News

Communist Party of Burma

ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်တွင်းပြန်ဝင်ရန် ယူဂျီဟောင်းများ လိုလား
မိုးမခအထောက်တော် အမှတ် ဝဝ၁
အောက်တိုဘာ ၂၁၊ ၂ဝ၁၃

တရုတ်ပြည်တွင် ရောက်ရှိနေသာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ပြီး နိုင်ငံရေး ဆက်လုပ်သင့်ကြောင်း ယူဂျီဟောင်းများက တိုက်တွန်းလိုက်ကြသည်။

ဗကပ အတွက် မြေအောက်လှုပ်ရှားမှု (ယူဂျီ) တွင် အလုပ်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ ကိုထွန်းဝင်းငြိမ်းက “တကယ့်ပါတီစုံစနစ်ကိုသွားရင် ကွန်မြူနစ်ပါတီကလည်း မြေပေါ်မှာ ရပ်တည်ခွင့်ရှိရမှာဖြစ်ပါတယ်” ဟု အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်သည့်
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ခြင်း တစ်နှစ်ပြည့်  အမှတ်တရ စာအုပ် မိတ်ဆက်ပွဲတွင် ပြောဆိုလိုက်သည်။

အစဉ်အလာရှိသည့် ဗကပသည် တိုင်းပြည်တွင်ရှိဖို့ လိုအပ်ပြီး၊ ယနေ့  နိုင်ငံရေးဖြစ်စဉ်တွင် တန်းတူ ပါဝင်နိုင်ခွင့်ရှိရမည်ဟု  ကိုထွန်းဝင်းငြိမ်းက ဆက်ပြောသည်။

ယူဂျီဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာဇော်မင်းကလည်း ဗကပ မြေပေါ်ပြန်တက်ရန် ဖိတ်ခေါ်လိုက်သည်။

စက်တင်ဘာ ၂၇ ရက်နေ့ထုတ် လူထုပုံရိပ် သတင်းဂျာနယ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ခြင်္သေ့လည်ပြန်ချိန်တန်ပြီလား ခေါင်းစဉ်တပ် ဆောင်းပါးကို  ဒေါက်တာဇော်မင်းက ရေးသားပြီး ထိုသို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

“(ဗကပ သက်တမ်း) နှစ် ၆ဝ အတွင်း ပါဝင်ခဲ့ကြတဲ့ ယူဂျီဟောင်း ထောင်သောင်းတို့ဟာ တစ်ဦးချင်း ပြန့်ကျဲနေပါတယ်။ သူတို့ကလည်း တခြားပါတီတွေ မဝင်ချင်သလို တခြားပါတီတွေကလည်း သူတို့ကို အဝင်မခံချင်ပါဘူး။ … ပါတီ မြေပေါ်တက်လာရင် ဒီလူတွေအားလုံးကို ပြန်စုစည်းနိုင်မယ်။ … ပါတီမြေပေါ်မလာရင် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ စုစည်းရလိမ့်မယ်။ စုလည်း စုစည်းနေတဲ့ ကွန်ရက်တချို့ ပေါ်နေတယ်” ဟု ဒေါက်တာဇော်မင်းက ရေးထားသည်။

ပါတီ မြေပေါ်ပြန်တက်ပါက ရပ်ကျေးမှ ဗဟိုအထိ စည်းရုံးကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းခြင်း၊ တခြားသော သမဂအမျိုးမျိုးကို ဖွဲ့စည်းခြင်းဖြင့် လူထုနှင့်ထိတွေ့ကာ လူထုပါတီကြီး ဖြစ်လာနိုင်သည်ဟု သူက ထောက်ပြသည်။

“ဒါမှသာ မက်စ်ဝါဒ(ဆိုရှယ်လစ်)ဝါဒ မျိုးဆက်ပြုတ်သွားမယ့် အန္တရာယ်ကို ကာကွယ်နိုင်မယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အလုပ်သမား၊ လယ်သမားတွေကို ကာကွယ်မယ့် မိမိရဲ့လမ်းစဉ်ကို ချပြမယ်။ … ရွေးကောက်ပွဲမှာ အမတ် အများစုနိုင်လို့ အစိုးရဖြစ်လျှင် ဒီထက်ပို အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်” ဟု သူက ဆက်လက် အကြံပြုထားသည်။

မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သော ဗကပသည်  လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တော်လှန်ခဲ့သည်။
ပဲခူးရိုးမကဲ့သို့သော နယ်မြေများတွင် အထိနာခဲ့သော ဗကပသည်  တရုတ်မြန်မာနယ်စပ်တွင် ဆက်လက် လှုပ်ရှားခဲ့သည်။ သို့သော်လည်း ၁၉၈၉ ခုနှစ်တွင် လက်အောက်ခံတပ်များဖြစ်သော ဝ နှင့် ကိုးကန့် တိုင်းရင်းသားတပ်များ ပုန်ကန်ခွဲထွက်မှုကြောင့်  ဗကပ၏ လက်နက်ကိုင်တော်လှန်ရေး အဆုံးသတ်သွားသည်။

ဗကပ၏ အင်တာနက်စာမျက်နှာ http://www.cpburma.org တွင် ဖော်ပြထားချက်အရ လက်ရှိ အထွေထွေအတွင်းရေးမှူးမှာ ရဲဘော်ကြင်မောင်ဖြစ်သည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts