>poet Nyunt Aye – Innwa

>

သူငယ်ချင်း ကဗျာဆရာ ညွန့်အေး (အင်းဝ)
မောင်စွမ်းရည်
သြဂုတ် ၉၊ ၂ဝ၁ဝ

အင်းဝသားတွေထဲက ကျနော်တို့နဲ့ ခေတ်ပြိုင် ကဗျာဆရာ ၃ ဦး ပေါ်ထွက်ခဲ့ပါတယ်။ စာပေလောကမှာ နာမည် ထင်ပေါ်မှု အလိုက် အစီအစဉ်နဲ့ ပြောရမယ် ဆိုရင် ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ ညွန့်အေး (အင်းဝ)တို့ ဖြစ်ပါတယ်။ ကြည်အောင် နဲ့ ညွန့်အေးတို့ နှစ်ယောက်က ကျနော်နဲ့ သက်တူ ရွယ်တူတွေ ဖြစ်ကြပြီး တနှစ်တည်း မန္တလေး တက္ကသိုလ်ကို ရောက်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကိုလေးက ကျနော်တို့ထက် တနှစ်၊ နှစ်နှစ် စောပါတယ်။

လူထုဒေါ်အမာနဲ့အတူ ၁၉၃၆ ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်ကြီးမှာ ပါဝင်ခဲ့သူ ‘မအုန်း’ ဆိုတာက ဂျပန်ခေတ်မှာ စစ်ပြေးတော့ အင်းဝကို ပြေးသတဲ့။ အဲဒီတုန်းမှာ မအုန်းက အင်းဝမှာ ‘အင်းဝဂုဏ်ရည်’ ဆိုတဲ့ ကျောင်းကလေး တကျောင်း ဖွင့်ပြီး ကလေးတွေကို စာသင်ပေးသတဲ့။ အဲဒီတော့ အင်းဝက ကိုလေး၊ ကြည်အောင်၊ ညွန့်အေး တို့တတွေ စစ်အတွင်းမှာ အချိန် အလကား မဖြစ်ဘဲ စာသင်ခဲ့ကြရတယ်။ အဲဒီ ကလေးတွေ အားလုံးလောက်ဟာ စာပေ ဝါသနာ ပါလာခဲ့ကြပြီး တမြို့တည်းကနေ သုံးယောက်တောင်မှ နာမည်ရ ကဗျာဆရာတွေ ဖြစ်လာကြပါတယ်။ တခြား ကဗျာစပ်၊ စာဖတ် ဝါသနာပါတဲ့ သူတို့နဲ့ ရွယ်တူ အင်းဝသားလေးတွေကိုလည်း ကျနော်တို့ တွေ့ခဲ့ရဖူးပါတယ်။ စာဆိုတော်ကြီးတွေ ပေါ်ထွန်းခဲ့တဲ့ ရှေးအစဉ်အလာကြောင့်လား မသိပါ။

ညွန့်အေးရဲ့ နာမည်ရင်းက ‘ကံညွန့်’ တဲ့။ တခြား စာပေ ဝါသနာ ပါတဲ့ ညွန့်အေးနဲ့ ရွယ်တူ အင်းဝသား ကံညွန့် တယောက်ကလည်း ကျနော်နဲ့ သူငယ်ချင်းပါပဲ။ သူကတော့ ဆရာဝန် ဖြစ်သွားပါတယ်။ ‘ကံညွန့်’ နာမည်တူ ရှိလို့လား မသိ ကဗျာဆရာ ကံညွန့်က ‘ညွန့်ဇော်’ ဆိုတဲ့ ကလောင်နာမည် ယူပြီး ရေးပါတယ်။ ကျနော်တို့နဲ့ ၂ နှစ် လောက်ပဲ အတူ နေရပြီး ရန်ကုန် မြင်းပြိုင်ကွင်းနားက သူ့ဦးကြီးတယောက်ဆီ ထင်ပါရဲ့ အဲဒီက ခေါ်လို့ ပြောင်းသွားတယ်။ ဒါပေမယ့် ကျောင်းမပြီးဘဲ အောင်လံမြို့ဘက်မှာ သွားပြီး ဆရာလုပ်တယ်။ ပြီးမှ ဘွဲ့ရပြီး ပညာအုပ် (မြို့နယ် ပညာရေးမှူး) အထိ လုပ်ခဲ့တယ်။ ရန်ကုန် မြင်းပြိုင်ကွင်းနားက ထမင်းဆိုင်ရှင်ရဲ့ သမီးတယောက်နဲ့ အိမ်ထောင်ကျပါတယ်။ အိမ်ထောင်ကျတာ အရင်လား၊ ကျောင်းဆရာ လုပ်တာ အရင်လား ဆိုတာတော့ ကျနော် မေးမကြည့်မိခဲ့ပါဘူး။

ကျနော်တို့ ကျောင်းသားဘဝမှာပဲ ကြည်အောင်နဲ့ ကိုလေးက အမျိုးသားစာပေဆု ရပါတယ်။ ညွန့်အေးလည်း အဲဒီတုန်းကသာ စာအုပ် ထုတ်ဖြစ်ရင် စာပေဆု ရချင်ရနေမှာပါ။ ညွန့်ဇော် ဆိုတဲ့ ကလောင်အမည်က ညွန့်အေး လို့ ပြောင်းသွားတာက ရန်ကုန်ကျမှပါ။

ကျနော်က ရန်ကုန် ခြောက်ထပ်ရုံးကြီးရှိ အခြေခံပညာ ဦးစီးဌာန၊ မြနမာစာ သင်ရိုးအဖွဲ့မှာ လုပ်နေရာက စာကြည့်တိုက်ပညာ ဒီပလိုမာ လက်မှတ် ယူပြီး ရုံးချုပ် စာကြည့်တိုက်ကို ပြောင်းလုပ်ပါတယ်။ မြန်မာစာ သင်ရိုး အဖွဲ့ အတွက် ညွန့်အေး ဘွဲ့ခံ ဦးကံညွန့်ကို ခေါ်ယူပါတယ်။ ဒီမှာတင် ကျနော်နဲ့သူနဲ့ ပြန်တွဲမိပါတယ်။ ပညာတန်ဆောင် မဂ္ဂဇင်း စာပေပြိုင်ပွဲတွေမှာလည်း တင်မိုး၊ ညွန့်အေး၊ မောင်နီသင်း နဲ့ ကျနော်တို့ တွဲလာကြပါတယ်။ ဦးဘကောင်းကလည်း ခြောက်ထပ်ရုံးမှာ ကျနော်တို့ အထက်အရာရှိပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ၊ ကျောင်းသားခေါင်းဆောင်ဟောင်း အဖြစ်နဲ့ တခြား ဆရာတွေကလည်း သူတို့ကို လေးစားကြပါတယ်။ သူကပဲ ကျနော်တို့ အဖွဲ့ကို ဦးဆောင်ပြီး ရန်ကုန် ပညာရေး တက္ကသိုလ် မြန်မာစာ သင်နည်းဌာန ပါမောက္ခ ဦးသန်းထွတ်ကိုလဲ သင်ရိုးအဖွဲ့မှာရော ပညာတန်ဆောင် အဖွဲ့မှာရော အမြဲ ဖိတ်ခေါ် ပါဝင်စေပါတယ်။ ဦးသန်းထွတ်ကလဲ ကျနော်တို့နဲ့ မန္တလေး လူထု သတင်းစာမှာ အတူ ကလောင်သွေးလာခဲ့သူပါ။ နောက်တော့ ညွန့်အေးကပဲ ဆက်လက် ဦးဆောင်ပါတယ်။

တင်မိုးရယ်၊ ကြည်အောင်ရယ်၊ ညွန့်အေးရယ်၊ ကိုကိုးကျွန်းမှာ ကျဆုံးခဲ့တဲ့ ကဗျာဆရာ လေးမောင်(မြင်းခြံ)ရယ်က ဆေးလိပ်မိတ်ဆွေတွေပါ။ နံနက် လင်းကတည်းက အိပ်ရာဝင်ထိ သောက်ကြသူတွေပါ။ ညွန့်အေးရဲ့ ရုပ်ကတော့ တက္ကသိုလ်ကတည်းက ရုပ်အတိုင်း သိပ် မပြောင်းလှပါဘူး။ ဆေးလိပ် ခဲရင်း အမြဲ ပြုံးနေသူပါ။ ပင်နီတိုက်ပုံလဲ အမြဲ ဝတ်လေ့ရှိပါတယ်။ ကျနော်တို့နဲ့ တူတာကတော့ သူနဲ့ ကိုလေးတို့က ဥပစာတန်း အောင်ပြီး ကတည်းက ကျောင်းဆရာ လုပ်သွားကြလို့ ကျနော်တို့လို ကျောင်းသက် မရှည်ကြပါဘူး။ ဒါကြောင့် ကျောင်းသား သမဂ္ဂနဲ့ ကလောင်ရှင် အသင်းလို အသင်းအဖွဲ့တွေမှာ လှုပ်လှုပ်ရှားရှား မရှိခဲ့ပါဘူး။ တင်မိုး၊ ကြည်အောင် နဲ့ ကျနော်တို့ကတော့ အသင်းအဖွဲ့တွေရာ မဂ္ဂဇင်း ကော်မတီတွေမှာရော “ပါလေရာ”တွေချည်းပါပဲ။ ကျောင်းသားအရေးတို့၊ နိုင်ငံရေးတို့ကို စိတ်မဝင်စားဘူး ဆိုပြီး တမင် ရှောင်မနေကြပါဘူး။ ကိုလေး၊ ကြည်အောင် ဆိုရင် စစ်အစိုးရက စာရေးခွင့် ဟောပြောခွင့် အပိတ်ခံရလို့ လူ့အခွင့်အရေး ဆုံးရှုံးသူ ဖြစ်နေရပါတယ်။ ကြည်အောင်ကတော့ ကွယ်လွန်သွားပါပြီ။

ညွန့်အေးက ကျောင်းဆရာ ဘဝမှာ အနေ ကြာလို့လား မသိ ကဗျာဆရာရုပ်ထက် ကျောင်းဆရာရုပ် ပိုပြီး ပေါက်နေပါတယ်။ တိုက်ပုံ အင်္ကျီ အမြဲ ဝတ်ပြီး သူ့အလုပ်တွေကို ကျေပွန်အောင် နေကုန်နေခန်း လုပ်နေတတ်ပါတယ်။ ကဗျာဆရာတွေလို စိတ်လွတ် လက်လွတ် နေလေ့ မရှိပါဘူး။ ကျောင်းဆရာနဲ့ မတူတာကတော့ ဆေးလိပ်တို လက်က မချတာပါပဲ။ ဒီဆေးလိပ်ကြောင့်ပဲ သူတို့ အသက်တိုကြပါတယ်။

ကျောင်းဆရာတွေဟာ အချင်းချင်း ဆရာ ခေါ်လေ့ ရှိပါတယ်။ ညွန့်အေးက ကျနော်တို့ကို “ဆရာသမား” လို့ နာမ်စားပြုပြီး ခေါ်လေ့ရှိပါတယ်။ ကျနော်တို့ကတော့ ကျောင်းမှာ ရခဲ့တဲ့ အကျင့် အတိုင်း အချင်းချင်း “ရဲဘော်” လို့ ခေါ်လေ့ ရှိပါတယ်။ “ကဲ – ရဲဘော်တို့ရေ နားကြဦးစို့၊ စားကြဦးစို့” စသဖြင့် ပြောလေ့ ရှိပါတယ်။
ညွန့်အေးမှာက တခြား ကဗျာဆရာ အပေါင်းအသင်းတွေ ရှိပေမဲ့ ပေပေတေတေ နေကြသူတွေကို သိပ်ပြီး အရောတဝင် မနေတတ်ပါဘူး။ ကျနော်တို့နဲ့သာ ငယ်ပေါင်းတွေမို့ အရောတဝင် နေပြီး သူ့အိမ်ကိုယ့်အိမ် ဝင်ထွက်လေ့ ရှိပါတယ်။ သူ့ဇနီးမှာ ထမင်းဆိုင် ရှိလို့ စားရေးသောက်ရေး မပူရဘူးလို့ ထင်ပါတယ်။ ကျနော်တို့ကို ကြုံရင် ကြုံသလို သူ့ထမင်းဆိုင်မှာ ထမင်းကျွေးတတ်ပါတယ်။ အထူးသဖြင့် တင်မိုးက သူ့ဆိုင်က ထမင်းဟင်းကို ခံတွင်း တွေ့တယ် လို့ ဆိုပါတယ်။ ထူးဆန်းတာက ညွန့်အေး မိသားစုဟာ ဒီထမင်းဆိုင်ကို အမွေဆိုင်အဖြစ်နဲ့ အလှည့်ကျ ပိုင်ကြပြီး အလှည့်နဲ့ အလုပ် လုပ်ကြတာပါ။ သူ့ဆိုင်က တာမွေမှာ။ ကျနော်တို့ တင်မိုးတို့နဲ့က ကမာရွတ်မှာ ဆိုတော့ နည်းနည်း အလှမ်းဝေးပါတယ်။ ဒါကြောင့် ခဏခဏတော့ မသွားနိုင်ကြပါဘူး။ ကျနော်တို့ ကမာရွတ်၊ တက္ကသိုလ် ပရဝုဏ်ထဲက လက်ဖက်ရည်ဆိုင်မှာ ဝိုင်းလေ့ ရှိတဲ့ “သောကြာဝိုင်း” “စနေဝိုင်း” ဆိုတာတွေကိုလဲ ညွန့်အေး လာလေ့ မရှိပါဘူး။ ခေါက်ရိုးကျိုးနေတဲ့ ကျောင်းဆရာ ဆိုတော့ သောက်သောက်စားစားနေတာတွေကိုလဲ အလေ့အကျင့် မလုပ်ပါဘူး။

ကျနော်နဲ့ တင်မိုးတို့ အမေရိကား ရောက်နေတော့ ကဗျာစာအုပ်လေး တအုပ် ထုတ်ဖြစ်လို့ ညွန့်အေးက ကျနော်တို့ဆီကို ပို့ပါတယ်။ “အမေ” အကြောင်း ပါပဲ။ အင်္ဂလိပ် ဘာသာပြန်နဲ့ တွဲထုတ်ပါတယ်။ သူက လော့စ်အိန်ဂျလိစ်မှာ နေတဲ့ တင်မိုးဆီကို ပို့ထားတာပါ။ ကျနော်က နယူးယောက်မှာ နေတာ ဆိုတော့ တဦးနဲ့တဦး အမေရိက တိုက်ကြီးရဲ့ အရှေ့ဖျား အနောက်ဖျား တဖက်ကမ်းစီမှာ နေကြတာပါ။ တင်မိုး ဆုံးလို့ ကျနော် ရောက်သွားတော့မှ သူ့ရဲ့ စာအုပ်စင်ထဲမှာ ညွန့်အေး စာအုပ် နှစ်အုပ် တွေ့လို့ ကျနော် တအုပ် ယူခဲ့ပါတယ်။ ညွန့်အေးက သူ့စာအုပ်မှာ ကျနော့်နာမည်နဲ့ ပေးထားတာပါ။ ဒီကဗျာစာအုပ်လေးဟာ သူနဲ့ ကျနော် ဆက်သွယ်ရေးရဲ့ “နောက်ဆုံး” ပါပဲ။

ကွယ်လွန်သူ ညွန့်အေး(အင်းဝ) နှင့် ပတ်သက်ပြီး
ဆက်စပ် ဖတ်ရှုသင့်သည့် မောင်စွမ်းရည်၏ ဆောင်းပါး တချို့

ကဗျာဆရာ လေးမောင်

ကျနော်တို့ရဲ့ မော်ဒန်ကဗျာခရီးစဉ်

ကျောင်းသားခေါင်းဆောင် ကိုဘကောင်း

ကဗျာဆရာတင်မိုးနဲ့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း (၁၉၆၃-၇၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts