စနစ်ဟောင်းကိုပယ် … စနစ်သစ်နှင့်စပြီ

လူသေလျှင် လူသေကို မကိုင်ချင်ကြ၊ မထိချင်ကြ၊ ရပ်ကွက်ပြင်ပတွင် သေဆုံးလျှင် ရပ်ကွက်တွင်းသို့ မသွင်းချင်ကြ၊ လူသေ၏ ခန္ဓကိုယ်အား တိရစ္ဆာန်ပမာ ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း၊ တိရစ္ဆာန်မသာများကြတော့ ခုတ်ထစ် ချက်ပြုတ် မြိန်ရည်ရှက်ရည် စားသောက်ကြ … စသည့် အယူသည်းမှုဝါဒများ ဒိဋ္ဌိအယူစွဲများ ပပျောက်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ် နာရေးလမ်းကြောင်းများတွင် နာရေးရှင်၊ ရပ်ကွက်သူ/သားများအား ရှင်းလင်း ပြောကြားကာ အယူသည်းမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ပေးနေကြသည်။

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် လူသေများကို သယ်ဆောင် ပို့ဆောင်ရာ၌ စည်းစနစ်ကျစွာ၊ လူသေ၏ ခန္ဓာကိုယ်ကို သက်ရှိလူသားတဦးအနေဖြင့် ကိုင်တွယ်ပုံ၊ အဝတ်အစားများ ဝတ်ဆင်ပေးပုံ၊ မျက်နှာအနေအထား သပ်ရပ်စွာဖြင့် ကြည့်ရှုကောင်းအောင် ပြုပြင် သယ်ဆောင် ဖေးမမှုများ ပါဝင်သော ဂျပန်ရုပ်ရှင်ကား (အကယ်ဒမီ ၁၀ ဆုရ) DEPARTURES အမည်ရှိ ဇာတ်ကားအား ပြသရှင်းလင်းခဲ့ပါသည်။ ထို့အပြင် တိုက်အမြင့်များမှ သယ်ဆောင်ရသော ရုပ်အလောင်းများအား ယခင်က အဝတ်များဖြင့်ပတ်၍ ပုဆိုးဖြင့်သိုင်းကာ သယ်ဆောင်မှုများကို စွန့်လွှတ်ပြီး ယခု စင်ကာပူနိုင်ငံရောက် မြန်မာလူမျိုး အလှူရှင်များတို့မှ လှူဒါန်းထားသော ရေလုံဇစ်အိတ်၊ လူသေတင်၍ သယ်ပိုး ထမ်းချရသော အထမ်းစဉ် စသည့် ပစ္စည်းကိရိယာများကို သုံးစွဲပုံ သုံးစွဲနည်းနှင့် မှတ်တမ်းဓာတ်ပုံများကို ပရိုဂျက်တာဖြင့် ပြသခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မသင့်လျှော်သော နည်းစနစ်များ၊ အယူသည်းမှု အစွဲအမှားများ စသည်တို့ကို ဖယ်ရှား၍ ကောင်းမွန်စည်းစနစ်ကျသည့် လုပ်ရပ်များ ပေးဆပ်မှုများဖြင့် စေတနာ အနစ်နာ ဂရုဏာ မုဒိတာ တို့ကို လက်ကိုင်ပြုကာ ရှေ့ဆက်၍ ပေးဆပ် ကူညီဖေးမ ပံ့ပိုးပေးနိုင်တော့မည် ဖြစ်ပါသည်။

ဝတ်ကုသိုလ်

၂၀၁၀ ခုနှစ်အတွင်းတွင် ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်ရွတ်အဖွဲ့သည် ၂၀၁၀ ခုနှစ် အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ပို့ဆောင်မှုလမ်းကြောင်း ၁၀၀၀၀ (တစ်သောင်း) ပြည့် အခမ်းအနားတွင် ပွဲဦးထွက်အဖြစ် ရွတ်ဖတ်ပူဇော်ပြီးသည့်နောက် . . .

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်နေ ဦးအုန်းမောင် အသက် (၇၃) နှစ် နာရေး လမ်းကြောင်းအား နေအိမ်မှ ရေဝေးသုဿန်သို့ တိုက်ရိုက်မီးသင်္ဂြိုဟ်မည် ဖြစ်သည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဝတ်အဖွဲ့က မော်တော်ယာဉ်တစီးဖြင့် လိုက်လံ ရွတ်ဖတ်ပူဇော် အမျှပေးဝေခဲ့ပါသည်။ ဆက်လက်၍ ညနေပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဖခင် ကွယ်လွန်သူ ဦးချစ်အောင် အသက် (၈၄) နှစ်၏ ဈာပနအခမ်းအနားကို ရေဝေးသုဿန် ခန်းမဆောင်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဝတ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အခမဲ့ နာရေးကူညီမှု၊ အခမဲ့ ဆေးကုသမှု၊ အခမဲ့ ပညာဒါန .. စသည် တို့သည် အများပြည်သူအတွက် လူမှုရေးနှင့် ပတ်သက်သော လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သော လူမှုရေး ကိစ္စရပ်များကို ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ ပေးဆပ်လျှက်ရှိရာ အများပြည်သူအတွက် ငြိမ်းချမ်းမှုကို ရရှိစေခဲ့သည်။ အများအတွက် သာမက မိမိအတွက်ကိုပါ ကောင်းကျိုးချမ်းသာ ရရှိစေမည် ဖြစ်ပါသည်။ ထို့အပြင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဝတ်ရွတ်ပူဇော်မှုအဖွဲ့ (ဝတ်အဖွဲ့)၏ ကုသိုလ်စိတ်ဖြင့် သံပြိုင်သီဆို ပူဇော်မှုတို့သည် နတ်လူအပေါင်း ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်တို့မှ လွတ်မြောက်ကာ သောကကင်းဝေး ငြိမ်းချမ်းသာယာမှု အပေါင်းတို့ကို ရရှိကြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts