>Mar Mar Aye – 341

> “ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ်” အမှတ် (၃၄၁)

ဆရာနန်း ပို့တဲ့ ကဗျာစု
မာမာအေး
သြဂုတ် ၉၊ ၂၀၁၀” – – – ခွဲသွားပြီ ဆိုမှ သူ့အသံ အမှတ်တရ ထုတ်ပြရသလို ဖြစ်နေတာကို မာအေး နောက်ကျမိလေခြင်းလို့ ပိုပြီး စိတ်မကောင်းမိဘူး – – ”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်


မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ပြီးခဲ့တဲ့ တပတ်က စာရေးဆရာကြီး နန်းညွန့်ဆွေနဲ့ ပတ်သက်ခဲ့တာတွေ ပြောရင်း ဆရာနန်းရဲ့ ငယ်လက်ရာ ကဗျာ တပိုင်းနဲ့ ရပ်ထားခဲ့ရပါတယ်ရှင်။ ဆရာ့ အသံလေး ကြားဖူးချင်ရင်လဲ ဒီနေ့စောင့်လို့ ပြောခဲ့ပါတယ်နော်။

ကိုယ့်အမိတိုင်းပြည်နဲ့ သည်ဆီနဲ့က ဒါလောက် အလှမ်းဝေးကွာတာ ဆရာ့အသံ ဘယ်လိုများ ရလာတာလဲလို့ မေးချင်မှာပဲ မဟုတ်လား။ ဆရာတို့ အနားမှာ သားတစ်ယောက် တအား မကြောက်တတ်သမို့ သော့ခတ်ထားရတဲ့ သူလေ။ သိတယ်မှုတ်လား၊ ဇာဂနာပေါ့၊ သူနဲ့ မာအေး အာလူးပေးလို့ ရတုန်းကပေါ့။ ဆရာနန်းတို့ကို သတိရကြောင်း မေတ္တာပို့ကြောင်းတွေ ပြောရင်းနဲ့ “ကာချင်း” ဆိုတဲ့ ကဗျာ ရှာမရလို့ မေးပေးပါလို့ တဆင့် ပူဆာလိုက်လို့ ဆရာနန်းက အသံသွင်းပြီး ပို့ပေးထားတဲ့ အကြောင်း ဖြေရမှာပေါ့ရှင့်။ CD ပြားလေး ပို့ပေးထားတာ ကြာလှပြီ။ မာအေး လက်ထဲရောက်တာ ၂၀၀၈ မတ်လ ထဲက ပါပဲ။

အဲဒီဆရာနန်းဆီက ရတဲ့ CD မှာ မာအေးမှာတဲ့ “ကာချင်း” ကဗျာတင် မကဘူး၊ အဆင်သင့်တဲ့ တခြား ကဗျာအကြောင်းတွေ သံတင်သံချတွေပါ ပါလာလို့ ဝမ်းသာပြီး ချစ်ဆွေတို့ကို ပြန်ပြောပေးဘို့ ကြံလိုက်၊ ကိုယ့်ထဲ ကိုယ့်ရာ ကိုယ့်လောကထဲမှာ ပြောစရာ ရှိတဲ့သူတွေ ကိစ္စ ပေါ်လာလိုက်နဲ့ မတိုက်ဆိုင်နိုင်ဘူး။ မပြောဖြစ်ဘဲ ကျန်ရစ် ကျန်ရစ်နေတော့တာ၊ အခု ဆရာပါ ခွဲသွားပြီ ဆိုမှ သူ့အသံ အမှတ်တရ ထုတ်ပြရသလို ဖြစ်နေတာကို မာအေး နောက်ကျမိလေခြင်းလို့ ပိုပြီး စိတ်မကောင်းမိဘူး ချစ်ဆွေတို့ရယ်။ မမှားပေမယ့် ခွင့်လွှတ်စေချင်ပါတယ်ရှင်။ အခု ဆရာနန်း အသက် (၈၅) နှစ်က အသံလေး နားဆင်ကြည့်လို့ ရပါပြီ။ ဆရာနန်း ပြောပြတဲ့ “ဝစနာလင်္ကါရ ဂီတ ကဗျာများ အကြောင်း”ပါပဲ။

(နန်းညွှန့်ဆွေ အသံ) “ဝစနာလင်္ကာရ ဂီတကဗျာများ” ကို စစ်ကြိုခေတ်က ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီက နေပြီးတော့ အဝေးရောက်မင်း ဦးအောင်ကြီးကို ပင့်ဖိတ်ပြီးတော့၊ ရတု ရကန် အဲအဏ် လူးတား စတဲ့ ဝစနာလင်္ကာရ ကဗျာတွေကို ဓာတ်ပြား သုံးချပ် သွင်းထားခဲ့ပါတယ်။ အဲဒီ ဓာတ်ပြားတွေဟာ မြန်မာ့အသံမှာလဲ ရှိတယ်။ လန်ဒန်ပြတိုက်မှာလဲ ရှိတယ်။ ဒါပေမယ့် အဝေးရောက်မင်းဟာ အသက်ကြီးလှပြီ ဖြစ်လို့ သူ့အသံဟာ တုန်တုန်ရီရီ ဖြစ်နေတယ်။ Key ကိုက်အောင် မဆိုနိုင်နေတာ့ဘူး။ အဲဒီတော့ အခုလဲပဲ “ဝစနာအလင်္ကာရဂီတိုတဲ့ တူရိယာမပါ၊ စည်းဝါးမပါ၊ အလွတ် ဆိုရတဲ့ ကဗျာတွေကို ဆရာ စုဆောင်းပြီးတော့ စာတမ်းပြုစု ရေးသားထားတယ်။ အဲဒီထဲက နည်းနည်းပါးပါးကို အခု ရွတ်ပြပါမယ်။ ဒါပေမယ့် ဆရာ့အသံလဲ အဝေးရောက် မင်းကြီးလိုဘဲ ဖြစ်နေမလားတော့ မသိဘူး။ အသက်က (၈၅) နှစ်ထဲ ရောက်ပြီ ဆိုတော့ နည်းနည်းအသံတွေဟာ လိုချင်သလောက် ရမယ်တော့ မထင်ဘူး။

ရှေးအခါက သံချိုဟာ အလွန် ခေတ်စားခဲ့တယ် ရုပ်သေးစင်ပေါ်ကနေပြီး ပြည်သူ လူထုကို ပညာ ပေးခဲ့တယ်။ သတင်း ပေးခဲ့တယ်။ ဆုံးမ သွန်သင်ခဲ့တယ်။ ဒါ့ကြောင့် မင်းတုန်းမင်းကြီး လက်ထက်မှာ ဦးဉာဏ်ကျယ်နဲ့ မောင်းထောင်ဦးကျော်လှတို့ဟာ အပြိုင် စာဆိုကြတယ်။ အဲဒီစာဆိုကြတဲ့ အထဲက သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဒီလို ပုတ်ခတ်တဲ့ စကားတွေနဲ့ မပြောနဲ့။ မေတ္တာ ထားရမယ်။ ငါ့ရှေ့မှာ မေတ္တာဘွဲ့ သံချို ဆိုရမယ် လို့ ခိုင်းတဲ့ အတွက် ဦးဥာာဏ်ကျယ်က ပထမ တပိုဒ် ဆိုပြတယ်။ မောင်းထောင် ဦးကျော်လှက မေတ္တာဘွဲ့ သံချို တစ်ပိုဒ် ဆိုပြတယ်။ အဲဒါကြောင့် အခု သံချိုကို ဆိုပြပါမယ်။ သံချိုဟာ လေးချိုးကြီးလို တျာကနေပြီးတော့ တျောကို တင်ရတဲ့ အထိ မအော်ရပါဘူး။ တျာကို မူတည်ပြီးတော့ “၁” ပေါက် သံမှန်နဲ့ လေးလေး မှန်မှန် ဆိုသွားရတယ်။ အသံ ချိုတဲ့အတွက် ရှေးက သံချိုလို့ ခေါ်ကြပါတယ်။

(မေတ္တာဘွဲ့သံချို)
၁။ သတိချွတ်လို့သာပ၊ ဝိဝဋ္ဋာ ကမ္ဘာမြေသို့၊ ဗြဟ္မာတွေ အလယ် လာကြတော့၊ နွယ်ပဒါ အသာညိသော်ကြောင့်၊ ဣတ္ထိလိင် ပုရိသော ရယ်လို့၊ ရောနှောကာ ပေါင်းဖော် လျှင်းပေကြ၊ ယင်းမူလ မျိုးအဆွေ။ (အဲဒီမှာ “၂” ပေါက် တင်ထားရပါတယ်)
၂။ နှစ်သောင်းကြူးပေလိမ့်၊ ချောင်းဦးနယ်ရွာရွှေထောင်က၊ ညီနဲ့နောင်မတော်လျှင်းသော်လဲ၊ အရင်းအပင်စစ်လိုက်တော့၊ အမြစ်မှာ ဗြဟ္မာမျိုးဟာမို့ စိတ်ဆိုးကာ မာန်မထပါဘု၊ ဒေါသ မစ္ဆေ (အဲဒီမှာ “၂” ပေါက်ဆင်တာ၊ “၆” ပေါက်သံ ထားရပါတယ်။ တတိယပိုဒ်ကျတော့ “၂” ပေါက်က သံမှန် ပြန်ချရတယ်။
၃။ မတော်ကြသော်လဲ၊ ပျော်ရရုံ သဘင်ထဲမှာဖြင့်၊ စင်ခွဲကာ ကိုယ်စီ လိုက်ကြရ ဩဒီသမေတ္တာရေ၊ မာပါစေ ဆွတ်ဖျန်း။
၎။ သဗ္ဗေတဲ့သတ္တာ၊ အဝေယျာ မေတ္တာ ပြုလျှင်ဖြင့်၊ ဤကုသိုလ် အလွန် ကြီးပါသတဲ့၊ ရာထီးပိုင်ထံတော်မှောက်တွင်မှ၊ နှစ်ယောက်လူမာန်ကိုယ်ကြစို့ ဉာဏ်ကျယ်ကို ဆရာလှရယ်က၊ နှစ်ရာတိုင် မေတ္တာမျှပါရဲ့ (ကွယ်) ဒေါသမစွန်း။


(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts