Uncategorized

မင်းကောင်းချစ် (မန္တလေး) – ဖန်လုံအိမ်အကျဉ်းစံရဲ့ သွေးပြန်ကြောမွှာ မြစ်ဧရာ

ဖန်လုံအိမ်အကျဉ်းစံရဲ့ သွေးပြန်ကြောမွှာ မြစ်ဧရာ
မင်းကောင်းချစ် (မန္တလေး)
အောက်တိုဘာ ၂၁၊ ၂၀၁၃


သက်ရှိသတ္တ၀ါတွေထဲမှာ လူသားဟာအသိဥာဏ်အမြင့်ဆုံးလို့ သူတို့ကိုယ်တိုင်ဘဲသတ်မှတ်ကြတယ်။ သူတို့ရဲ့ကြီးမားတဲ့အသိ ဥာဏ်ကို အသုံးချပြီး ပိုကောင်းတဲ့၊ ပိုလို့သက်တောင့်သက်သာရှိမဲ့ ဘ၀တွေကိုရဖို့ ကျိုးစားကြရင်း သူတို့မှီတင်းနေထိုင်နေရတဲ့ တစ်ခုတည်း သော မိခင်မာတာကမ္ဘာဂြိုလ်ပြာကြီးကို နက်ရှိုင်းစွာ ထိခိုက်ဒါဏ်ရာရစေခဲ့ကြတယ်။
အစားထိုးစရာ မရှိတဲ့ ကမ္ဘာကြီးရဲ့ မြေဆီမြေနှစ်အသွေးအသားတွေကိုဖောက်ထုတ်ယူငင်စားသောက်ကြရာမှာ လူသားတွေရဲ့ အမျှော်အမြင်မဲ့စွာ ဆင်ခြင်တုံတရားကင်းမဲ့စွာ၊လောဘတကြီးရယူသုံးစွဲမှုတိုင်းမှာ ဘေးထွက် ဆိုးကျိုးတွေရှိတယ်။
ဒီကမ္ဘာကြီးဟာ နှိပ်စက်ကလူပြုတတ်တဲ့ သားဆိုးသ္မီးဆိုးတွေကြောင့်စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး နာတာရှည်ရောဂါစွဲကပ်နေတဲ့မိခင်အို  ကြီးနဲ့တူလှတယ်။
တကယ်တော့နေစင်္ကြာဝဠာ မိသားစုဝင်ဖြစ်တဲ့ ဒီကမ္ဘာကြီးဟာမိမိဝင်ရိုးပေါ်မှာ ၂၃.၄ ဒီဂရီစောင်းပြီး လည်ပတ်နေယုံမက နေကိုပါ ပုံမှန်လှည့်ပတ်နေမှုကြောင့် နေ့နဲ့ည ရက်လနှစ်နဲ့ ရာသီဥတုပြောင်းလဲမှုစတာတွေဟာ ပုံမှန်ဖြစ်ပေါ်နေခဲ့တယ်။ အဲဒီလိုပုံမှန်အတိုင်းဖြစ်ပျက် တည်ရှိနေတာကို “ မျှခြေ” မှာရှိနေတယ်လို့ပြောနိုင်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိသက်မဲ့အရာတွေအားလုံး ရှင်သန်ပေါက်ပွားအသက်ဆက်နိုင်အောင် သဘာဝတရားမျှခြေမှာ ရှိနေနိုင်ဘို့ ကမ္ဘာကြီးရဲ့လေထု၊ ရေထု၊မြေထုတွေထဲမှာ ကာဗွန်သံသရာ(Carbon cycle)၊ နိုက်ထရိုဂျင်သံသရာ (Nitrogen Cycle) နဲ့ ရေသံသရာ (Water/Hydrologic Cycle) စတာတွေကထိန်းညှိပေးထားတာဖြစ်တယ်။
အဲဒါတွေအပြင် ဂေဟစနစ်(Ecosystem) အတွင်းမှာ အဟာရစက်ဝန်း (Nutrient Cycle/Ecological recycling) နဲ့ အစာကွင်း ဆက် (Food chain) တွေဟာသတ္တ၀ါ၊ အပင်နဲ့ မိုက်ခရိုဇီဝစတဲ့  ရှင်သန်နေသောအရာများ (Living organism) နဲ့ သူတို့နေထိုင် မှီတင်းရာသ ဘာဝပတ်ဝန်းကျင်(Environment) အကြား “ မျှခြေ ” မှာရှိနေဖို့ထောက်ကူထိန်းညှိပေးထားတယ်။
အဲဒီလိုရှိနေတဲ့ သဘာဝတရားမျှခြေတွေ တဖြေးဖြေးခြင်း လျော့ပါးပျောက်ဆုံးစေမဲ့ အကြောင်းတရားတွေဟာ လူသားတွေရဲ့ ပ ယောဂနဲ့ ဖြစ်ပျက်လာခဲ့တယ်။
ခရာဇ်သက္ကရာဇ် ၁၇၆၀ ၀န်းကျင်လောက်ကစတင်ခဲ့တဲ့စက်မှုတော်လှန်ရေး (Industrial Revolution) ခေတ်ကနေ ဒီကနေ့ မျက်မှောက် ခေတ်ထိအောင် လူသားတွေရဲ့ပရောဂနဲ့ ထွက်ရှိခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ တိုးပွားလာမှုဟာ ကာဗွန်သံသရာရဲ့ မျှ      ခြေကို ပျောက်ဆုံးစေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်း (Global Worming) ဆိုတဲ့ ရောဂါဆိုးကြီး ကမ္ဘာမှာစွဲကပ် လာခဲ့တယ်။
သုတေသနစာတမ်းတွေရဲ့အရ လူသားတွေရဲ့ ပရောဂနဲ့ထွက်လာတဲ့ ကာဗွန်ထုတ်လုပ်မှုဟာ နှစ်စဉ် ၉ ဂစ်ဂါတန် (Gigatons) ရှိပြီး အဲဒီအထဲမှာ ၄၉% ဟာ စက်မှုလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေက ထုတ်လွှတ်လိုက်တာဖြစ်တယ်။
ကမ္ဘာကြီးရဲ့ အပူချိန်မြင်တက်လာမှုဟာ ၂၀ ရာစုနှစ်အတွင်း ပျမ်းမျှအပူချိန် ၀.၆ ဒီဂရီစင်တီဂရိတ် (၁.၁ ဒီဂရီဖာရင်ဟိုက်) ထိရှိခဲ့ တယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် သက္ကရာဇ် ၂၁၀၀ ခုနှစ်မှာ ကမ္ဘာကြီးရဲ့ လက်ရှိအပူချိန်ထက် နောက်ထပ် ၅ ဒီဂရီစင်တီဂရိတ် တက် သွားနိုင်တယ်လို့ ပညာရှင်တွေကဟောကိန်းထုတ်ထားတယ်။
ကမ္ဘာကြီးပူနွေးလာရတဲ့အကြောင်းအရင်းက လေထုထဲမှာရှိနေတဲ့ ဖန်လုံအိပ်ဓါတ်ငွေ့ (Greenhouse Gases) တွေလို့ခေါ်တဲ့ ရေခိုးရေငွေ့များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် (Co2)၊ မီသိန်း၊ အိုဇုန်း အစရှိတဲ့ ဓါတ်ငွေတွေ တိုးပွားလာတာကြောင့်ဖြစ်တယ်။ အဲဒီ ဓါတ်ငွေ့တွေအနက် ရေနံမှထွက်ရှိတဲ့လောင်စာဆီများ လောင်ကျွမ်းစေရာက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေက အဓိကအခန်းမှာပါဝင်တယ်။
နေရောင်ခြည်တွေ ကမ္ဘာပေါ်ကျရောက်လာတဲ့အခါမှာ အချို့ဟာ မြေကြီးထဲစုပ်ဝင်သွားပြီး ကမ္ဘာမြေကိုပူနွေးသွားစေတယ်။ ဒါပေမဲ့ အများစုကတော့ မြေပြင်ကို ထိတွေ့ပြီးတဲ့နောက် လေထုထဲကို နေအလင်းထက် လှိုင်းအလျားပိုရှည်တဲ့ ရောင်ခြည်တွေအဖြစ် ပြန် လည်ရိုက်ခတ်သွားကြတယ်။ အဲဒီရောင်ခြည်တွေဟာ အာကာသထဲလွင့်ပါးပျောက်မသွားခင် ကမ္ဘာလေထုထဲက ဖန်လုံအိမ်ဓါတ်ငွေ့တွေရဲ့ စုပ်ယူခြင်းကိုခံလိုက်ကြရတယ်။
ဖန်လုံအိမ်ဓါတ်ငွေ့တွေဟာ ကြေးမုံပြင်ပမာ သူတို့စုပ်ယူထားတဲ့ နေရောင်ခြည်အပူစွမ်းအင်တွေကို ကမ္ဘာမြေပြင်ဆီ ပြန်လည် ထုတ်လွှတ် ပူနွေးစေခြင်းကိုဘဲ ဖန်လုံအိမ်အာနိသင် (Greenhouse Effect) လို့ခေါ်ကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပူနွေးခြင်း (Global Worming) ရဲ့ဆိုးကျိုးတွေကတော့ ရေခံတောင်တွေ အရည်ပျော်လာခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်း၊ ရေလွှမ်းမိုးခြင်း၊ ရာသီဥတုများပြောင်းလဲလာခြင်း၊ မိုးခေါင်ခြင်း၊ သီးနှံများပျက်စီးခြင်း၊ မုန်တိုင်းနှင့်လေဆင် နှာမောင်းများ ပိုမိုတိုက်ခပ်လာခြင်း၊ အက်ဆစ်မိုး(Acid rain) ရွာလာနိုင်ခြင်းစတာတွေဖြစ်တယ်။
ဒါကြောင့်ကမ္ဘာကြီးဟာ လူသားတွေရဲ့ ပရောဂကြောင့်ဖြစ်လာတဲ့ အဲဒီဆိုးကျိုးတွေရဲ့ ဒါဏ်ကို မချိမဆန့်ခံစားနေရတဲ့ နာတာရှည် ရောဂါသည် ဒါမှမဟုတ် ဖန်လုံအိမ်အကျဉ်းစံလို့ဆိုရင် ဘယ်သူမှငြင်းဆန်ကြမယ်မဟုတ်ဘူး။
လူသားတွေဟာ ကိုယ့်တိုင်းပြည်တိုးတက်အောင် အပူတပြင်းလုပ်ဆောင်ကြရင်း လေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု စတဲ့သ ဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကိုမေ့လျှော့ထားတတ်ကြတယ်။
သစ်တောတွေအလွန်အကျွံခုတ်၊ သယံဇာတတွေပရမ်းပတာထုတ်၊ သားငါးပုဇွန်တွေ စည်းမဲ့ကမ်းမဲ့ လောဘတကြီးဖမ်း၊ စနစ်တ ကျလေ့လာမှုတွေမပြုဘဲ ရေအားလျှပ်စစ်ဓါတ်တွေထုတ်ဖို့ မြစ်ချောင်းတွေပိတ်ဆို့ပြီး တာတမံကြီးတွေဆောက်ရင်း ဂေဟစနစ် (Ecosystem) ကိုဖျက်ဆီးပစ်ကြသလို ရေသံသရာ (Water Cycle) ရဲ့မျှခြေကို ပိုလို့ပျက်စီးအောင်ဖျက်ပစ်နေကြတယ်။
မျက်မှောက်ခေတ်လူသားတွေရဲ့ ဘ၀မှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင်တွေအနက်က လျှပ်စစ်စွမ်းအင်ကိုထုတ်ကြတဲ့အခါ အစိမ်း ရောင်စွမ်းအား(Green Energy) လို့ခေါ်တဲ့လေအား(Wind Power)၊ နေရောင်ခြည်အား(Solar power)၊ ရေအား(Hydro power) နျူကလီးယားအား (Nuclear power) စသည်ဖြင့်ရှိတဲ့အထဲက ရေအားနဲ့လျှပ်စစ်ဓါတ်ထုတ်လုပ်ခြင်းဟာ ဂေဟစနစ်နဲ့ ရေသံသရာရဲ့ မျှခြေကို အဖျက်ဆီးနိုင်ဆုံးဘဲ၊ ဂေဟစနစ်ပျက်တာနဲ့ အဲဒီစနစ်ထဲမှာရှိတဲ့ ရေသတ္တ၀ါ၊ ကုန်းသတ္တ၀ါနဲ့ သစ်ပင်မျိုးစိတ်တွေ ပျက်စီး မျိုးသုန်းမဲ့အန္တရယ် ရှိတယ်။ ထင်ရှားတဲ့ဥပမာတခုကတော့ တရုပ်ပြည် ယန်စီမြစ်ပေါ်ဆောက်ခဲ့တဲ့ The Three Gorges Dam ဆိုတဲ့ဆည်ကြီးကြောင့် ယန်စီ လင်းပိုင်နဲ့ငါးမျိုးစိတ်အချို့ မျိုးသုန်းပျောက်ကွယ်သွားပြီလို့ပြောကြတယ်။
တကယ်တော့ မြစ်ချောင်းတွေဟာ ကမ္ဘာကြီးရဲ့ ရေသံသရာလည်ပတ်မှုအတွက် အလွန်အရေးပါတဲ့အရာတွေဖြစ်တယ်။ သူတို့ ဟာရေနဲ့အဟာရဓါတ်တွေကိုသယ်ဆောင်ပေးတယ်။ မြေသြဇာကောင်းတဲ့နှုန်းမြေတွေပို့ချပေးသလို ဆောက်လုပ်ရေးအတွက် မရှိမဖြစ်တဲ့ သဲနဲ့ကျောက်စရစ်တွေထုတ်ပေးနိုင်တယ်။ မြစ်ချောင်းတွေဟာ ကမ္ဘာမြေပြင်ကိုဆေးကျောသန့်စင်ပေးနိုင်သလို လူအပါအ၀င် သတ္တ၀ါမျိုးစုံဟာ မြစ်ရေချောင်းရေကိုမှီပြီးရှင်သန်ကြရတယ်။ လယ်ယာစိုက်ပျိုးရေး၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဟာ မြစ်ချောင်းတွေရဲ့ကျေးဇူးနဲ့ ဖွံ့ဖြိုး တိုးတက်ကြတယ်။ တင်စားပြောရမယ်ဆိုရင် မြစ်ချောင်းတွေဟာ ကမ္ဘာကြီးရဲ့ သွေးကြော၊သွေးမျှင်များနဲ့တူတယ်။
မြန်မာနိုင်ငံမှာရှိတဲ့မြစ်တွေထဲမှာတော့ မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားပြီး ဧရာဝတီမြစ်ကြီးဟာ အရှည်လျားဆုံးနဲ့ အထင်ရှားဆုံး ဘဲ။ မြန်မာပြည်မြောက်ဖျားရေခဲတောင်တွေကစတင်ပြီး နိုင်ငံတခုထဲကိုအလျားလိုက်ဖြတ်ပြီး ဘင်္ဂလားပင်လယ်ထဲ စီးဆင်းသွားတာမို့ မြန်မာ နိုင်ငံရဲ့သွေးကြောမကြီးလို့လဲ တင်စားနိုင်တယ်။
ဧရာဝတီကိုမှီပြီး ဧရာဝတီမြစ်ရိုးတလျှောက်မှာ ကြီးကျယ်ခမ်းနားတဲ့ မြို့ပြနိုင်ငံကြီးတွေ၊ ယဉ်ကျေးမှုမြင့်မားတဲ့ လူ့အဖွဲ့အစည်း တွေ ထွန်းကားခဲ့လို့လဲ တေးရေးအဆိုတော့ ထူးအိမ်သင်က ရာဇ၀င်များရဲ့သတို့သ္မီးလို့တင်စားခဲ့တယ်မဟုတ်လား။ မြေသြဇာအလွန်ကောင်း တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ အာရှရဲ့စပါးကျီ လို့တင်စားခဲ့ကြဘူးတယ်။ သောက်သုံးရေ၊လယ်ယာစိုက်ပျိုးရေး၊ ကုန်စည်ကူးသန်းရောင်း ၀ယ်ရေး၊သယ်ယူပို့ဆောင်ရေး၊ ငါးပုဇွန်စတဲ့ရေထွက်ပစ္စည်း အစားအစာစတဲ့မြောက်များစွာသော အကျိုးတရားတွေ ဧရာဝတီမြစ်ကြီးဆီကရ နေတာဖြစ်တယ်။ ဧရာဝတီရဲ့ဂေဟစနစ်နဲ့ အစာကွင်းဆက်တွေထဲမှာ လူသားတွေအပါအ၀င် ကုန်းနေ၊ရေနေသတ္တ၀ါမျိုးစုံနဲ့ ရှားပါးသစ်ပင်မျိုး စိတ်များစွာမှီတွယ်နေထိုင်နေကြရတာဖြစ်တယ်။
အေဒီ (၂)ရာစုကနေ(၁၁)ရာစုအတွင်း တကောင်း၊ဟန်လင်း၊ဗိဿနိုး၊သရေခေတ္တရာ၊ပုဂံစတဲ့ ယဉ်ကျေးမှုမြင့်မားသော ပျူမြို့ပြနိုင် ငံများစွာဟာ ဧရာဝတီမြစ်ရိုးတလျှောက်မှာ ခမ်းနားထယ်ဝါစွာပေါ်ထွန်းခဲ့လို့လဲ မြန်မာနိုင်ငံရဲ့သမိုင်းဟာ ဧရာဝတီရဲ့ ၀မ်းကြာတိုက်က မွေးဖွား လာတာလို့ ပြောရင်မှားမယ်မထင်ဘူး။
တို့တိုင်းပြည်ရဲ့မိခင်နဲ့လဲတူ အသက်သွေးကြောမကြီးနဲ့လဲတူတဲ့ ဧရာဝတီရဲ့ ဂေဟစနစ်မျှခြေနဲ့ ရေသံသရာမျှခြေကို မွှေနှောက် ချေဖျက်မဲ့ စီမံကိန်းတခုဟာ ၂၀၁၅ ခုနှစ်မှာ ပြန်စတင်ဖို့တာစူနေတယ်။ အယင်မြန်မာအစိုးရနဲ့ တရုပ်အစိုးရပိုင် ကုမ္ပဏီ China Power Investment Corporation (CPI) တို့ဟာ ၂၀၀၇ ခုနှစ်မေလမှာ ရေအားလျှပ်စစ်ဓါတ်ထုတ်ဖို့ ဧရာဝတီဖျားနဲ့ မြစ်ဆုံမှာဆည်ကြီး (၇) ခုတည် ဆောက်ဖို့ သဘောတူညီချက်လက်မှတ်ထိုးခဲ့ကြတယ်။ ဒါပေမဲ့ ပြည်သူတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်ဆန္ဒပြမှု တွေကြောင့် မြန်မာအစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာ(၃၀) ရက်နေ့မှာမြစ်ဆုံဆည်စီမံကိန်းကြီးကို လာမဲ့ ၂၀၁၅ ခုနှစ်ထိ ရပ်ဆိုင်းထားဖို့ သဘောတူခဲ့ ရတယ်။ ဒါပေမဲ့ ဒီစီမံကိန်းဟာ လုံးလုံးရပ်ဆိုင်းလိုက်တာမဟုတ်လို့ပြန်လည်အသက်ဝင်လာနိုင်ခြေရှိတယ်။
ပညာရှင်သုတေသီများစွာက ဒီမြစ်ဆုံဆည်စီမံကိန်းရဲ့ ဆိုးကျိုးတွေကို ရှေ့ကရေးသားတင်ပြပြီးသွားပြီဖြစ်လို့ ဒီဆောင်းပါးမှာ အ သေးစိတ် မပြောလိုပေမဲ့ အဓိကဆိုးကျိုးတွေကိုတော့ အနှစ်ချုပ်ပြချင်တယ်။
(၁) ဆည်ရေဖုံးသွားမဲ့ ၂၉၅.၈စတုရန်းမိုင်အကျယ်ဧရိယာထဲက ရွာပေါင်း(၄၇) ရွာနဲ့ ကချင်ပြည်သူတစ်သောင်းကျော်ဟာအခြေပျက်၊နေရာ ပျောက်သွားမယ်။
(၂) ကချင်လူမျိုးတွေရဲ့ အစားထိုးမရနိုင်တဲ့ သမိုင်းအစဉ်အလာ၊တန်ဘိုး၊အမွေအနှစ်နဲ့ နေရာဋ္ဌာနတွေပျောက်ဆုံးသွားမယ်။
(၃) ဧရာဝတီရဲ့ဂေဟစနစ်မျှခြေပျောက်ဆုံးမှုကြောင့်
(က) ဧရာဝတီလင်းပိုင်အပါအ၀င် ရှားပါးငါးမျိုးစိတ်တွေ မျိုးသုန်းသွားမယ်။
(ခ) ရှားပါးသစ်ပင်မျိုးစိတ်တွေ မျိုးသုန်းသွားမယ်။
(ဂ) ဧရာဝတီကိုမှီခိုရပ်တည်နေရတဲ့ လူအားလုံးရဲ့အသက်မွေးဝမ်းကြောင်းမှုဘ၀တွေ ကပြောင်းကပြန်ဖြစ်မယ်။ ငါးပုဇွန်နဲ့   ရေထွက် ပစ္စည်းတွေရှားပါးကုန်မယ်။
(၄) ဧရာဝတီရဲ့ ရေစီးလေလာပြောင်းလဲမှုကြောင့် ပင်လယ်ရေတွေ မြစ်ဝကျွန်းပေါ်ထိတက်လာပြီး ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို ဖျက်ဆီး နိုင်တယ်။
(၅) ရေသံသရာမျှခြေပျောက်ဆုံးမှုနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတုဆိုးဝါးစွာ ပြောင်းနိုင်တယ်။
(၆) မြစ်ဆုံဆည်ဟာ ငလျှင်ကျောပေါ်မှာရှိလို့ ဆည်ပြိုခဲ့ရင်အောက်မှာရှိတဲ့ မြစ်ကြီးနားမြို့ကြီးနဲ့ ရွာတွေ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ရေ အောက်နစ်မြုပ်သွားနိုင်တယ်။
(၇) ထိမ်းချုပ်ထားတဲ့ဆည်ရေကြောင့် နွေရာသီရေနဲချိန်မှာ ဧရာဝတီမြစ်တွင်းရေကြောင့် သွားလာမှုထိခိုက်ပြီး ကုန်စည်စီးဆင်းမှုနဲ့    သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်လိမ့်မယ်။ မိုးတွင်းရေကြီးချိန်မှာ မြစ်ကြောင်းပြောင်းနိုင်တယ်။ ရေလွှမ်းနိုင်တယ်။
(၈) သဘာဝရေစီးကိုထိမ်းချုပ်လိုက်တာမို့ မြေသြဇာကောင်းတဲ့ နှုန်းမြေပို့ချမှုတွေ နည်းပါးပြီး ဧရာဝတီမြစ်ရိုးတလျှောက် စိုက်ပျိုးရေးလုပ် ငန်း တွေထိခိုက်လိမ့်မယ်။

ဒါတွေကြောင့်မြန်မာအစိုးရ၊ တရုပ်အစိုးရနဲ့ အေးရှားဝေါ်လ် ကုမ္ပဏီ ကိုမေတ္တာရပ်ခံခြင်ပါတယ်။ လျှပ်စစ်ဓါတ်ထုတ်ဖို့အတွက် လေအား၊ နေရောင်ခြည်အားတွေသုံးပြီး ရှာတဲ့နည်းလမ်းသုံးစေခြင်ပါတယ်။ ဧရာဝတီကိုတော့ မြစ်ကောကြီးဖြစ်အောင်မလုပ်ပါနဲ့ တနိုင်ငံလုံး ရဲ့ အဓိကမဏ္ဍိုင် သွေးကြောမကြီးကို ပိတ်ဆို့ပြီး မြန်မာပြည်ကို နှလုံးရောဂါရအောင် မလုပ်ကြဖို့ မေတ္တာရပ်ခံရင်း ဒီဆောင်းပါးကို နိဂုံးသပ်ပါ တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts