>Htain Linn – Burmese Politics and Literature 59

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၉)
ဦးနုနှင့် နိုင်ငံရေးစာပေ
ထိန်လင်း
မတ် ၂၃၊ ၂၀၁၀
          သခင်နုရဲ့ စာပေဖြတ်သန်းမှုကို ကြည့်တဲ့အခါ ဆယ်ကျော်သက်အရွယ်ကတည်းက စာပေရေးသားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ သူရေးသားတဲ့ ‘အချစ်လော အမုန်းလော’ဆိုတဲ့ ပြဇာတ်ကို ဓူဝံမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာက ၁၉၂၅ ခုနှစ်ဆိုတော့ ဒီစာမူပါတဲ့အချိန်မှာ သခင်နုက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ ပြဇာတ်၊ ဘာသာပြန်၊ ဝတ္ထုစသဖြင့် စာပေအမြောက်အမြား ရေးသားခဲ့ပြီး သူ့ရဲ့ ပြဇာတ်တွေကို လူကြိုက်များခဲ့ပါတယ်။ ဆရာကြီး ဒဂုန်တာရာက သူ့ရဲ့ ရုပ်ပုံလွှာဆောင်းပါးမှာ သခင်နုရဲ့ ပြဇာတ်တွေကို စွဲလမ်းခဲ့တဲ့အကြောင်း၊ တင်ပြပုံ ကောင်းတဲ့အကြောင်း၊ ‘ရက်စက်ပါပေ့ကွယ်’ ဝတ္ထုကို အကြိုက်ဆုံး ဖြစ်တဲ့အကြောင်း ရေးသားခဲ့ပါတယ်။
          သခင်နုဟာ မြန်မာပြည်မှာ ဝန်ကြီးချုပ် အကြိမ်ကြိမ် ဖြစ်ခဲ့သလို နိုင်ငံရေးနဲ့ပတ်သက်ပြီး ကိုလိုနီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ နဝတ ခေတ်တို့မှာ အထိန်းသိမ်းခံရသူဖြစ်ပါတယ်။ ကိုလိုနီခေတ် အကျဉ်းကျခဲ့စဉ်က ထောင်ထဲမှာ အင်္ဂလိပ်ပြဇာတ် ၁၅ ပုဒ်ကို ဘာသာပြန်ဆိုခဲ့ပြီး အဲဒီအထဲက ‘နွားသိုးကြိုးပြတ်’နဲ့ ‘ပုထုဇနော ဥမ္မတကော’ ပြဇာတ် ၂ ပုဒ်ကို ဂျပန်ခေတ်အတွင်း ထုတ်ဝေခဲ့ပါတယ်။ “‘ပုထုဇနော ဥမ္မတကော’မှာ ºကွ၍ဖျတ်လတ်၏။ ‘နွားသိုးကြိုးပြတ်’ကား လိင်ပြဿနာကို မကွယ်မထောင့် ပြောပြထား၏။ သူသည် လူများကို အိမ်ထောင်မှု၊ လိင်မှု စသည်တို့ကို နားလည်စေချင်၏။” လို့ ဆရာဒဂုန်တာရာက သုံးသပ်ခဲ့ပါတယ်။ ဒီလို ပြဇာတ်တွေအပြင် ‘ရက်စက်ပါပေ့ကွယ်’ဝတ္ထု၊ ဦးသောင်းဒန်ဝတ္ထု တို့ကို ရေးဖြစ်ခဲ့ပါတယ်။
          ဘာသာပြန်တက်ကျမ်းဖြစ်တဲ့ မိတ္တဗလဋီကာ ကို ၁၉၃၈ ခုနှစ်မှာ ‘လူပေါ်လူဇော်လုပ်နည်း’အမည်နဲ့ ထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ ပညာရေးဌာနက ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီစာအုပ်ဟာ အကြိမ်ကြိမ် ပြန်လည်ပုံနှိပ် ထုတ်ဝေခဲ့ရတဲ့စာအုပ်ဖြစ်ပြီး အခုဆိုရင် ၁ဝ ကြိမ်ကျော်သွားပါပြီ။ ကိုလိုနီခေတ်အတွင်း တခြား ထုတ်ဝေခဲ့တဲ့ နိုင်ငံရေးအခြေခံ စာအုပ်တွေကတော့ အာဇာနည်ဆိုတာဘာလဲ၊ မာစ်ဆစ္စင်းမ်ဆိုတာ ဘာလဲ၊ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်တို့ဖြစ်ပါတယ်။
          ၁၉၅ဝ ပြည့်နှစ်ရောက်တဲ့အခါ သခင်နုဟာ သခင်နုအစား ဦးနုလို့ ပြောင်းလဲသုံးစွဲပါတယ်။ ဒါကြောင့် စာအုပ်တွေရဲ့ ကလောင်အမည်တွေမှာလည်း ဦးနုလို့ ပြောင်းလဲခဲ့ပါတယ်။ မြန်မာပြည်နိုင်ငံရေးမှာ ဦးနုနဲ့ပတ်သက်လို့ အထင်အရှား မှတ်မိကြတာက ဒုတိယကျောင်းသားသပိတ်၊ လွတ်လပ်ရေးအတွက် ချုပ်ဆိုတဲ့ ‘နု-အက်တလီ စာချုပ်’ နဲ့ ဆဋ္ဌသင်္ဂါယနာတင်ပွဲ တို့ ဖြစ်ပါတယ်။ စာပေနဲ့ပတ်သက်လို့ အကျိုးရှိစေခဲ့တာကတော့ ဘာသာပြန်စာအုပ်အသင်း ဖြစ်ပါတယ်။
          ဒီကနေ့ စာပေဗိမာန် လို့ ခေါ်တွင်တဲ့ ဘာသာပြန်စာပေအသင်းကို တည်ထောင်ဖို့ ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာတော့ ဂျပ်ဆင်ကောလိပ်ကျောင်းဝင်းထဲက ယာယီအသင်းတိုက်မှာ အသင်းဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဟံသာဝတီအဝိုင်းနားက ဆိုရန်တိုဗီလာ အဆောက်အအုံကို ပြောင်းရွှေ့ခဲ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်းများ၊ လူထုသိပ္ပံကျမ်းများနဲ့ လူထုအလင်းစာစဉ်တွေဟာ ‘အမှောင်ခွင်း၍ အလင်းဆောင်အံ့’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူလူထုကို စာပေအလင်းရောင်ပေးနိုင်ခဲ့ပါတယ်။ ဦးနုရဲ့ ‘မိတ္တဗလဋီကာ’စာအုပ်ဟာလည်း လူထုအလင်းစာစဉ် အမှတ် (၁၁) အနေနဲ့ ပြန်လည်ထွက်ရှိခဲ့ပါတယ်။
          ပါလီမန်ဒီမိုကရေစီခေတ်အတွင်း ဦးနုဟာ ဝန်ကြီးချုပ်ဘဝနဲ့ စာပေရေးသားခြင်းကို ယှဉ်တွဲလုပ်ဆောင် ခဲ့ပါတယ်။ အဲဒီကာလအတွင်း ရေးသားခဲ့တဲ့ စာပေတွေမှာတော့ အများစုက နိုင်ငံတော်ပန်းတိုင်၊ ပြည်ထောင်စုပန်းတိုင်၊ ပြည်တော်သာပန်းတိုင် ဆိုတဲ့ စာတွေနဲ့ ပြဇာတ်တွေ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ စာတွေကိုလည်း စတင်ရေးသားလာပါတယ်။ တချို့စာအုပ်တွေကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ထုတ်ဝေခဲ့ပါတယ်။
          တော်လှန်ရေးကောင်စီခေတ် အကျဉ်းကျစဉ်မှာတော့ ‘ကာမတဏှာ’လို့ အမည်ပေးထားတဲ့ ဘာသာရေးအခြေခံ ဝတ္ထုကို ရေးသားခဲ့ပါတယ်။ ဘာသာရေးသက်သက်ဆိုရင် စာဖတ်သူတွေ ငြီးငွေ့မှာစိုးလို့ ဝတ္ထုဟန်နဲ့ ပုံပြောသလို ရေးသားထားတာ ဖြစ်ပါတယ်။ ဒီစာအုပ် ရေးသားတဲ့အချိန်ဟာ နှစ်နဲ့ချီပြီး ဖမ်းဆီး ထိန်းသိမ်းခံရတဲ့အချိန်ဖြစ်ပါတယ်။ ရက်ပေါင်း ၁၆၉၉ ရက်တိတိ အကျဉ်းချခံခဲ့ရတယ်လို့ သိရပါတယ်။
          ဦးနုရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ ‘တာတေစနေသား’ စာအုပ်ကတော့ သူ့ဘဝ ဖြတ်သန်းမှု အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို ပြည်တွင်းမှာ ထုတ်ဝေခွင့် မရပေမယ့် အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် ဧရာဝတီစာပေတိုက်က ၁၉၉၈ ခုနှစ် စက်တင်ဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ စာမျက်နှာ ၃၂ဝ ကျော် ပါဝင်ပြီး အခန်းပေါင်း ၃၃ ခန်း ခွဲထားပါတယ်။
ဒီစာအုပ်မှာ ဦးနုက ငယ်ဘဝ အချိန်ကာလတွေကနေ ၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းလိုက်တဲ့ အချိန်ကာလအထိ ရေးသားထားပါတယ်။ အခန်းလိုက်ခွဲပြီး ရေးသားတဲ့အခါ ကိုယ်တိုင်ပြောပြနေတဲ့သဘော မဟုတ်ဘဲ တခြားသူတစ်ဦးက မြင်နေရတဲ့သဘောမျိုး ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တော်ရုံလူ ဖွင့်မပြောရဲတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကိုတောင် ထည့်သွင်းရေးသားထားပါတယ်။
          စာအုပ်ရဲ့ နိဒါန်းမှာ ဦးနုက သူ့ရဲ့ သားသမီးတွေကို အမည်တပ်ဖော်ပြပြီး
          “တာတေစနေသား ခေါ် မင်းတို့ရဲ့ ဖေဖေ ဦးနုဟာ အော့ကြောလန်မျိုး၊ လူဆိုးလူပွေ တာတေဘဝမှ လူကောင်းဘဝသို့ ရောက်လာအောင် အပြင်းအထန်ကြိုးစားခဲ့ရသူတစ်ယောက်ဖြစ်တယ်။ မင်းတို့ရဲ့ဖေဖေ ဦးနုဟာ မကောင်းတာတွေကိုလည်း လုပ်ခဲ့တယ်၊ ကောင်းတာတွေလည်း လုပ်ခဲ့တယ်။ မင်းတို့ဟာ မင်းတို့ဖေဖေ လုပ်ခဲ့တဲ့ မကောင်းတာတွေကို အထူးရှောင်ပြီး ကောင်းတာတွေကို ကြိုးစားလုပ်ကိုင်ကြမယ်ဆိုရင် ဒီစာအုပ်ကို ရေးရတာ ရေးရကျိုးနပ်ပြီ။” လို့ ရေးသားထားပါတယ်။
          ဒီစာအုပ်ဟာ နိုင်ငံရေးသမား၊ စာရေးဆရာကြီးတစ်ယောက်က သူ့အတ္ထုပ္ပတ္တိကို ပွင့်ပွင့်လင်းလင်း ရေးသားထားတာဖြစ်တဲ့အတွက် သမိုင်းကို လေ့လာသူတွေ၊ အတ္ထုပ္ပတ္တိကို လေ့လာသူတွေအတွက် မလွတ်တမ်း ဖတ်ရှုသင့်တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီလိုစာအုပ်မျိုး မြန်မာပြည်မှာ ထုတ်ဝေနိုင်မယ်၊ တခြားသော စာမူတွေကိုလည်း စုစည်းပုံနှိပ် ထုတ်ဝေနိုင်မယ် ဆိုရင်တော့ ဦးနုနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ကြမှာဖြစ်ပါတယ်။    ။
ထိန်လင်း (၁၃၊ ၁ဝ၊ ၂ဝဝ၉) –     ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts